ရေကူးဝတ်စုံ လမ်းညွှန်

Wednesday, May 7, 2014

~



  


 ဒီနှစ် နွေရာသီက အတော်ပူပါတယ်။ နွေပဲ..မပူတဲ့နွေရော ရှိလို့လားလို့တော့ မမေးနဲ့ပေါ့နော်။

အခုလောလောဆယ် ပူနေတဲ့နွေကသာ အပူဆုံးလို့ ထင်တတ်သူချည်းကိုး။ ဒီလိုနွေရာသီမှာ အပူဒဏ်ကြောင့် ချွေးဒီးဒီးကျပြီး လူကလည်း အလိုလိုနေရင်းကို အားယုတ်ပင်ပန်းနေတတ်တာကလား။ အစားအသောက်တွေ လည်းပျက်၊ ပုံမှန်ကိုယ်လက်လှုပ်ရှား မှုလောက်ကိုတောင် မလုပ်ချင်မကိုင်ချင် ဖြစ်နေပြီ ဆိုရင်တော့ ဒီလို အချိန်အခါ ဒီလိုရာသီနဲ့ အလိုက်ဖက်ဆုံး အားကစားနည်းတခုကို အကြံပေးလမ်းညွှန်လိုက်ပါရစေ။

ဒါကတော့ ရေကူးခြင်းပဲ ဖြစ်ပါတယ်။ နွေပူပူမှာ ရေကူးကန်ထဲက ရေအေးအေးလေးထဲ စိမ်ပြီး နာရီဝက် တနာရီလောက် ကူးခပ် လိုက်တာနဲ့ ကျောကော့အောင်ပူနေတဲ့ နွေအပူကိုလည်း အန်တုပြီးဖြစ်သလို သင့်တင့်မျှတတဲ့ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းတခုကိုလည်း လုပ်ပြီးသားဖြစ်သွားရောပေါ့။

ရေကူးဖို့အတွက်  ဘာတွေလိုမလဲ ဆိုတော့ ပထမဆုံးအနေနဲ့ ရေကူးကန်လိုတာပေါ့။ ရေကူး ကန်ရှားပါးတဲ့ မြန်မာပြည်မှာ ရေကူးဖို့နေရာရွေးချယ် တာကတော့ နည်းနည်းခေါင်းခြောက်ရပါလိမ့်မယ်။ နာမည်ကြီး နေရာတချို့ကတော့ ကန်တော်ကြီး၊ တက္ကသိုလ်များ ရေကူးကန်၊ ကုက္ကိုင်း ရေကူးကန်နဲ့ အမျိုးသား ရေကူး ကန်တွေပါပဲ။ ဒီနေရာတွေက ဝေးလို့ သွားဖို့ခက်ခဲမယ်ဆိုရင် တခြားကိုယ်နဲ့ နီးစပ် ရာ ရေကူးကန် တချို့ကို လည်း စုံစမ်းပြီး အဆင်ပြေ သလို ရွေးချယ်နိုင်ပါတယ်။

ရေကူးကန်ပြီးရင်တော့ ဒုတိယ အရေးကြီးဆုံးက ရေကူးဝတ်စုံနဲ့ တခြား အဆင်တန်ဆာများပါပဲ။ ရေကူးဖို့အတွက် ဒီအတိုင်းရှိတဲ့ အဝတ်အစားနဲ့ ကန်ထဲဆင်းကူးလိုက် ရင် ရတာပဲလို့ မထင်စေလိုပါဘူး။ ရေစုပ်ယူမှုနည်းပြီး ပေါ့ပါးတဲ့ ရေကူးဝတ်စုံကသာ သင့်ကို ရေထဲမှာ အန္တရာယ်အကင်းဆုံး ဖြစ်စေမှာပါ။ အန္တရာယ်ကင်းမှု ပြီးရင်တော့ ဖက်ရှင်ကျကျလှပဖို့ကို စဉ်းစားနိုင်ပါပြီ။ မိမိသဘောကျရာ ဒီဇိုင်းနဲ့  တန်ဖိုးကို အစားအစား ရွေးချယ်နိုင်မယ့် ရေကူးဝတ်စုံ  အရောင်းဆိုင်ကနေ  အမျိုးသမီး အမျိုးသားဝတ်  ရေကူးဝတ်စုံအချို့နဲ့  ကလေးဝတ် (ကျား/မ) ရေကူး ဝတ်စုံအချို့ကို တန်ဖိုးနဲ့  အချက်အလက်တွေကို ရယူပြီး ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဲဒီဆိုင်မှာကတော့ တရုတ်၊ တိုင်ဝမ်၊ ထိုင်း၊ စင်ကာပူတို့က ရေကူးဝတ်စုံ အစားစားကို တင်သွင်း ရောင်းချတယ်လို့ သိရပါတယ်။

တန်ဖိုးအားဖြင့်ကတော့ အမျိုးသမီး လူကြီးဝတ် ရေကူးဝတ်စုံတွေမှာ ကျပ် ခုနစ်ထောင်လောက်ကနေ သုံး-လေးသောင်းလောက်အထိ ရှိသလို၊ ကလေး ဝတ်မှာတော့  ကျပ်  နှစ်ထောင်၊  သုံးထောင်ကနေ  ကျပ်ရှစ်ထောင် လောက်အထိ ရှိတယ်လို့ သိရပါ တယ်။ အမျိုးသားလူကြီးဝတ် ရေကူးဘောင်းဘီတွေကတော့

ကျပ်လေး-ငါးထောင်လောက်ကနေ နှစ်သောင်း၊ သုံး သောင်းလောက်အထိ ရှိပါတယ်တဲ့။
တခြား မျက်မှန်၊ ဦးထုပ်၊ ရေကူးဘုတ်ပြားနဲ့ ကလေးငယ်တွေအတွက် သင်ထောက်ကူပစ္စည်းတွေဖြစ်တဲ့ လေမှုတ်လက်ပတ် (Arm bands), Ear plug,  Life-jacket စတာတွေကိုလည်း အဲဒီမှာ ရနိုင်ပါတယ်။

ရေကူး အထောက် အကူပြု ကိရိယာတန်ဆာ ပလာတွေ အစုံအလင်နဲ့ ရေကူးဝတ်စုံ လှလှလေးတွေဝတ်ပြီး နွေအပူကို အန်တုဖို့ ရေစိမ် … အဲလေ ရေကူးကြရအောင်။

  •  သီဟတိုး















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved