ပြည်ဆေးရုံတချို့ HIV လူနာကို ငွေပိုတောင်း

Saturday, May 24, 2014

 ~



ပြည်မြို့ ပုဂ္ဂလိကဆေးရုံတွေမှာ HIV ရောဂါပိုးကူးစက်ခံရသူတွေဟာ တခြားလူနာတွေထက်  ဝန်ဆောင်မှု (၂)ဆ ပေးနေရတယ်လို့ လူနာတွေအရေးဆောင်ရွက်နေတဲ့ ပြည်မြို့မှ MPG  အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုထင်လင်းဦးက ဧရာဝတီကို ပြောပါတယ်။
 
~
 

 


အဓိကခွဲခြားဆက်ဆံတဲ့လူတွေက ကျန်းမာရေးဗဟုသုတ နည်းပါးတဲ့ လူတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကဆေးရုံတွေပါ။
ဆေးရုံအဝင်ဝတွေမှာ ကူးစက်ရောဂါ လက်မခံ ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း ချိတ်ထားတယ်။
ကူးစက်ရောဂါတွေက အများကြီးပါ။
ဘယ်လိုရောဂါမျိုးကိုပြောသလဲ ဆိုတာတော့ ရေးမထားဘူး။
HIV ရှိတဲ့လူနာတော့ ဝန်ဆောင်မှုအတွက်(၂)ဆ ပေးဆောင်ရတယ်။
Speical Nurse ဆိုလည်း (၂)ဆ။
 ဒါ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ဆေးရ
ုံတွေကစပြီး ခွဲခြားဆက်ဆံမှတော့ ဆေးပညာဗဟုသုတမရှိတဲ့လူတွေဆို ပိုးဆိုးတာပေါ့


WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ရဲ့  (Three Zero) စီမံကိန်းအရ ခွဲခြားဆက်ဆက်ခံရမှု (Zero)၊ ရောဂါကူးဆက်ပျံ့ပွားမှု (Zero)နဲ့ ရောဂါဖြင့် သေဆုံးသူ (Zero) ဖြစ်ရမယ်လို့ စီမံကိန်းချမှတ်ထားသော်လည်း
ခွဲခြားဆက်ဆံခံရမှုကို အရင်ဆုံး ပပျောက်အောင်ကြိုးစားသင့်ကြောင်း သူကဆက်ပြောပါတယ်။

“ပြည်မြို့မှာ ဒီရောဂါရှိတဲ့ အရေအတွက် (၁၅၀၀) ကျော်ရှိတယ်။ အဲဒီ အထဲက ၆၀၀ ကျော်ပဲ လူသိခံရဲတယ်။
လူသိခံရဲတဲ့လူတွေကလဲ ဆေးရုံကြီးမှာ ART ဆေး လာထုတ်ရင်း လူသိခံရတာလည်း ပါတယ်။ အများအားဖြင့် အသိ မခံရဲကြဘူး၊  ပတ်ဝန်းကျင်ရဲ့ ခွဲခြား ဆက်ဆံခံရမှာကို မလိုလားလို့ပါ။
ဒီရောဂါဖြစ်ရင် မကောင်းတဲ့ ကိစ္စတွေကြောင့်လို့ပဲ လူတွေက ထင်ကြပါတယ်။
တချို့မိသားစုဝင်တွေ ကိုယ်တိုင်က ထမင်းပန်းကန် ခွဲထားတယ်၊ သောက်ရေခွက်တွေ ခွဲထားတယ်”

 လူသိမခံချင်ကြခြင်းကလည်း  ကူးစက်နှုန်း ပိုများရခြင်းရဲ့ အကြောင်းရင်းတခုဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

သိပ်မကြာသေးခင် ကာလအတွင်း  ပြည်မြို့မှာ အသက် (၁၄)နှစ်အောက် ကလေးငယ် (၅)ဦးထက်မနည်း  ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ ဆိုတယ်။

 အဲသလိုကူးစက်ခံရသူ ကလေးငယ်များဟာ ငယ်ရွယ်စဉ်က သွေးလွန်တုတ်ကွေးရောဂါကြောင့် သွေးသွင်းခဲ့ကြသူတွေသာဖြစ်တဲ့အတွက် သွေးလှူရှင်များအနေနဲ့ ဓါတ်ခွဲခန်းမှ သွေးလှူရန်လျှောက်ထားရတဲ့လျှောက်လွှာမှာ  မှန်ကန်စွာဖြေဆို ဖြည့်စွက်သင့်ကြောင်း သူကဆက်ပြောပါတယ်။

“သွေးလှူရင် ဖြည့်စွက်ရတဲ့ Form မှာ လွန်ခဲ့သည့် သုံးလအတွင်း အန္တရာယ်ရှိတဲ့ အပြုအမှုတွေ ကျူးလွန်မိတာ ရှိသလားဆိုတဲ့ ဖြေရတဲ့နေရာမှာ မှန်မှန်ကန်ကန်ဖြေဖို့ လိုအပ်ပါတယ်။ 
ကုသိုလ်ရချင်လို့ သွေးလှူတာပဲ အဲဒိနေရာမှာ သွားထားတယ်ဆိုရင် မလှူပါနဲ့လို့ တိုက်တွန်းလိုပါတယ်”


 မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံရသူ (၂)သိန်းကျော်ခန့်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားကြောင်း၊  ART ဆေးဝါးလိုအပ်သူတွေထဲမှာ (၅)သောင်းကျော်က ဆေးဝါးမရရှိသေးကြောင်း သိရပါတယ်။

AIDS ရောဂါကြောင့် ကွယ်လွန်သွားသူများအတွက် ရည်စူးပြီး ဘာသာကြီးလေးခု  ဆုတောင်းပွဲကို ပြည်မြို့ ကမ်းနားလမ်းက ဂင်္ဂါဝတီခန်းမမှာ  ကြာသပတေးနေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ဆုတောင်းပွဲကို ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာနှင့် ဟိန္ဒူဘာသာတွေက  ဘာသာရေးခေါင်းဆောင်တွေ လာရောက်ပြီး   ၀တ်ပြုဆုတောင်းခြင်း၊  ဧရာဝတီမြစ်အတွင်း  ဆီမီးမျှောခြင်းများပြုလုပ်ခဲ့ပါတယ်။

Myanmar Positive Group (MPG) နဲ့ ပြည်မြို့မှ ဘဝသစ်ရှေ့သို့ ကိုယ်အားကိုယ်ကိုးအဖွဲ့တို့ ပူးပေါင်း စီစဉ်ကျင်းပတဲ့ ဆုတောင်းပွဲပါ။

ပြည်မြို့မှာတော့ HIV, AIDS နဲ့ ပတ်သက်ပြီး အမျိုးမျိုး ခွဲခြားဆက်ဆံမှုတွေ ရှိနေသေးကြောင်း၊  အဲဒိလိုခွဲခြားဆက်ဆံခံရမှုတွေ ပပျောက်သွားအောင် အထိမ်းအမှတ်ပွဲတွေကို စီစဉ်ကျင်းပရတာဖြစ်ကြောင်း  ကိုထင်လင်းဦးက ဧရာဝတီကို ပြောပါတယ်။


ကောင်းမြတ်မင်း
 

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved