ထောင်ထဲဝင်ဖို့ကြိုးပမ်းသူတို့ကို ရိုက်နှက် လူစုခွဲ

Tuesday, May 6, 2014

~

 


 
      ပဲခူးတိုင်း ပေါင်းတည်မြို့အကျဉ်းထောင်ထဲကို ဒီကနေ့  တောင်သူတဦးကို ထည့်သွင်းချုပ်နှောင်ရာမှာ
သူ့မိတ်ဆွေအများအပြားက သူနဲ့အတူတူ ထောင်ထဲဝင်ဖို့ကြိုးစားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုက်နှက် တားဆီးလိုက်ပါတယ်။

ဒီအကြောင်း သတင်းထောက် ကောင်းမြတ်မင်းက ပြောပြထားပါတယ်။


သဲကုန်းမြို့ တရားရုံးဝန်းအတွင်း တွေ့ရတဲ့  တောင်သူ ကိုပေါက်စ (ပေါင်းတည်မြို့အကျဉ်းထောင်သို့ ရောက်သွားသူ)

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျိန်စာတိုက် ဆန္ဒပြခဲ့တဲ့ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာ ဒေသခံလယ်သမားတွေရဲ့ သပိတ်စခန်းက ၅ ဦးကို  ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတဲ့အမှု ဒီကနေ့ ပထမဆုံး ရုံးချိန်းအဖြစ် စစ်ဆေးပါတယ်။

အာမခံမရတဲ့ ကိုပေါက်စ ဆိုသူကို ညနေပိုင်းမှာ ပေါင်းတည်မြို့အကျဉ်းထောင်ကို ပို့ဆောင် ချုပ်နှောင်ပါတယ်။

ထောင်ရှေ့အရောက်မှာ  သပိတ်စခန်းကတောင်သူတွေက သူတို့လည်း ကိုပေါက်စနှင့်အတူ ထောင်တွင်းသို့ လိုက်ပါအဖမ်းခံမယ်လို့ ဆိုပြီး   ထောင်ဘူးဝရှေ့ကို  ပိတ်ဆို့ခဲ့တယ်၊
အာဏာပိုင်တွေက ရဲအင်အား အများအပြား သုံးပြီး သူတို့ကို ဖယ်ရှား ဖြိုခွင်းတယ်လို့   အလွတ်သတင်းထောက်ကိုမာနော်က ဧရာဝတီကို ပြောပါတယ်။

 “ထောင်ရှေ့ရောက်တော့ လယ်သမားက ဆယ်ဦးလောက်ပဲရှိတာ။ ရဲတွေက ငါးဆယ်လောက်ရှိတယ်။
 သူတို့က ဆွဲဆွဲဆိုပြီး အမိန့်ပေးတော့ ရဲတွေက ကျနော်ကို့ အရင်ဆုံးဆွဲတယ်။
ပြီးတော့ ဒေါ်ဝင်းကိုဆွဲတော့ ဒေါ်ဝင်းက လဲကျသွားပြီး ခေါင်းထိသွားတယ်။
သူ့ကို ကျနော်ပွေ့ချီပြီး ဆေးရုံရောက်တော့ ကျနော်ပါ ဆေးရုံတက်လိုက်ရတယ်။
အခု ဗိုက်က အရမ်းအောင့်နေတယ်။
ဆေးသုံးလုံး ထိုးပြီးသွားပြီ။ လက်မှာ ပုလင်းချိတ်ထားတယ်” 

ထောင်ရှေ့မြင်ကွင်းကို ပြောပြတဲ့ အလွတ်သတင်းထောက် ကိုမာနော် (ယခု ပေါင်းတည် ဆေးရုံရောက်နေသူ)

 ဆေးရုံတင်ထားရတဲ့ တခြား ၂ ယောက်ကတော့  တရားစွဲဆိုခံရသော်လည်း  အာမခံရထားသူ ဒေါ်ညို၊ 
လယ်သိမ်းခံရသူ တောင်သူ ဒေါ်ဝင်းတို့ ဖြစ်တယ်လို့   လယ်သမားအရေးကူညီပေးသူ မဇင်မာဝင်းက သူမြင်တွေ့ခဲ့ရသမျှကို  ပေါင်းတည်ဆေးရုံကနေ လှမ်းပြောပြပါတယ်။

“ဒေါ်ဝင်းက အခြေအနေတော်တော်ဆိုးတယ်။ ခေါင်းကို ထိထားတယ်။
အောက်ဆီဂျင်ပေးထားရတယ်။ ဓါတ်မှန်ရိုက်ဖို့ လုပ်နေတယ်။
ခေါင်းကို အထိကို မခံနိုင်ဘူးဖြစ်နေတယ်။
ဒေါ်ညိုလည်း ရင်ဘက်ကို ဆောင့်တွန်းခံထားရတာ ရင်ဘက်မှာ အညိုကွက်ကြီးနဲ့။
ကိုမာနော်က တောင်သူအဒေါ်ကြီးတွေကို ရိုက်ခံရမှာစိုးလို့ သူ့ကင်မရာ သူများကိုပေးပြီး သူ့ကိုယ်လုံးနဲ့ ဝင်ခံလိုက်တာ။
သူ့ကို အရင်ဆုံး အရိုက်ခံရတာ။
အရပ်ဝတ်နဲ့ လူတယောက်က ရိုက်ကွာ ရိုက်ကွာဆိုပြီး အမိန့်ပေးတော့ ရဲ ငါးဆယ်လောက်ဝိုင်းရိုက်ကြတာ”

ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့ရုံးကို  ဧရာဝတီက ဆက်သွယ်မေးမြန်ခဲ့ပေမယ့်  ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။
 
ဒေသတွင်း တောင်သူတွေ သူတို့လယ်မြေများ ပြန်ရရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြမှု ကာလ အတန်ကြာခဲ့ပါပြီ။
လယ်မြေ ပြန်ရရေးအတွက် ဆက်လက် ကြိုးပမ်းသွားကြမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်း ၂ ပုဒ်


  • စစ်တပ်၊ သမ နဲ့ လယ်မြေကော်မရှင်ကို သဲကုန်းမှာ သင်္ဂြိုဟ် 
http://blog.irrawaddy.org/2014/04/blog-post_24.html

  • ဆန္ဒပြဖို့ခွင့်ပြုချက်မရတဲ့ လယ်သမား ငါးရာ လမ်းပေါ်ထွက်ပြီ 
http://blog.irrawaddy.org/2014/03/blog-post_438.html 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved