ဧရာဝတီ သတင်းဌာန ရန်ကုန်ရုံးသို့ ယမန်နှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်စဉ်
(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ဓမ္မရိပ် မဂ္ဂဇင်းမှာ တာဝန်ရှိသူများနှင့်-နောက် ဒီလှိုင်းက ကိုမိုးထွန်းတို့ဆီက ဖြစ်သည်။
ဆရာကြီး ဆုံးပြီ အခုမနက် ၆နာရီ ၃၀ကတဲ့။
ကိုယ်နှင့် အတူရှိနေသော စာရေးဆရာကံထွန်းသစ်ပါ ဟာကနဲ ဟင်ကနဲ ဖြစ်ကြ။ အခြေနေတွေ ကို မေးကြနှင့် ယောက်ယက်ခတ်သွားသည်။
ဆရာကြီးဟု ဆိုဆို -ဘဘလို့ ပြောပြော အားလုံးက သူတဦးတည်းကိုသာ ရည်ညွှန်းကြောင်း နားလည် ကြပြီး သားလည်း ဖြစ်သည်။
ဆရာကြီးဦးဝင်းတင်နှင့် လူချင်းထိတွေ့မှုအရ တွေ့ဘူးသည်ဟု စကားအဖြစ် ပြောဖြစ်ရုံမျှသာ။
၁၉၈၉ခုနှစ် ဇူလိုင်လလောက်က ဖြစ်သည်။
ယခု ဗကသ တာဝန်များဖြင့်လှုပ်ရှားနေသော မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်း တို့ပါတီရုံးစိုက်ရာ မနတ ပါတီရုံးခန်းတွင် ရောက်ရှိခိုက်က အခိုက်အတန့် မြင်ဘူးလိုက်ခြင်းလောက်သာ အနီးကပ်ဆုံး ဆုံတွေ့မှုရှိခဲ့ဘူးသည်။
မဖြိုးဖြိုးအောင်၏မိခင် မသန္တာက အဲ့ဒါ ဦးဝင်းတင်ဟုပြောမှ သတိထားမိခြင်းဖြစ်သည်။
မှတ်မှတ်ရရ စာမဖွဲ့လောက်။ ထောင်ထဲ ကိုယ်စီ ရောက်ကြတော့လည်း ဆရာကြီးဦးဝင်းတင် နှင့်က တထောင်စီ။ ဒီတော့ ဦးဝင်းတင်၏ ထောင်ထဲအကြောင်း ပြောပြပါဆိုလျှင်လည်း ကိုယ်တွေ့ တခုမှ မရှိခဲ့။ အခြားပတ်သက်ဘူးတာ ဆိုလို့ အေအေပီပီ မှ ဘာလဲဟဲ့လူ့ငရဲ စာအုပ်မိတ်ဆက်ပွဲမှာ ဆရာကြီးဦးဝင်းတင်
နှင့် ပတ်သက်သော ပွဲကို တခါတက်ခဲ့ဘူးသည်။
နောက်တခါကတော့ ဒီဗွီဘီမှ ဘာလဲဟဲလူ့ငရဲ စာအုပ်အတွက် စကားဝိုင်းတခု မဲဆောက်ကို လာရိုက်ကူး စဉ်က ဖြစ်သည်။ ထိုကဏ္ဍတာဝန်ခံ ကိုခင်မောင်စိုး (ကိုသာမည)က ထောင်နှင့် ပတ်သက်ခဲ့ဘူးသူတွေ၏ စကားနှင့် စာအုပ်အပေါ် ခံစားချက်အမြင် တို့အတွက် ပါဝင်ပေးရန် လှမ်းလျှောက် ချက်အရ ဆရာကြီး ဦးဝင်းတင်နှင့် ပတ်သက်ခဲ့ခြင်း တခုတော့ ရှိခဲ့ဘူးသည်။
ထိုသို့ လူချင်းဆက်စပ်မှုအရ သေးသေးလေးဖြင့်သော်လည်း နှလုံးသားဝိညာဉ်တို ပူးကပ်မှုအရ ကြီးမားသောကြောင့်ပင် ယခုလို စာတစောင်ကို မဖြစ်မနေရေးချင်စိတ်က နှိုးဆော်လာခြင်းဖြစ်သည်။
ဆရာကြီးဦးဝင်းတင်၏အသံ ဆရာကြီးဦးဝင်းတင်၏စာတို့က ယိုင်မိခိုက် မတ်သွားအောင် ငိုင်မိခိုက် လန်း သွားအောင် ဝေးဝါးခိုက် လင်းသွားအောင် ပြုခဲ့သည်ချည်း။
လမ်းနှစ်ခွတွင် ဘယ်လမ်း ရွေးရမည်ဟု ဝေခွဲမရလျှင် သူ့လက်ညှိုးရှေ့က လမ်းကိုသာ ယုံကြည်စွာ ရပ် လိုက် ကိုယ်လျှောက်ရမည့် လမ်းကို တိတိကျကျ မှန်ကန် တွေ့ရမည် ဖြစ်သည်။
ဒီတော့လည်း ကိုယ့်ဘာသာ မရှင်းသော ပုစ္ဆာတပုဒ်အတွက် ဆရာကြီးဆီ မျှော်ကြည့်မိက အဖြေတို့ အလွယ် တကူ ရပြီးသား ဖြစ်နေတော့သည်။
ဆရာကြီးဆုံးပြီး ဆရာကြီးသတင်းများအဆက်မပြတ် ကြားနေရသည်။
ပြည်သူ့ဈာပနတဲ့။ သူ့ဘဝသည် ပြည်သူ့အရေး ဖြစ်ပြီး။ ပြည်သူ့ အရေးသည်လည်း သူ့ဘဝ ဖြစ်နေသည်ကို။ လူထုကို နှလုံးသားထဲ ထည့်ထားမှတော့ လူထုကကော သူ့ကို နှလုံးသားထဲ ထည့်ထားတော့ ပေမပေါ့။
ဆရာကြီးကို အာဏာရှင်တို့ ကြောက်ရွံ့ခဲ့ကြသည်မှာ အသက်ရှင်တုန်းကလည်း ရှာကြံဖန်တီးထားသော လုပ်ကြံပြစ်မှုဖြင့် အကြောက်တရားက စစ်တပ်သတ္တိမရှိမှန်း ပြသခဲ့သည်။
အခုသေဆုံးတော့ကော သူတို့ တထိတ်ထိတ်ဖြင့် အကြောက်ပိုကြပြန်သည်။ ရှင်သူနှင့် မဆိုထားနှင့် သေသူ
နှင့် ပါ စစ်မခင်းဝန့်သော စစ်တပ်ပါပေ။ စစ်တပ်က ကြောက်သလောက် ပြည်သူကတော့ သူ့ကို ချစ်ကြောင်းပြသ နေသည်။
ပြည်သူတွေက ဘဘကို နှလုံးသားထဲတင်မက သမိုင်း ကလပ်အထက်မှာ တခမ်းတနား ထားကြဦးမည် လည်းဖြစ်သည်။ အနာဂတ်ရက်များစွာ ထိန်ပြောင်လင်းဖို့ဆိုသည်မှာ ရှင်သန်စဉ်က သစ္စာမီးအိမ်ကို ဘယ်လောက် ခိုင်ခိုင်ကိုင်ခဲ့ သလဲဆိုတာနှင့် အဖြေထုတ်ရမည်ထင်သည်။
ဆရာကြီးပေးခဲ့သောအလင်းက အာဏာရှင်ကို ဆန့်ကျင်သူတို့အတွက် လမ်းပြပေး နေဦးမည်ဖြစ်သည်။ ဆရာကြီးကိုင်ခဲ့သောတရားက ဒီမိုကရေစီရေးကြိုးပမ်းသူတို့အတွက် အားဖြစ်နေဦးမည်။
ဧပြီ -၂၆ရက်နေ့က တက္ကဆပ် ပြည်နယ် အမာရီလိုမြို့မှ ကိုကျော်ဝေစိုး ဖုန်းဆက်လာသည်။ သူတို့မြို့မှာ ဆရာကြီးအတွက် အောက်မေ့ဖွယ် ဆွမ်းသွပ်သောပွဲမှာ စကိုက်မှ စကားပြောပေးဖို့ လျှောက်လာသည်။ ဆရာကြီးအတွက် ကျေးဇူးမော်ကွန်းကို ဆိုခွင့်ရလိုက်မှုတခုဟု ကျေနပ်ရသည်။
၂၆ ရက်ညနေခင်းမှာပင် အောင်ရတနာ ဘုန်းတော်ကြီးမှ ဖုန်းဆက်ပြီး ညကျိန်းစက်ကြွရန် မနက် ခင်း ဆရာကြီး ဦးဝင်းတင်အတွက် အလှူလာလုပ်မည်ဖြစ်၍ ဆက်ဆက်ကြွရောက်ဖို့ ပင့်လာပြန်သည်။ ပင့်သောဆရာတော်က မည်သူမည်ဝါတွေက စီစဉ်ကျင်းပသည်ကို ပြောမပြ။
ဒီတော့ သာမန် ဆရာကြီးကို လေးစားသူများက စီစဉ်သော ပွဲအဖြစ်သာ မှတ်ထင်ထားလိုက်သည်။
မနက်မိုးလင်းတော့ အလှူလုပ်မည့်သူများ အသံ ကြားရပြီး ခဏအကြာမှာ ကျောင်းဘုန်းကြီးလေးမှ
“ဆရာတော် ဒကာတွေက ကြွပါဦးတဲ့ဘုရား;” ဟုလာလျှောက်သည်။
အခန်းပြင် ထွက်လိုက်တော့ “အရှင်ဘုရား ရောက်တာကြာပြီလားဘုရား” တရင်းတနှီး ရှိပြီးသား သူတွေ။
နေရိန်ကျော်၏ မိဘများ။ ဒီတော့ ဒီအလှူ ဘယ်သူတွေ စီစဉ်သည်ဆိုတာ သိလိုက်ရသည်။
နေရိန်ကျော် အဖေဆိုတာက ဆရာကြီးဘဘ ဦးဝင်းတင်နှင့် ရင်းရင်းနှီးနှီး အလုပ်အတူတူ လုပ်လာခဲ့ သည့် နှစ်ကို တွက်ကြည့်တော့ ကိုယ့် အသက်နှင့် အတူတူ။ တခဏ အကြာမှာ နေရိန်ကျော်တို့ ဇနီးမောင်နှံ၊ ဒေါက်တာစိန်ဝင်းတို့ မိသားစု ရောက်လာ ကြသည်။
တခြားဖိတ်ကြားထားသော မိတ်ဆွေများ ပါရောက်လာကြသည်။ ပရိသတ်အားဖြင့် များများစားစားတော့ မဟုတ်။ သို့သော်လည်း ဆရာကြီး၏ အရင်နှီးဆုံးသော မိတ်ဆွေများ။ မြန်မာ့နိုင်ငံရေး လောကအတွက် ထဲထဲဝင်ဝင် ဘဝကို ပုံပေးထားခဲ့ကြသူတွေ ။ သူတို့တွေ၏ တန်ဖိုးသိသော ကျေးဇူးမော်ကွန်း တခုဟု ဆိုရမည်။
တရားချီးမြှင့်တော့ ဆရာကြီးကို မြန်မာတပြည်လုံးသာမက အဝေးရောက် မြန်မာများကပါ ချစ်ခင်ကြတယ်။ အခုလို ကုသိုလ်ပြုအမျှဝေသည့်ပွဲ ကမ္ဘာအရပ်ရပ် ပြုနေကြတာတွေကို ဆရာကြီးသာ ရရှိပါက ဆရာကြီး ရဲ့ဗိမာန်ဟာ သိကြားမင်းရဲ့ ဗိမာန်ထက်တောင် ကြီးနေလောက်ပြီလို့ ထည့်ပြောဖြစ်သည်။
ဒါပြင်မက စာပေထဲမှာ ကုသိုလ်ရှင်တွေဟာ မသေခင်ထဲက ဗိမာန်ပေါက်တဲ့ ဇာတ်လမ်းတွေအရဆိုလျှင် ဆရာကြီးရဲ့ ဗိမာန်ဟာလည်း ပေါက်ပြီးသား ဖြစ်နေလိမ့်မယ်လို့ပါ တရားထဲ ထည့်ဟောဖြစ်လိုက်သည်။
ရေစက်ချ အမျှဝေ အပြီး စကားဝိုင်းလေး စဖြစ်သည်။ အတူနေသူ တို့ဆီမှ ဆရာကြီးအနီးကပ်မြင်ကွင်းကို ပီပီသသ တွေ့လိုက်ရသည်။
အတ္တတခုလုံး အသေးဆုံးအနေထားဖြင့် တည်ဆောက်ထားသော ဆရာကြီး၏ ဘဝကို စာတွေအသံတွေ ဆီက လေးစား ထားမှုသည် အဝေးမြင် လူတကာသိနှိုင်သော အနေထားဖြစ်သည်။
ဆရာကြီး ဘဝတလျှောက် အနီးကပ်နေလာခဲ့သူ မိတ်ဆွေ ဦးရွှေကျော် ဆီမှ ဆရာကြီး၏ နေထိုင်မှုပုံစံကိုပါ သိလိုက်ရသည်။ ဘဝတခုလုံး အတ္တအတွက်ထက် ပရ အတွက်ပဲ ရှိခဲ့သူ။
စာပေဗိမာန်လစာ ကောင်းကောင်းရသော အချိန်မှာလည်း ရသမျှလစာသည် သူတကိုယ်ရည် သုံးဖို့ အနေထား ထက် သူ့အနီးနားက မပြည်စုံသူတွေအတွက် ရသမျှ အကူညီပေး ဖို့သာဖြစ်သည်။
ထင်ပေါ်ကျော်ကြားလိုသော စိတ်ဖြင့် ပြုလုပ်နေခြင်းမဟုတ်။ တချို့ခလေးများကို ကျောင်းထားပေး နေ သည့် ကိစ္စ ဘယ်သူမှ မသိကြဟုဆိုသည်။ နောက်ပိုင်း ကျောင်းသားများက ပြန်ပြောပြ၍ သိရခြင်းဖြစ် သည်။ သူကတော့ သူ ကူညီနေသည်ဟု ဘယ်သူ့ကိုမျှ ပြောမပြ။
“ကိုဝင်းတင်က လက်နက်ကိုင် လမ်းစဉ်ကို ဟိုတုန်းကလည်း မယုံဘူး အခုလည်း လက်မခံဘူး။ အထူး သဖြင့် ဖောက်ခွဲတာတွေ” လက်နက်ကိုင် လမ်းစဉ်ကို သူမရွေးခဲ့။ နှလုံးရည် တိုက်ပွဲဖြင့်သာ လမ်းကြောင်း ကို ရွေးထားသည်မှာ ဟိုအရင် အစောထဲက ဖြစ်သည်။
ဘဝမှာ ပိုင်ဆိုင်သမျှကို အတ္တထက် ပရအတွက်ကိုသာ ရည်သန်ထားသူ။ အရပ်ရပ်မှ ဘဘသုံးဖို့ ဟုပေး လာသော ပစ္စည်းဝတ္ထုကို အသာထား သူရရှိထားသော ဆုမှ ငွေကြေးနှင့်ပင် တင့်တင့်တယ်တယ် နေမည် ဆို က ပြည့်စုံသူတယောက် ဖြစ်နေပါသည်။
သို့သော်လည်း အိတ်ကပ်ထဲ ရောက်လာသမျှကို အကျိုးရှိရှိ အသုံးပြုနေသည်။ ကိုယ်တွေက အခု ဦးဝင်းတင်ဖောင်ဒေးရှင်း လုပ်မှ ဦးဝင်းတင်၏ ကောင်းမှုကို သိခဲ့ရသော်လည်း တကယ့် ဦးဝင်းတင်
ဖောင်ဒေးရှင်း က ဟိုးပဝေသဏီ ရှေးထဲက လူမသိ သူမသိ တည်ရှိနေခဲ့တာ ကြာပါပကော။
အသက်ရှင်နေထိုင်ရမှုအတွက် လိုအပ်သည်ထက် ပိုပြီး သူ့ဆီမထား၊ အစားအသောက် အနေအထိုင်က အစ ထမင်းတနပ်တည်း စားခဲ့သည်မှာ ကြာပြီဟုဆိုသည်။ ကားစီးနှိုင်သော်လည်း ဆိုက်ကားလောက်နှင့် လိုရာရောက်မည်ဆိုလျှင် ဆိုက်ကယ်ကိုတောင် စိတ်ထဲထည့်မည့်သူမဟုတ်။
ထောင်ကလွတ်ပြီးနောက်ပိုင်း ဟိုကသည်က ရသမျှကို ပေးဝေငှနေသည်မှာပင် သိန်း-၇၀၀-၈၀၀လောက် ရှိနေပြီ။ အိပ်ထဲမှာ အပိုတကျပ်တပြားမှ မထား။ ကြုံသလို လမ်းဘေးက ငှက်ပျောသီး တလုံးလောက် နှင့် လည်း တင်းတိမ်နှိုင်သူကြီး။ သူ့ရှိတာ သူစားဖို့ထက် သူများဝေငှဖို့ အစဉ်တွေးနေသူ။
ဦးဝင်းတင်လို လူမျိုးတွေ မြန်မာပြည်မှာ များများပေါ်ပေါက်လာလျှင် ဒီတိုင်းပြည်ကြီး ကောင်းပြီဟု တထစ် ချ ပြောလို့ ရပြီ။ ဦးဝင်းတင်လို ဘဝ၊ ဦးဝင်းတင်လို စိတ်ဓာတ်ရှိသူတွေ များများ ပေါ်ထွက်ဖို့လိုပြီ။
လူတွေက ဘုရားဆု ပန်ကြသည်။ သိကြားဆုပန်ကြသည်။ ဆု-ဆု ဆု တွေ လိုချင်ကြ၊ ဆုပန်ကြ၊ ဆုတောင်းကြသည်။
ဘုရားဆုပန်၊ သိကြားဆုပန်က ကိုယ်လိုချင်သော ဘဝနှင့်တန်သော အကျင့်အကြံ အနေထိုင်တွေကို ကျင့်ကြံနေ ထိုင် ကြရသည် မဟုတ်လော။ ဦးဝင်းတင်လို ဖြစ်အောင်တောင် ဘယ်လောက် ကြိုးပမ်းရမည် ထင်ပါသနည်း။
ကျင့်ကြည့်ကြပါဦး။ ဦးဝင်းတင်လို တထပ်တည်းကျသော ဘဝကို မဆိုထားနှင့် သူလို ဖြစ်ရန် ကျင့်ဆောင်
နေတုန်း အခိုက်မှာပင် လောကကြီးကို ကောင်းကျိုးပြုနေမှာ သေချာပါသည်။ ။
ဒီတော့ အားလုံးကို တိုက်တွန်းလိုက်ချင်ပါသည် မြန်မာပြည်ကြီးကောင်းဖို့၊ လောကကြီးကောင်းဖို့အတွက် လူတိုင်း လူတိုင်း ဦးဝင်းတင်ဆုကို ပန်ကြပါဟု----။
အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း) ~
ဤဆောင်းပါး ဤအတွေးကို ရေးဖြစ်ရန် စေ့ဆော်ပေး အစပျိုးပေးသော ကိုနေရိန်ကျော်ကို ကျေးဇူး မှတ်တမ်းတင်ပါသည်။
0 comments :
Post a Comment