ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး သတင်း ဦးရဲထွဋ်ရှင်း

Wednesday, May 21, 2014



 ~


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက် ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့ ဦးမောင်အေး ကွယ်လွန်သွားပြီဖြစ်ကြောင်း
သတင်း ထွက်ပေါ်လာမှုအပေါ် လက်ရှိအစိုးရ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က နာရီပိုင်းအတွင်းမှာ ပြန်ဖြေရှင်းသွားတာတွေ့ရပါတယ်။
 



 ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)

ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး ဒီမနက် တပ်မတော်ဆေးရုံမှာ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ - DVB သတင်းဌာန
လူမှုကွန်ယက် Facebook စာမျက်နှာမှာ သတင်းတိုတက်လာပြီးနောက် ဦးရဲထွဋ် က သူ့ရဲ့ Facebook စာမျက်နှာကတဆင့် တနာရီအတွင်း တုန့်ပြန်ဖြေရှင်း သွားတာပါ။

"ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) ကွယ်လွန်ကြောင်း သတင်းများ ထွက်ပေါ် ဆိုတာနဲ့ပတ်သက်ပြီး သတင်းမှန်ကန်မှု မရှိကြောင်း ဖြေရှင်းတင်ပြအပ်ပါတယ်" 

ဒီ ဖြေရှင်းချက်ကိုလည်း DVB  က Facebook မှာ တင်ပြပေးခဲ့ပါတယ်။

ဦးရဲထွဋ်ဟာ   Facebook စာမျက်နှာက တဆင့် လက်ရှိအစိုးရရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မကြာ ခဏ ဖြေရှင်းလေ့ရှိပြီး ဦးမောင်အေး သတင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ဟာ ပုဂ္ဂလိက
အနေနဲ့လား၊ သမ္မတရုံး ဒါမှမဟုတ် ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့လား ဆိုတာတော့ ရှင်းပြထားတာ မတွေ့ရပါဘူး။

 ဖြေရှင်းချက်ဟာ ပြည့်စုံမှန်ကန်မှုရှိမရှိ အတည်မပြုနိုင်သေးပေမယ့် ဦးမောင်အေးဟာ လူအခွင့်အရေးချိုးဖောက်မှုနဲ့နာမည်ကြီးခဲ့တဲ့ နအဖ စစ်အစိုးရလက်ထက်မှာ ၁၉၇၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဒုတိယ
 ဗိုလ်ချုပ်မှူးကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တာပါ။

ဦးမောင်အေး ကျန်းမာရေး ယိုယွင်းနေတဲ့ အတွက် ဘီးတပ် ကုလားထိုင်နဲ့ သွားလာနေရတယ်လို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲမှာ မိသားစုနဲ့နီးစပ်သူတွေကတဆင့်
သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

  ၂၀၁၀ ပြည့်နှစ် မတ်လမှာ  ဦးမောင်အေး တာဝန်ကနေ  အနားယူပါတယ်။

အနားယူပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ လွတ်လပ်စွာ ခရီးသွားရောက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ၂၀၁၂ ခုနှစ် မေလမှာတော့ ရုတ်တရက် လေဖြန်းသွားတဲ့အတွက် စင်ကာပူနိုင်ငံကို သွားရောက် ဆေးကုခဲ့ရပါသေးတယ်။

ဦးမောင်အေးနဲ့အတူ အနားယူသွားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ နေပြည်တော် နေအိမ်မှာပဲ စာဖတ်နေကြောင်း၊ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး သူ စိုးရိမ်တယ်ဆိုတဲ့အကြောင်း  ၂၀၁၃ ခုနှစ်သီတင်းကျွတ်ကာလက သွားရောက်ကန်တော့ခဲ့တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပြောဆိုခဲ့ပါသေးတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးဟာ  ၁၉၅၅ ခုနှစ်က ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ ကာကွယ်ရေး စစ်တက္ကသိုလ် (Defense Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး
ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒေချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊
 နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော် တို့နဲ့ တပတ်စဉ်ထဲ ဆင်းခဲ့သူ ဖြစ်ပါတယ်။

 


ကျော်ခ 

.




 ကျော်ခ ~









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved