ကိုယ်တိုင်လုပ် ဓနုဟင်းထုပ်

Monday, April 21, 2014

~



 
-
 

 -
“ဇူးလူး”ထမင်းစားပြီးပြီလား”

“ဘယ်စားရဦးမလဲ အန်တီခေါန်ဂျာရဲ့ . . .ဘာကျွေး စရာရှိလို့လဲ”

“ကျွေးစရာရှိတာပေါ့။ အခုတော့ မလုပ်ရသေးဘူး၊ တခါတည်းလုပ် တခါတည်းကျွေးမလို့”

ရုံးပိတ်ရက် အသိမိတ်ဆွေ ကချင်တိုင်းရင်းသူ အန်တီခေါန်ဂျာ၏ နေအိမ်သို့ အလည်ရောက်စဉ်က ဖြစ်သည်။ အန်တီခေါန်ဂျာက တိုင်းရင်းသားရိုးရာဟင်းများအပြင်၊ မြန်မာအစားအစာများလည်း အချက်ကောင်းသူဖြစ်သည်။ သူ့အိမ်သွားရင်တော့ တခုမဟုတ်တခုစားသောက်ရစမြဲ။

ဓနု တိုင်းရင်းသားရိုးရာ ဟင်းထုပ်လေ။ ကိုယ်တိုင်လည်း ဝင်လုပ်ရမယ်၊ စားလည်းစားရမယ်၊ ပျော်စရာကောင်းတယ်ဟဲ့”

အန်တီခေါန်ဂျာက ပြောပြောဆိုဆို ဟင်းထုပ်လုပ်ရန် ပြင်ဆင်ထားသောစားပွဲဆီ ခေါ်သွားသည်။ ငှက်ပျောဖူးများ၊ ကြက်သွန်မြိတ်များ၊ ဆန်အစိမ်းမှုန့်ထုပ်များကို စားပွဲပေါ်တွင် အသင့်ပြင်ဆင်ထားသည်။ ကြက်သွန်ဖြူ ဆီချက်ဝါဝါ တခွက်က ချက်ပြီးသားအသင့်၊ ပြီးတော့ မိုးမျှော်ငရုပ်သီးခြောက်ကြော်တခွက်၊ ဘေးမှာတော့ ဂျူးမြစ်ဖြူဖြူသန်သန်များကို ပန်းကန် ပြားဖြင့် ထည့်ထားသည်။ ငှက်ပျောဖက်များကိုတော့ ရေစင်အောင်ဆေး၊ ပျော့ပြောင်းစေရန် မီးအနည်း ငယ်ကင်ကာ ရေပြန်ဆေးထားသည်။

“အန်တီခေါန်ဂျာက ကချင်ဖြစ်ပြီးတော့ ဘာလို့ ဓနုဟင်းထုပ် လုပ်တတ်နေတာလဲ”

“ငါက တောင်ကြီးမှာ ကြီးတာလေဟယ်။ ဓနု ဟင်းထုပ်က ငါတို့ အမြဲလုပ်စားနေကျ။ ကိုယ်တိုင် လုပ်မစားလည်း တောင်ကြီးဈေးကြီးမှာရောင်းတယ်”

 ဇူးလူး စပ်စုသမျှကို စိတ်ရှည်လက်ရှည်ဖြေရင်း အန်တီခေါန်ဂျာက ငှက်ပျောဖူးများကို အပြင်က အခွံ အရင့်များကို သင်ပြီး ပါးပါးရိပ်ရိပ် စတင်လှီးဖြတ်သည်။

“ငှက်ပျောဖူးကိုလှီးပြီးမှ ရေဆေးတာ ပိုကောင်းတယ်”

အန်တီခေါန်ဂျာက လှီးပြီးရေဆေးပြီးသား ငှက်ပျောဖူးများကို ဇလုံတလုံးတွင်ထည့်ကာ ဆန်အစိမ်း မှုန့်ထုပ်များကို စတင်ထည့်၍နယ်သည်။ ပြီးမှ အရသာမှုန့်ကို လိုသလိုထည့်၊ ရေဖြင့် ခပ်ပြစ်ပြစ် အနေအထား ရသည်အထိ ရောစပ်သည်။ လှီးဖြတ်ထားသော ကြက်သွန်မြိတ်များကိုပါ ရောထည့်လိုက်သောအခါ ဟင်းထုပ် ပြုလုပ်ရန် ပထမအဆင့်ပြီးပြီ။

“နယ်ထားပြီးသားကို အထုပ်မထုပ်ခင် အနည်းဆုံး တနာရီလောက်နှပ်ထားရတယ်။ အဲဒါမှ ဆန်မှုန့်က ပွလာပြီး ပေါင်းတဲ့အခါ နပ်တယ်ဟဲ့။

ဟင်းအနှစ် ၁ နာရီလောက်နှပ်အပြီးမှာ ဟင်းထုပ် စထုပ်ပါပြီ။

ဟင်းထုပ် ထုပ်ရတာက ပျော်စရာကောင်း လှသည်။ ၃၊ ၄ ယောက် ဝိုင်းထုပ်ရင် ပိုပျော်ဖို့ကောင်း၏။

ငှက်ပျောဖက်အရွယ်တော်ကို ကန်တော့ပုံစံချိုးပြီး ဟင်းအနှစ်ကို ထမင်းစားဇွန်း နှစ်ဇွန်းခန့်ခပ်ထည့်၊ ပြီးတော့ ငှက်ပျောဖက်ကို လုံအောင် ပြန်ခေါက်ပိတ်ပြီး တခုစီကို ဆန်ခါတခုခု၊ ဒါမှမဟုတ် ပေါင်းအိုးဆန် ခါထဲတွင် စီထည့်၊ ဆန်ခါတခုအပြည့်စီပြီးသွားသည်နှင့် ရေနွေး ကျိုက်ကျိုက်ဆူနေသည့် အိုးပေါ် တင်ပေါင်း လိုက်ရုံ။ ပေါင်းချိန် ၁၀ မိနစ်ခန့်သာကြာသည်။
စားလို့ ရပြီပေါ့။

“ဒါကတော့ သက်သတ်လွတ်ပေါ့ဟယ်။ ဝက် သားကြိုက်တတ်ရင် ဟင်းထုပ်ထဲကို ဝက်သားနုတ်နုတ် စင်းထည့်၊ ငါးကြိုက်ရင် ငါးအသားအစိမ်းကို လွှာပြီး ပါးပါးလှီးထည့်လို့ရတယ်”

အရသာရှိလှသော ဓနုဟင်းထုပ် ပူပူလေးကိုဖြည်၊ ကြက်သွန်ဖြူဆီချက်ဆမ်းပြီး ဂျူးမြစ်၊ ငရုပ်သီးကြော် တို့ဖြင့် တွဲဖက်စားသောက်နိုင်သည်။ အစပ်ပြေ ဝက်ခေါက်ကြော်လေး ဝါးရင်းပေါ့။ စားလို့မကုန်သည့် ဟင်းထုပ်ကို ရေခဲသေတ္တာထဲထည့်ထားပြီး နောက်တနေ့ကျမှ အေးစက်စက်စားရသည်ကလည်း အရသာတမျိုးဖြစ်သည်။


ဓနုဟင်းထုပ်အတွက် ပါဝင်သည့်ပစ္စည်းများ


(အထုပ် ၁၀ဝ စာအတွက်)

ငှက်ပျောဖူး     - ၅ ဖူး
၅ ကျပ်သားပါ ဆန်အစိမ်းမှုန့်     - ၇ ထုပ်
ဟင်းအရသာမှုန့် - ထမင်းစားဇွန်း ၃ ဇွန်းခန့်

ဆား         - အနည်းငယ်
ရေ         – သင့်သလို ထည့်ရန်
ကြက်သွန်မြိတ်     - ၁၀ ကျပ်သား

တွဲဖက်စားသောက်ရန်


ကြက်သွန်ဖြူဆီချက်
ဂျူးပင်မြစ်
ငရုပ်သီးခြောက်ကြော်
ဝက်ခေါက်ကြော်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved