ကွက်လပ်ဖြည့်ကြပါ

Wednesday, May 7, 2014

~


  • အရှင်စန္ဒိမာ (မွန်စိန်တောရ)
 
ယနေ့လို ခေတ်မှာ ထိုင်း မလေးရှား စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကြတဲ့ လူငယ်တွေ များလာပါတယ်။ ဒါကြောင့် ဒီလူငယ်တွေအနေနဲ့ ထိုနိုင်ငံတွေမှာ လုပ်ငန်း အတွေ့အကြုံသစ်တွေ စီးပွားရေး အတွေ့အကြုံသစ်တွေကို ဆည်းပူးလေ့လာခွင့်တွေ ရကြမယ်။

 .
 
ပန်းစကားလှုပ်ရှားမှု ဦးဆောင်သူတဦးဖြစ်တဲ့ ကိုနေဘုန်းလတ် (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)

သူတို့ သွားရောက်ခဲ့တဲ့ နိုင်ငံတွေရဲ့  ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ အတုယူစရာတွေ မှတ်သားစရာတွေကို လေ့လာသင်ယူခွင့်တွေ ရကြမယ်။ သူတို့ရဲ့  အရပ်ဒေသကို ပြန်ရောက်တဲ့ အခါမှာ သူတို့နဲ့အတူ ပါလာမယ့် ပြည်ပအတွေ့အကြုံတွေကို ရပ်ရွာ လူထုကို ပြန်လည် မျှဝေပေးနိုင်လိမ့်မယ်လို့ ထင်စရာ ရှိပါတယ်။ ဒီလို အဖိုးတန် အတွေ့အကြုံကောင်းတွေကို ပြန်သယ်လာကြတဲ့ လူငယ်တွေ တကယ်လည်း ရှိကြပါတယ်။

ဒါပေမယ့် ဝမ်းနည်းစရာပါ၊ လူငယ်တွေနဲ့ အတူ ပြန်ပါလာတာက ကောင်းတာထက် မကောင်းတဲ့ အတွေ့အကြုံတွေက ပိုများနေလို့ပါ။

ရွာကို ပြန်လာကြတဲ့ လူငယ်တချို့နဲ့အတူ ပါလာတာက မူးယစ်ဆေး သုံးစွဲတဲ့ အလေ့အကျင့်ပါ။ ယခင်က မွန်ပြည်နယ် ကျေးရွာတွေမှာ မကြားဖူးခဲ့တဲ့ မူးယစ်ဆေး သုံးစွဲမှုတွေကို ယခုအချိန်မှာ လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရပါပြီ။ လက်လှမ်းမှီရာ လေ့လာသိရှိရသလောက် မွန်ပြည်နယ်က ကျေးရွာအတော်များများမှာ မူးယစ်ဆေးကို ပုံမှန် ဖြန့်ဖြူးရောင်းဝယ်မှုတွေတောင် ရှိလာနေပါပြီ။

မရေမတွက်နိုင်တဲ့ ရှုပ်ထွေး ပွေလီမှုတွေကြားမှ ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ဦးတည်ချက်ထားကာ သည်ပိုးထမ်းရွက်ပေးမယ့် ဒီမိုကရေစီစစ်မှန်တဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေးနဲ့ ခေတ်နောက်မှာ များစွာ ပြတ်ကျန်ခဲ့တဲ့ နိုင်ငံကို ပြန်လည် တည်ဆောက်ရာမှာ လူငယ်ထုနဲ့   ပြည်သူလူထုတရပ်လုံးရဲ့  ကိုယ်ကာယ ကျန်းမာသန်စွမ်းမှု၊ ကိုယ်ကျင့်တရား ကောင်းမွန်မှု၊ အမြင်ကျယ်မှုနဲ့ အသိပညာ မြင့်မားမှုတွေဟာ မရှိမဖြစ်တဲ့ အရာတွေပါ။

အများအားဖြင့် မြို့ပေါ်နေ အသက်အရွယ်ပေါင်းစုံနဲ့ အလွှာပေါင်းစုံ ပြည်သူကြားမှာ နိုင်ငံရေးအသိအမြင်နဲ့ နိုင်ငံရေးနိုးကြားမှုဟာ အတော်ပင် မြင့်မားနေတာကို သတိပြုမိပါတယ်။ ဒါပေမယ့် ဒီလို နိုင်ငံရေး အသိအမြင်နဲ့ နိုင်ငံရေးနိုးကြားမှုဟာ ကျေးလက်နေ ပြည်သူလူထုအနေနဲ့ မြို့ပေါ်နေ ပြည်သူလူထုလို ရှိဖို့ ခက်ပါလိမ့်မယ်။ အကြောင်းက ယနေ့ ဖြန့်ဝေ ဖတ်ရှုနေကြတဲ့ နိုင်ငံရေး စီးပွါးရေး ဘာသာရေး စတဲ့ ပုဂ္ဂလိက ပုံနှိပ် သတင်းစာ ဂျာနယ်တွေဟာ စောင်ရေ အကန့်အသတ်ရှိပြီး ကျေးလက်တောရွာကို ရောက်ရှိသွားတာက အလွန်ပင် နည်းနေပါသေးတယ်။

တဖန် အွန်လိုင်းမီဒီယာတွေကို  လက်လှမ်းမှီနိုင်ကြသူတွေ ကျတော့လည်း ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းက လျှပ်စစ်မီးနဲ့ အင်တာနက်ရနိုင်တဲ့ မြို့ပေါ်နေ ပြည်သူတွေလောက်ပဲ ရှိကြသေးလို့ပါ။  ကျေးလက် ပြည်သူအများစုဟာ ဒီလို အခွင့်အလမ်းတွေနဲ့ ဝေးနေဆဲပါ။

ကျေးလက်ပြည်သူလူထုထဲမှာ BBC, VOA, RFA, DVB စတဲ့ ရေဒီယိုသတင်းတွေကို စိတ်ဝင်တစား နားထောင်သူတွေကလည်း ရာခိုင်နှုန်းအားဖြင့် နည်းမယ် ထင်ပါတယ်။ ကျေးရွာတိုင်းလိုလိုမှာ တီဗီတွေ ရောက်နေကြပြီ ဆိုပေမယ့် ဖြေဖျော်ရေးနဲ့ အစိုးရလွှင့်တဲ့ သတင်းတွေလောက်ပဲ ကြည့်နိုင်ကြတာပါ။

ဝမ်းရေးအတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရတဲ့ အခြေခံလူတန်းစားတွေ များပြားဆဲ၊ လူလည် လူညစ်တွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ရိုးသားတဲ့ လူထုကို ခြိမ်းခြောက် အကြပ်ကိုင် အမြတ်ထုတ် ခေါင်းပုံဖြတ်မှုတွေ ရှိနေဆဲ၊  တိုက်ပွဲတွေ ဒုက္ခသည်တွေ လူကုန်ကူးခံရမှုတွေ မြေယာ အသိမ်းခံရမှုတွေ စသည် စသည် မရေမတွက်နိုင်တဲ့ ဒုက္ခဆင်းရဲ ပြဿနာပေါင်းစုံမှ မရုန်းထွက်နိုင်သေးတဲ့ ပညာရေး ကျန်းမာရေး နိမ့်ကျဆဲ၊ စစ်အစိုးရခေတ်က အကြောက်တရားတွေ အရှိန်မပြယ်သေးတဲ့ မြန်မာနိုင်ငံမှာ အစွန်းရောက် ဘာသာရေး မှိုင်းတိုက်မှုတွေနဲ့ တပူပေါ် နှစ်ပူဆင့် ဆိုသလို နိုင်ငံကို အမှောင်ခေတ်ထဲ ပြန်ပြီး ဆွဲသွင်းဖို့ ကြိုးစားနေကြသူတွေလည်း လျှော့ကျသွားမှု မရှိသေးပါဘူး။


http://burma.irrawaddy.org/interview/2014/04/10/57442.html

ဒီအချိန်မှာ အနည်းငယ် အသက်ရှူချောင်သွားစေတာက ပညာတတ် လူငယ်များရဲ့ ပန်းစကားလှုပ်ရှားမှုတွေလို လှုပ်ရှားမှုတွေ၊ အပင်အပန်းခံကာ မနေမနား အသိဥာဏ်အလင်း ဖွင့်ပေးနေကြတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နယ်ထွက် ဟောပြောမှုတွေနဲ့  စာရေးဆရာများရဲ့ နယ်တကာလှည့် စာပေဟောပြောပွဲတွေပါ။

နိုင်ငံနဲ့ ပြည်သူအတွက် ကျေးဇူးကြီးလှတဲ့ နိုင်ငံ့ဝန်ကို ထမ်းနေကြတဲ့ လူငယ်များနဲ့ စာရေးဆရာများရဲ့ စေတနာ မေတ္တာကို တလေးတစား အသိအမှတ်ပြုရန် ထိုက်တန်လှပါပေတယ်။  ဒါပေမယ့် လူငယ်များနဲ့ စာရေးဆရာများဟာ မနိုင်ဝန်ကို ထမ်းနေကြရတယ်လို့ ထင်ပါတယ်။

ဒီအချိန်မှာ ပရိသတ် ဆွဲငင်အား ကောင်းလှတဲ့ မေတ္တာဓာတ် ကရုဏာဓါတ် ကြီးမားတော်မူကြတဲ့ ဓမ္မကထိက ဆရာတော်များဟာ ဒီကွက်လပ်ကို ဝင်ရောက် ဖြည့်ဆည်းပေးနိုင်ကြရင် သိပ်ကောင်းမယ်လို့ မျှော်လင့်တောင့်တ နေမိပါတယ်။   



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved