နယ်စည်းမခြား ဘဝများ

Thursday, April 10, 2014

အချိန်ကား ၁၉၉၅ ခုနှစ် နွေဦးပိုင်း။ ထိုင်းနိုင်ငံ မဲဆောက်မြို့ တခွင်တွင် တရားမဝင် အလုပ်သမားများအား သဲသဲမဲမဲ လိုက်လံ အဖမ်းအဆီး ကြမ်းနေချိန်။ ထိုစဉ်က တရားမဝင် အလုပ်သမားများအား ယခုကဲ့သို့ တရားဝင် လုပ်ကိုင်ခွင့် လက်မှတ်များ ထုတ်မပေးသေး။ 




မဲဆောက် တခွင်ရှိ သိုးမွေး ဆွယ်တာ စက်ရုံကြီး၊ စက်ရုံငယ်များ အနက်မှ မြို့ပြင် ဘက်တွင် ရှိသော သိုးမွေး စက်ရုံငယ် တခုတွင် အလုပ် လုပ်နေသော ကျနော်လည်း ကျီးလန့်စာစား ဘဝဖြင့် လုပ်ကိုင် စားသောက် နေရချိန် ဖြစ်သည်။ 

ဘယ်အချိန်များ ကျနော်တို့ နေထိုင်ရာ စက်ရုံအနီးရှိ အလုပ်သမား တန်းလျားသို့ ရဲများ၊ အချုပ်ကား များ ရောက်လာ မလဲပေါ့။ ရင်ထဲ ကြိတ်မှိတ်ကာ ဆုတောင်း နေကြရသည်။ 

သို့သော် ဆုတောင်းကား ပြည့်မလာပါ။ ကျနော်တို့ အလုပ်သမားများ အိပ်မောကျနေချိန် နံနက် ၄ နာရီခန့် ...၊ ခြံစည်းရိုး ကာရံထားခြင်း မရှိသော အလုပ်သမား တန်းလျား အပြင်ဘက်တွင် ဆလိုက်မီးကြီးများ၊ ဓာတ်မီးရောင်များ၊ ဆက်သွယ်ရေးစက်ဖြင့် စကားပြောဆိုသံများ စစ်ဖိနပ်သံများဖြင့် ဆူညံပွက်လော ရိုက်နေလေပြီ။ တံခါးခေါက်သံများ၊ တံခါးရိုက်ချိုး ဖျက်ဆီးသံများ၊ အော်ဟစ် ကြိမ်းမောင်း သံများဖြင့် ဆူညံနေသည်။ 

နောက်ဆုံးတော့ နေထိုင်ရာ တန်းလျားရှေ့တွင် အမျိုးသမီး၊ အမျိုးသားများ ကလေးငယ်များပါ မကျန် အားလုံး တန်းစီ၍ ဆောင့်ကြောင့် ထိုင်ခိုင်းထားသည်။ အမျိုးသားများကိုတော့ ဇက်ပိုးပေါ် လက်နှစ်ဘက် ချိတ်ထားခိုင်းပြီး ခေါင်းငုံ့ထားစေသည်။ 

ထိုင်းရဲ စာရင်းကိုင်များက ဖမ်းဆီးရမိသည့် စာရင်းများကို မှတ်တမ်းတင်ကာ အချုပ်ကားကြီးပေါ်သို့ ဆဲဆို ကန်ကြောက်၍ တက်ခိုင်းကြသည်။ 

ဖမ်းဆီးခေါ်ဆောင် သွားသည့်နေရာကား နာမည်ကျော် မဲဆောက် ရဲစခန်း။ အချုပ်ကားများပေါ်မှ ဆင်းခိုင်း ကာ ရဲစခန်းရှေ့တွင် တန်းစီခိုင်းပြီး တဦးချင်းစီကို ဖိနပ်နှင့် ခါးပတ်များ ချွတ်ခိုင်းသည်။ 

ဘေးနားဝန်းကျင် ကို လေ့လာ ကြည့်တော့ ခြင်းကြားကြီးများတွင် ဖိနပ်နှင့် ခါးပတ် အရောင်စုံ၊ ဆိုက်စုံ အပြည့်။ ကိုယ်ကိုယ်တိုင် ချွတ်ပေး လိုက်ရသည့် ဖိနပ်ကို ပြန်ရမည် အထင်နှင့် ရိုရိုသေသေ ချွတ်ကာ ထည့်ပေးလိုက်သည့် ခြင်းကြားကြီးကို အသေအချာ မှတ်သား ထားလိုက်သည်။ 

ရဲစခန်း အတွင်းပိုင်းကိုကား မမြင်ရသေး။ ဖိနပ်နှင့် ခါးပတ်များ ကိစ္စပြီးသော် အချုပ်ခန်းတွင်းသို့ တန်းစီ ဝင်ခိုင်းတော့သည်။ အချုပ်ခန်း အတွင်းပိုင်းအား မြင်ရပါပြီ။ ကိုယ့်မျက်လုံးကို ကိုယ်ကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် အံ့အားသင့်သွားသည်။ 

အချုပ်ခန်း ကျဉ်းကျဉ်းလေးထဲတွင် လူပေါင်း ၂၀၀ ကျော်ကို ငါးပိသိပ်၊ ငါးချဉ်သိပ် ထည့်ထားသည်။ တခြားအမှုဖြင့် ကျနေသည့် အချုပ်သားများကိုတော့ အတွင်းပိုင်းရှိ အချုပ်ခန်း ငယ်လေးများ တွင် ချောင်ချောင် ချိချိ ထည့်ထားသည်။ 

အပြင်ဘက်တွင်တော့ ဘဝတူ တရားမဝင် အလုပ်သမားများအား စိတ်မကောင်းစွာဖြင့် မြင်လိုက်ရသည်။ မည်မျှ ငေးမောသွားမိသည် မသိ။ ဇက်ပိုးပေါ်သို့ လက်ဝါးရိုက်ချက် ပြင်းပြင်း တချက်က ကျရောက်လာသည်။ 

ငေးမောမိနေရာမှ သတိပြန်ဝင်လာကာ ရိုက်သူထံ ဘုဆတ်ဆတ် ပြန်ကြည့်မိသည်။ သကောင့်သားက ဒီလို ပြန်ကြည်ရ ကောင်းလား ဆိုသော သဘောဖြင့် ပါးတချက် ထပ်ရိုက်ပြန်သည်။ ကျနော် မလှုပ် ရဲတော့ဘဲ ငြိမ်နေရ သည်။ 

သူကား မြန်မာတဦးဖြစ်ပြီး တခြားသော ပြစ်မှုတခုဖြင့် ဤအချုပ်ထဲတွင် နှစ်ပေါင်းများစွာ ရောက်နေခဲ့သည့် အချုပ်တန်းစီးပင် ဖြစ်ကြောင်း နောက်မှသိရသည်။ ခံထိုးမည် မစဉ်းစားနှင့် …။ 

သူ့ဘေးနားတွင် သူ့တပည့် ဘော်ဒီဂတ်တွေက အပြည့်။ ခံထိုးမည် ဆိုပါက ထိုနေရာတွင်ပင် အသက် ထွက်သွားနိုင်သည်။ အမျိုးသား တယောက်ချင်းအား အတွင်းအပြင်မကျန် လှန်လှော ရှာဖွေကြသည် (အမျိုးသမီးများ မပါ)။ ဖမ်းဆီး ခံရသည့် အလုပ်သမားများ ဝှက်ယူလာသည့် ငွေများ၊ ဆေးလိပ်များနှင့် တခြား အသုံးအဆောင် ပစ္စည်းများအား အနိုင်ကျင့်ကာ ယူငင်ကြသည်။ 

ဒါတင်မကသေး … တချို့ယောက်ျားလေး များကိုဆိုလျင် လူအများကြားတွင် ကိုယ်တုံးလုံး ခေတ္တချွတ် ထားစေကာ သကောင့်သား တန်းစီးများက ဝိုင်းဟားကြသေးသည်။ 

အမျိုးသမီး များကတော့ ခေါင်းကိုသာ တွင်တွင် ငုံ့နေကြသည်။ ကျနော်တို့ အုပ်စုက လူ ၁၀၀ ကျော် ရှိသည်ဖြစ်၍ ယခင်ရှိသော လူအုပ်နှင့် ပေါင်းလိုက်ပါက ၃၀၀ ကျော် ၄၀၀ နီးပါး ဖြစ်နေလေပြီ။ 

ကျနော်တို့ အုပ်စုဝင်လာသော် ယခင်ရှိပြီးသူများလည်း လှုပ်လှုပ်ရွရွဖြစ်လာကာ ယောက်ျားများက မတ်တပ်ရပ်ကာ ဘေးထွက်ပေး၍ မိန်းမများနှင့် ကလေးငယ်များကို ဦးစားပေးကာ နေရာ ထိုင်ခင်း 
ပေးကြသည်။ 

ကျန်ရှိသည့် အမျိုးသားများကတော့ မတ်တပ်ရပ်လျက် အချုပ်ခန်း သံတိုင်များကို မှီကာ ဆိုးရွားလှသည့် အနံ့အသက် မျိုးစုံကြား တညလုံး ပင်ပင်ပန်းပန်း နေကြရသည်။ 

နံနက်မိုးလင်းသော် ကျနော်တို့ အချုပ်သားများအား ကန်စွန်းရွက် ရေလုံပြုတ်ဖြင့် အဆာပြေကျွေးသည်။ အဖမ်းဆီးခံရသူ အလွန်များပြားသဖြင့် ကျနော်တို့ လူ ၄၀၀ နီးပါး အုပ်စုအား ထိုမနက်တွင်ပင် တရားရုံး တင်၍ မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ရန်စီစဉ်နေကြောင်း ကရင်စကားပြန် တဦးထံမှ ကြားသိရသည်။ 

သူပြောသည့် အတိုင်းပင် နံနက် ၉ နာရီထိုးသော် တရားရုံးသို့သွားရန် ရဲစခန်းအပြင်ရှိ အချုပ်ကားပေါ်သို့ တန်းစီတက်ကြရသည်။ ရဲစခန်း အရှေ့ ကွင်းပြင်တွင်တော့ အချုပ်ခန်းထဲသို့ ဝင်ရန် စိုက်ပျိုးရေး လုပ်ငန်း များ မှ ဖမ်းဆီးလာဟန်တူသော တရားမဝင် အလုပ်သမား ၂၀၀ နီးပါးအား တွေ့မြင်လိုက်ရသည်။ 

ဘဝတူတွေမို့ မြင်ရသည်မှာ စိတ်ထဲတွင် မကောင်းလှ။ တရားရုံးတွင် စကားပြန် အကူအညီဖြင့် တရားသူကြီး ချမှတ်သော အမိန့်များအား နာခံကြရသည်။ 

ထို့နောက် ကျနော်တို့ လူအုပ်ကြီးအား တရားရုံး အချုပ်ခန်းကြီးတွင် ၂ နာရီခန့် ခေတ္တထားသည်။ ပြီးသော် ရဲအချုပ်ကားများ မဟုတ်တော့ဘဲ အချုပ်ကားသဖွယ် ပြုပြင်ထားသည့် ကုန်တင်ယာဉ် ဟီးနီုးခြောက်ဘီး ကားကြီးနှစ်စီးပေါ်သို့ ကျွဲနွားများသဖွယ် ထိုင်းရဲများက မောင်းတင်ကြသည်။ 

ကားပေါ်တွင် အသက်ကို မနည်းလုရှုရသည်။ ထို့နောက် ထိုင်း-မြန်မာ နယ်စပ် မြန်မာနိုင်ငံ ဘက်ခြမ်း ရှိ မြဝတီ၊ ရွှေကုက္ကိုရွာသို့ စက်လှေကြီးများဖြင့် တင်ပို့ကြသည် (ယခုအခါ အများအားဖြင့် မြဝတီတံတား၊ DKBA ဂိတ်များ ဝန်းကျင် အနီးတွင်သာ သွန်ချသွား တတ်သည်)။ 

တချို့ မြန်မာ စကားတတ်သော ထိုင်းရဲများကလည်း “ဒါ မင်းတို့နိုင်ငံ မဟုတ်ဘူးကွ … ဒါ ငါတို့နိုင်ငံ” ဟူ၍ မြန်မာလိုပင် ပီပီ သသ ဆဲဆို အော်ဟစ်ကာ သူတို့အချင်းချင်း ပြောဆို ရယ်မောနေ ကြသည်။ ခံရသူတွေကတော့ဖြင့် … ။ 

ရွှေကုက္ကိုရွာ ကမ်းစပ်သို့ ရောက်ကုန်ကြလေပြီ။ အဖမ်းဆီးခံရဖူးသော အတွေ့အကြုံ ရှိသူတွေကတော့ ကမ်းစပ် နားတွင် နားနားနေနေ ခေတ္တအပန်ဖြေကာ မြဝတီဘက်သို့ ခရီးဆက်ကြသည်။ 

အတွေ့အကြုံ မရှိသူများကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ယောင်လည်လည်ဖြင့် ဟိုလူ့နောက် လိုက်ရနိုး၊ ဒီလူ့နောက် လိုက်ရနိုး ဖြစ်နေကြ သည်။ ဒါကိုသိသော အတွေ့အကြုံ ရှိသူများက စာနာစိတ်ဖြင့် အုပ်စုများဖွဲ့၍ လမ်းပြခေါ်ဆောင် သွားကြသည်။ 

လူ ၂၀ ခန့်ရှိသော ကျနော်တို့ အုပ်စုက ရှေ့ဆုံးမှ ဖြစ်သည်။ လမ်းပြခေါ်ဆောင် သွားသူများက တဖွဲ့နှင့် တဖွဲ့ အတန်ငယ် အလှမ်းဝေးဝေး ခွဲကာသွားစေသည်။ မျက်ခြည်တော့ မပြတ်ပါ။ ဖိနပ်များ မပါဘဲ ခြုံတောတိုးလိုက်၊ ဆူးတောနင်းလိုက်၊ ဖုန်ပူပူပေါ်လျှောက်လိုက်နှင့် နောက်ဆုံး မြဝတီမြို့ အဝင်ဝကို 
မောမော ပန်းပန်းနှင့် ဆိုက်ရောက် လာပါတော့သည်။ 

ဖိနပ်မပါဘဲ တောလမ်း လျှောက်ခဲ့သည့် ဒုက္ခဒဏ်ရာကလည်း မသေးလှ။ မြို့အဝင်ဝနား မရောက်မီ မျက်နှာချင်းဆိုင်မှ လာနေသော လူ ၃ ယောက်က “ရပ်” ဟု ဆိုသောကြောင့် ကျနော်တို့အုပ်စု ရပ်ပေးလိုက်ရသည်။ 

ရပ်ဆို၍သာ ရပ်လိုက်ရသည်။ ဘယ်ကလူ ဘယ်အရပ်ကမှန်းလည်း မသိ၊ ယူနီဖောင်း တစုံတရာလည်း ဝတ်မထား၊ ရဲလား၊ စစ်သားလား၊ DKBA လား မခွဲခြားတတ်။ ၎င်းတို့ထဲမှ မျက်နှာ အဆီပြန်ပြန်နှင့် လူက “မင်းတို့ ဟိုဘက်ကမ်းက ပြန်ပို့ခံရတဲ့ ကောင်တွေ မဟုတ်လား” ဟု စမေးသည်။ 

ကျနော်တို့ အုပ်စုထဲမှ အသက် ၃၀ ကျော် အစ်ကိုကြီး တဦးက “ဟုတ်ကဲ့ပါ ဆရာ” ဟု ပြန်ဖြေလိုက်သည်။ ဆရာတဲ့၊ ဘာဆရာလဲတော့ မသိ၊ မြန်မာပြည်တွင် ဆရာတွေက သိပ်ပေါများ လွန်းလှသည်။ 

ထိုပုဂ္ဂိုလ်ကပင် ဆက်၍ “အေး … သူများနိုင်ငံမှာ အောက်ကျ နောက်ကျ သွားလုပ်ချင်တဲ့ ကောင်တွေ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကိုယ့်တိုင်းပြည်ကို မချစ်တတ်ကြဘူး။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်တွေ က အများကြီး ရှိနေတာ။ အထင်ကြီးပြီး သူများနိုင်ငံကို သွားလုပ်ချင်ကြတယ်။ ဒီမှာလည်း အလုပ်တွေ အများကြီး ရှိနေတာပဲ။ တနေ့ ကျပ်သုံးရာပေးမယ် လုပ်ကြမလား” ဟု ဆိုကာ တောတွင်း တနေရာဘက်သို့ လက်ညှိုး ညွှန်ပြသည်။ 

ဘာအလုပ်ကို ဆိုလိုတာလဲတော့ မသိ။ တောရှင်းခိုင်းတာလား မပြောတတ်။ ကျနော်တို့အား ဟောက် 
ကောင်းကောင်းနှင့် ဖိဟောက်ကာ သွားခွင့်ပေးသည်။ 

သည်ပုံစံနှင့်ဆို အနောက်တွင် ကျန်နေသေးသည့် ဘဝတူများလည်း ဟောက်ခံထိပေဦးတော့မည်။ 

မြို့ထဲရောက်ပြီဖြစ်၍ နှုတ်ဆက် လမ်းခွဲကြကာ အလျှိုအလျှို ဟိုလမ်းဝင် ဒီလမ်းထွက်ဖြင့် ပျောက်ကွယ် သွားကြသည်။ ကျနော်နှင့် အလုပ်တူ သူငယ်ချင်း တဦးသာ ငူငူကြီး ရပ်၍ကျန်ခဲ့သည်။ 

မြဝတီကို တခါမှ ရောက်ဖူးသူများ မဟုတ်ကြပါ။ လက်ထဲ၌ ငွေကြေးလည်း တပြားမှမရှိ။ ကံကောင်းချင်
တော့ ကျနော်တို့ အုပ်စုထဲတွင် မြဝတီမြို့ခံ လူပျိုကြီး ဦးလေးတယောက် ပါလာသည်။ 

သူက ကျနော်တို့ ၂ ဦး၏ အခြေအနေကိုကြည့်ကာ သူ့အိမ်တွင် လိုက်တည်းပါရန် ဖိတ်ခေါ်လေသည်။ သို့နှင့် ထိုဦးလေး၏ အိမ် အမည်ခံ တဲပုတ်ကလေးထဲတွင် ၃ ယောက်သား ဦးလေးကြီး၏ မရှိမဲ့၊ ရှိမဲ့ ပိုက်ဆံ ကလေးများနှင့် ချက်ကျွေးသော ထမင်းနှင့် ငါးပိ၊ တို့စရာများကို အားပါး တရစားကာ အနားယူ အိပ်စက်ကြ တော့သည်။ 

ထို ဦးလေးနှင့် သူငယ်ချင်းကတော့ ပင်ပန်းသော ဒဏ်ကြောင့်ထင်သည်၊ တခေါခေါနှင့်ဟောက်ကာ အိပ်ပျော် သွားကြပြီ။ သို့သော် ကျနော်ကတော့ အိပ်မပျော်ပါ … ။ မ

နက်ဖြန် မဲဆောက်သို့ မည်သို့ မည်ပုံ ပြန်လှည့် ရမည်ကိုသာ စဉ်းစားနေမိသည်။ ပြီးတော့ မျက်နှာ အဆီ
ပြန်ပြန်နှင့်လူကြီး ပြောခဲ့သော “သူများနိုင်ငံမှာ အောက်ကျ နောက်ကျ သွားလုပ်ချင်တဲ့ ကောင်တွေ ဒီလိုပဲ ဖြစ်ရမှာပဲ။ ကိုယ့်တိုင်းပြည်ကို မချစ်တတ်ကြဘူး” ဟူသော စကားကိုလည်း အထပ်ထပ် အခါခါ ကြားယောင်နေမိပါသည်။ 


အဉ္စလီ ~ 



အထက်ပါ စာစုဟာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ၂ဝ၁၀ ခုနှစ်က ဖော်ပြခဲ့သော 
အောက်မေ့ဖွယ်ကဏ္ဍက  အဉ္စလီရဲ့  ကိုယ်တွေ့ မှတ်တမ်းစာစုဖြစ်ပါတယ်။



.



 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved