ထိုင်းမုန့်ဟင်းခါး

Sunday, May 25, 2014

 ~

 

ဒီတပတ်တော့ မုန့်ဟင်းခါး ကြိုက်သူတွေအတွက် မြန်မာမုန့်ဟင်းခါး ဟင်းရည်ချက်နည်းတွေနဲ့ မတူဘဲ အရသာ တမူထူးခြားတဲ့   “ထိုင်းမုန့်ဟင်းခါး” ဟင်းရည်ချက်နည်း တမျိုးကို မိတ်ဆက်ပေးချင်ပါတယ်။

  .
ထိုင်းမုန့်ဟင်းခါး ဟင်းရည်မှာလည်း ပါဝင်တဲ့ အဆာပလာတွေအပေါ် မူတည်ပြီး ချက်နည်းပုံစံ အမျိုးမျိုးကွဲပြားပါသေးတယ်။

အခု ဟင်းရည်ချက်နည်းကတော့ ဟင်းရည်ထဲ မှာ ထည့်ချက်တဲ့ “ဒေါက်ငီရို” လို့ ခေါ်တဲ့ လက်ပံပွင့် ဝတ်ဆံခြောက်ကလေးတွေကို အစွဲပြုပြီး ခေါ်ထားတာပါ။

ထိုင်းမုန့်ဟင်းခါးလို့ ခေါ်တဲ့ “နမ့်ငီရိုး” ဟာ မြောက်ပိုင်း ထိုင်းလူမျိုးတို့ရဲ့ ထိပ်တန်းအစားအစာ ၁၀ မျိုးထဲမှာ တခုအပါအဝင်ဖြစ်သလို သရေစာ မုန့်ဆိုတာထက် ထမင်းလွ
တ်လည်း စားသောက် တတ်ကြပါတယ်။

အရင်က လန်းနား ဘုရင့်နိုင်ငံလို့ ခေါ်ကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်၊ ချင်းမိုင်ဆိုတဲ့ ဒေသ ဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ အရှေ့ဘက်က ရှမ်းပြည် နယ်နဲ့လည်း ဆက်စပ်နေတဲ့အတွက် အစားအစာတွေကလည်း ခပ်ဆင် ဆင်တွေ များပါတယ်။

အခုတင်ပြပေးမယ့် နမ့်ငီရိုးလို့ခေါ်တဲ့ “ထိုင်း မုန့်ဟင်းခါး” ဆိုရင်လည်း  မြန်မာပြည်က ရှမ်းအစား အစာ နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမှာ ဖြစ်သလို၊ မုန့်ဟင်းခါးဆိုရင် ဘယ်လိုမုန့်ဟင်းခါး ဖြစ်ဖြစ် ကြိုက်ကြတဲ့သူများအတွက်လည်း မြန်မာ မုန့်ဟင်းခါး အရသာနဲ့မတူဘဲ တမူကွဲပြားတဲ့ ချက် နည်းနဲ့ ထူးခြားတဲ့ အရသာလေးကို ရရှိမှာပါ။

လိုအပ်တဲ့ပစ္စည်းအမည်တွေနဲ့ ချက်ပုံချက်နည်း လေးကို ပြောရရင်တော့  လူ ၁၀ ယောက်စာအတွက် မုန့်ဟင်းခါးဖတ် ၁ ပိဿာ လိုပါတယ်။

အရင်ဆုံး ဝက်နံရိုးကြမ်း ၂၅ ကျပ်သားကို ခုတ်ထစ်ပြီး ရေ ၂ လီတာလောက်ထည့်လို့ ၁၅ မိနစ် လောက်ကြာ အောင် ပြုတ်ရပါမယ်။ ပြုတ်ထားရင်း အပေါ်ယံတက်လာတဲ့ အမြှုပ်တွေကို ခပ်ထုတ်ပစ် လိုက်ပါ။

ကြက်သွန်ဖြူ ၂ ကျပ်ခွဲသားနဲ့  ကြက်သွန်နီသေး သေး ၅ လုံး၊ ပတဲကော ၁ တက် (၃ လက်မခန့်)၊ ရှောက်ရွက် ကြမ်းကြမ်း ၅ ရွက်၊ စပါးလင် ၃ ချောင်း၊ ငရုတ်သီးခြောက် အရှည် ၅ တောင့်နဲ့ နနွင်းတက် လက်တဆစ်၊  နံနံမြစ် (သို့မဟုတ်) နံနံပင်အရိုးရင့်ရင့် ၃ ချောင်းခန့်ကို ရေစင်အောင်ဆေးပြီး အားလုံးကို ညက်နေအောင် ထောင်းထား (သို့မဟုတ်) ကြိတ် ထားပါ။

ပဲပုပ်ပြား ၃ ပြားကိုလည်း မီးအေးအေးမှာ ကင်ပြီး ထောင်းထားပါ။ လက်ပံပွင့် ဝတ်ဆံခြောက် အပွင့် ၂၀ လောက်ကိုလည်း ရေစင်အောင်ဆေးထား ပြီး မွှထားပါ။

ဝက်သား  ၂၅ ကျပ်သားကို နုပ်နုပ်စဉ်းထားပြီး ဒယ်အိုးထဲမှာ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်ပြီးလှော်ပါ။  ၅ မိနစ်ခန့်ကြာတဲ့အခါ ဝက်သားက ထွက်လာတဲ့ဆီနဲ့  ကြက်သွန်၊ ငရုတ်သီး၊ ပတဲကော စတဲ့ ကြိုတင်ထောင်း ထားတဲ့ ဟင်းအနှစ်တွေကိုထည့်ပြီး ဆီသတ်ပါ။

အဲဒီနောက် ဆီသတ်နေတဲ့အထဲကို ပုစွန်ငါးပိ ကွမ်းသီးလုံးလောက်ကို ထည့်ပြီး၊ အထက်အောက် သမအောင် မွှေပါ။ ဆီ၊ ဟင်းအနှစ်နဲ့  ဝက်သားလုံး မိပြီဆိုရင် ထောင်းထားတဲ့ ပဲပုပ်တွေကိုထည့်ပါ။

ဟင်းအနှစ်တွေခြောက်ပြီး ဆီပြန်လာရင် ခရမ်း ချဉ်သီး ကိုင်းသီး သေးသေးလေး အလုံး ၂၀ ခန့် ထည့်ပြီး အားလုံးသမအောင်မွှေပါ။ ပြီးရင် စောစော က ပြုတ်ထားတဲ့ ဝက်ပြုတ်ရည်အိုးထဲကို အားလုံးထည့်ပြီး ဟင်းရည်ဆူလာအောင် တည်ပါ။

အဲဒီနောက်မှာတော့ ဟင်းရည်အတွက် ရေနွေး ၃ လီတာခန့်၊ ဒါမှမဟုတ် မိမိ လိုအပ်သလောက် အနည်းအများ ကိုလိုက်ပြီး ရေနွေးကိုထည့်ပါ။ ဟင်း ရည် ပွက်ပွက်ဆူလာပြီဆိုရင် မွှထားတဲ့ လက်ပံပွင့် ဝတ်ဆံခြောက်တွေကို ထည့်လိုက်ပါ။

ဝက်သွေးခဲ အတုံးသေးသေး ၅ တုံးလောက်ကို လည်း ၂ စင်တီမီတာ ပတ်လည်လောက် အတုံးသေးသေးလေး တွေ လှီးပြီးထည့်ပါ။

ဒီနေရာမှာ အရသာအတွက်ကတော့ ခနော အရသာခဲ သို့မဟုတ် ကြံသကာခဲကို မိမိနှစ်သက်ရာ သုံးနိုင်ပါ တယ်။

ခဏကြာရင် မီးအရှိန်လျှော့လိုက်ပြီး ဟင်းရည် အပေါ့အငန်ကိုမြည်းပြီး၊ ဆား သို့မဟုတ် ငံပြာရည် ကို လိုအပ်သလိုထည့်ပါ။

ဝက်သားရဲ့ အရသာ၊ ခရမ်းချဉ်သီး သေးသေး လေးတွေရဲ့ ချဉ်တဲ့အရသာနဲ့ ကြံသကာရဲ့အချိုဓာတ်၊ ပုစွန် ငါးပိရဲ့ အရသာ၊ ပဲပုပ်ရဲ့ စူးရှတဲ့အနံ့နဲ့ လက်ပံ ပွင့် ဝတ်ဆံခြောက်လေးတွေရဲ့ မွှေးတဲ့ ရနံ့တွေ ပေါင်းစပ် ထွက်လာပြီးနောက် အရသာ ကောင်းမွန် လှတဲ့ နမ့်ငီရိုး (Nam Ngiao) လို့ခေါ်တဲ့ ဟင်းရည်ကို မုန့်ဟင်း ခါးဖတ်နဲ့ တွဲဖက်စားလို့ရပါပြီ။

တယောက်စာအတွက် ပြင်ဆင်မယ်ဆိုရင် ပန်း ကန်ထဲမှာ မိမိနှစ်သက်သလောက် မုန့်ဟင်းခါးဖတ် ထည့်၊ ဟင်းရည်ထည့်၊ ဝက်သွေးခဲ၊ ဝက်နံရိုး ဝက် သား နုပ်နုပ်စဉ်းတွေ ခပ်ထည့်ပြီး၊ ကြက်သွန်ဖြူ ကြော်ပြီးသား လေးဖြူး၊ နံနံပင်၊ ဂေါ်ဖီထည့်၊ ပဲပင် ပေါက်လေးထည့်၊ ငရုတ်သီးလှော်၊ ဆီချက် စတဲ့ အဆာများ အစုံထည့်ပါ။

အချဉ်အတွက်ကတော့၊ သံပရာသီးလေးနဲ့ တွဲ ဖက်ပြီး စားနိုင်သလို၊ မုန်ညင်းချဉ် ပါးပါးလှီးပြီးထည့် စားရတာကို နှစ်သက်မယ်ဆိုရင်လည်း သံပရာသီး အချဉ်အစား ထည့်ပြီးစားနိုင်ပါတယ်။

ဝက်ခေါက်ကြော်လေးပါ တွဲဖက်ပြီးစားလိုက် မယ်ဆိုရင်တော့၊ နမ့်ငီရိုးလို့ခေါ်တဲ့ ထိုင်းမုန့်ဟင်းခါး ဟာ အတိုင်း ထက်လွန်တဲ့ ထူးကဲတဲ့ အရသာကို ခံစားရမှာပါ။

ချက်ပြုတ်ရာမှာ ဝက်သားကို မသုံးချင်တဲ့ သူ တွေအတွက်ကတော့ ကြက်သား၊ ကြက်ရိုး၊ အမဲသား စတဲ့ အသားတွေ အစားထိုးပြီး သုံးနိုင်ပါတယ်။

မုန့်ဟင်းခါးဆို အမြဲစားနေကျ အရသာကနေ မတူဘဲ ခွဲထွက်လာတဲ့ အရသာသစ်တမျိုးကို လက် တွေ့ ခံစားနိုင်အောင် ကိုယ်တိုင်ပဲ တခါလောက် လက်တွေ့ချက်ပြီး မြည်းကြည့်လိုက်ကြပါနော်။

   

မမသက်

 
(မေလ ၁၈  ရက်နေ့ထုတ် The Irrawaddy ဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်)
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved