ကဲ ပေါင်းကုန်ကြပြီ

Monday, May 5, 2014

အခုတလော မင်္ဂလာသတင်းတွေ ဆက်တိုက်ကြားနေရတော့ မြန်မာ နိုင်ငံသားတွေ လည်း ပျော်ရွှင်နေ မယ်ဆိုတာ ယုံကြည်ပါတယ်။ 


သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း လူမြင်ကွင်းမှာ နည်းနည်း ခပ်ကွာကွာလေး ဖြစ်နေတဲ့ အကြီးဆုံး အတိုက်အခံ ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ နာမည်ကြီးခဲ့ကြတဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဟောပြောပွဲတွေကို အတူပူးတွဲ လုပ်ကြဖို့ ပူးပေါင်းကြတာ ပထမဆုံး မင်္ဂလာသတင်းတခုပါ။ 

ဒါဟာ စစ်အစိုးရ အဆက်ဆက် NLD နဲ့ ၈၈ မပူးပေါင်းရေး စနစ်တကျ ခွဲခြား ထားတဲ့ စည်းတွေ၊ တံတိုင်း
တွေ ပြိုကျသွားတဲ့ လက္ခဏာ တခုပါ။ အခုလို NLD နဲ့ ၈၈ တို့ရဲ့ ပူးပေါင်းမှုဟာ အရစ်စစ်ခေါင်းဆောင်တွေ မလိုလားဆုံး ပဲ ဖြစ်ပါတယ်။ 

အခုအဲဒီစစ်ခေါင်းဆောင်တွေ မလိုလားဆုံးဖြစ်နေသေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဟောပြော ပွဲတွေ လုပ်ကြပါတော့မယ်။ အခု မေလ ၁၇ ရက်နေ့မှာ ရန်ကုန်မှာ ကျင်းပဖို့ ရှိပြီး ၁၈ ရက်နေ့မှာတော့ မန္တလေးမှာ ကျင်းပသွားကြမှာပါ။

နောက်တခုကတော့ ရှမ်းပါတီကြီး ၂ ခု ပေါင်းလိုက်ကြတဲ့ကိစ္စပါ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့ ၂ ပါတီကို ရှမ်းပြည်သူတွေ၊ ရှမ်းအမျိုးသား
တွေက ပေါင်းစည်းရေး လိုလားနေကြတာကြာခဲ့ပါပြီ။ အခုတော့ ပါတီ ခေါင်းဆောင်တွေက ပါတီ ၂ ခု ကို ပေါင်းစည်းဖို့ ကနဦး သဘောတူညီမှုတွေ ရကြပါပြီတဲ့။ 

အခုလို ဒီမိုကရက်တစ် အင်အားစုတွေ စုပေါင်းကြတဲ့ သတင်းတွေက မြန်မာပြည်သူတွေအတွက် မင်္ဂလာ သတင်းတွေပဲ ဖြစ်မှာပါ။ 

 




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved