ဇင်းမယ်မှာ စစ်အာဏာ သိမ်းမှုကို ကန့်ကွက်ဆန္ဒပြ

Saturday, May 24, 2014

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ က Chiang Pheuak ဆိုတဲ့ ကျုံးအနီး ဂိတ်တခုမှာ စစ်အာဏာသိမ်းခြင်း ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ တခု မေလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ လူ ၂ဝဝ လောက်က စတင်
ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မေလ ၂၄ ညနေပိုင်း က စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြပွဲမြင်ကွင်း၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

နောက်ပိုင်းမှာ လူ ပေါင်း ၅ဝဝ လောက်ထိ ရှိလာကာ စစ်အာဏာသိမ်းတာကို ကန့်ကွက်ကြောင်းအော်ဟစ် ဆန္ဒပြကြပြီး လက်နက်ကိုင် စစ်အသား ၁ဝဝ လောက်ကလည်း အဲဒီနေရာ တဝိုက်မှာနေရာယူထားကြ တာပါ။ 



ဆန္ဒပြသူတွေဟာ ကျောင်းသားတွေ၊ ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အလွှာအသီးသီးက လူတွေ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ဆန္ဒပြသူတွေက စစ်အာဏာသိမ်းမှု အလိုမရှိလို့ ကြွေးကြော်နေကြပြီး ဖယောင်းတိုင်းထွန်း ညှိကာ သံပြိုင် ဆုတောင်းမှုတွေနဲ့ ဒီမိုကရေစီ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ တောင်းဆိုနေကြပါ တယ်။ 



ချင်းမိုင်မြို့မှာ ရှပ်နီလို့ ခေါ်တဲ့ ယခင် ဝန်ကြီးချုပ် သက်ဆင်၊ ယင်လတ် တို့ကို အဓိက ထောက်ခံတဲ့ သူတွေက အများစု ရှိပြီး ရှင်နာဝပ်မျိုးဆက်ရဲ့ ဇာတိမြို့လည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဆန္ဒပြသူတွေဟာ အလွှာအသီးသီးက ဖြစ်ပြီး ဒီမိုကရေစီမြတ်နိုးသူတွေဖြစ်တယ်လို့ ပြောဆိုကြ ပါတယ်။ 

" စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ တိုင်းပြည်မှာ ဒီမိုကရေစီ ပျက်သုဉ်းတာပါဘဲ၊ ဒါကြောင့် ကျမတို့ ကန့်ကွက် ဆန္ဒပြတာ" လို့ အသက် ၅၀ အရွယ် ဝန်ထမ်းအမျိုးသမီးတဦးက ကျမကို ပြောပါတယ်။ 

စစ်သားတွေကလည်း ဆန္ဒပြတောင်းဆိုသူတွေကို ဓာတ်ပုံမှတ်တမ်း ပြန်ရိုက်ပါတယ်။ အနီးအနားမှာ ရဲအချုပ်ကားကြီးတစီးလည်း အဆင်သင့်ထားရှိပါတယ်။ 





နောက်ပိုင်း ထိုင်း စစ်အရာရှိ တဦးက အန္တရာယ်ရှိစေတဲ့ လုပ်ဆောင်မှုတွေ မလုပ်ဖို့ တားမြစ်တဲ့ စကား တချို့ကို အသံချဲ့စက်နဲ့ ပြောပါတယ်။ 

ဆန္ဒပြသူတွေကလည်း အေးဆေးငြိမ်းချမ်းစွာပဲ သူတို့မှာပါလာတဲ့ စစ်အာဏာသိမ်းတာကို မလိုလားတဲ့ ကန့်ကွက်တဲ့ စာရွက်တွေကို ဆန္ဒပြနေရာတခုမှာ စုပုံထားကြပါတယ်။ တချို့ကလည်း အနီးက သစ်ပင် 
တွေမှာ စစ်အာဏာ သိမ်းမှု အလိုမရှိလို့ အင်္ဂလိပ်လို၊ ထိုင်းဘာသာလို ရေးပြီး ကပ်ထားကြတာ လည်း ရှိပါတယ်။ 

ထူးခြားတာက မြန်မာပြည်မှာတုန်းက စစ်အာဏာသိမ်းသလို စစ်သားတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆန္ဒပြသူ
တွေကို မတုံ့ပြန်တာပါဘဲ။ 

တချို့စစ်သားတွေက ကျမက ဓာတ်ပုံရိုက်နေတာကို ပြန်လည်ပြုံးပြပြီး ဓာတ်ပုံရိုက်ခွင့်လည်း ပြုပါတယ်။ 

ထိုင်း သတင်းတွေမှာတော့ ဘန်ကောက်မြို့နယ် တချို့မြို့တွေမှာလည်း စစ်အာဏာသိမ်းတာကို ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ကြတယ်လို့ သိရပါတယ်။ 

















အိမ့်သံစဉ် ~ 





.








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved