facebook မှာ လေပေးဖြောင့်နေတဲ့ ဦးရဲထွဋ်

Thursday, May 8, 2014

~


သမ္မတပြောခွင့်ရအရာရှိဦးရဲထွဋ်က
facebook မှာ လေပေးဖြောင့်နေတာကို ဒီညနေပိုင်းမှာ တွေ့ရပါတယ်။

 


နိုင်ငံခြားသား သတင်းသမားတဦးကို မြန်မာပြည်ကနေ နှင်ထုတ်လိုက်ရခြင်း အကြောင်းရင်းကို ဒီညနေပိုင်း

facebook မှာ သူက ရှင်းပြပါတယ်။

သူ့ရှင်းလင်းချက် ဖတ်ရှုပြီး မှတ်ချက်ပေးသူများထဲက တချို့ကို သူက ပြန်လည် မှတ်ချက်ပြုတာ တုန့်ပြန်တာ တွေ့ရပါတယ်။

Tawwat Wat ခင်ဗျား တရားဝင်ခွင့်ပြုချက်ရတဲ့ စီတန်းလှည့်လည်မှုဆိုရင် ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။

Thein Oo ခင်ဗျား ။ အဲဒီလို လုပ်တတ်တဲ့ လူတွေဟာ ဘယ်လို လူစားမျိုးလည်း၊ ဘယ်လို အဖွဲ့အစည်းကလည်း ဆိုတာ လူတွေပိုသိတာပေါ့ဗျာ၊ များများလုပ်ပါစေ။ သူ တို့ ဇာတိ သူတို့ ဖော်တာကို ကြိုဆိုရမှာပါ။
 
Ye Htut Minn Thaik ခင်ဗျား၊ အချက်အလက်အပြည့်အစုံ ကျွန်တော်ထံ စာတိုက်ကဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ပို့ပေးပါ

သူ့ ရှင်းလင်းချက် အပြည့်အစုံကို  မဖတ်ရသေးတဲ့ ဧရာဝတီဘလော့အတွက် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


မေလ ၇ ရက်နေ့ မနက် မကွေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒီဗီဘီသတင်းထောက် ဦးဇော်ဖေနဲ့ ပတ်သက်တဲ့ စီတန်း လှည့်လည်ဆန္ဒပြုမှာ သြစတေးလျ နိုင်ငံသား Waston Roberzs ပါဝင်တာကို ဒေသအာဏာပိုင်တွေက စိစစ် တွေ့ရှိရပါတယ်။

အဲဒီနိုင်ငံခြားသားဟာ စီးပွားရေးလုပ်ငန်းဗီဇာ ( Visa No. 08986, Business) နဲ့ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့မှာ ၀င်ရောက်ခဲ့တာ ဖြစ် ပြီး ဇူလိုင်လ ၂၂ ရက်နေ့အထိ နေထိုင်ခွင့်ပြုထားပါတယ်။ သူဟာ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်ဆန္ဒပြရာမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ဒီနေ့မှာ လူဝင်မှု ကြီးကြပ်ရေးက လ၀က အက်ဥပဒေ ပုဒ်မ (၂) အရ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

အခု သတင်းမီဒီယာများက အဲဒီနိုင်ငံခြားသားဟာ ဒီဗီဘီသတင်းထောက်ဖြစ်တယ်၊ ဒါ့ကြောင့် အခုလို နှင်ထုတ်မှုဟာ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေမလားလို့ ကျွန်တော့်ကိုမေးလာပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ တရားဝင် သတင်းထောက်ဗီဇာနဲ့ ရောက်ရှိနေတဲ့ နိုင်ငံခြားသတင်းထောက်များစွာ ရှိပါတယ်။အဲဒီ သတင်းထောက်တွေဟာ စီတန်းလှည့်လည်မှုအပါအ၀င် သတင်းဖြစ်ရပ်မျိုးစုံကို သတင်းရယူနေ ပြီး အဲဒီလို သတင်း ယူတဲ့အတွက် ပြည်နှင်ဒဏ်ပေးတာမရှိခဲ့ပါဘူး။ ဒူချီးရားတန်းရွာကိစ္စကို သတင်းမှားဖြန့်ခဲ့ တဲ့ အေပီ သတင်း ထောက်ဆိုရင် အခုအချိန်ထိ မြန်မာနိုင်ငံမှာ ရှိနေပါသေးတယ်။

ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ကနေ ဧပြီ ၃၀ ရက်နေ့ အထိ ဒီဗီဘီ သတင်းထောက်များ အတွက် ဗီဇာထောက်ခံပေးမှု ရှစ်ကြိမ်ပြုလုပ်ပေးခဲ့ပြီး လက်ရှိအချိန်မှာ ဒီဗီဘီ သတင်း ထောက်လေးဦး ဟာ မြန်မာနိုင်ငံတွင်းမှာ လုပ်ငန်းဆောင်ရွက်လျှက်ရှိပါတယ်။ အဲဒီစာရင်းမှာ အထက်မှာ ပြော တဲ့ နိုင်ငံခြားသားမပါဝင်ပါဘူး။

ဗီဇာမူဝါဒတွေပြောင်းလဲခဲ့ချိန်ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တိုင်းမ်သတင်းထောက်တစ်ဦးကလွဲရင် သတင်းထောက်ဗီဇာလျှောက်ထားမှု အားလုံးကို ထောက်ခံပေးခဲ့ပါတယ်။ အဲဒီတိုင်းမ်သတင်းထောက်ကို တောင် မတ်လမှာ ပြုလုပ်ခဲ့တဲ့ East West နိုင်ငံတကာကွန်ဖရင့်ပြီးရင်လာပါလို့ ဖိတ်ခေါ်ထားပါတယ်။

ဒီလိုခွင့်ပြုပေးထားတဲ့အချိန်မှာ အခုနိုင်ငံခြားသားသာ ဒီဗီဘီ သတင်းထောက်ဖြစ်တယ်ဆိုရင် ဒီဗီဘီ သတင်း ဌာနအနေနဲ့ ဘာကြောင့် သတင်းထောက်ဗီဇာ မလျှောက်ပဲ စီးပွားရေးလုပ်ငန်းဗီဇာ နဲ့ လာရသလဲဆိုတာ မေး ရတော့မှာဖြစ်ပါတယ်။

ပြောရရင် အခု ပြည်တွင်းမှာရောက်နေတဲ့ ဒီဗီဘီက ဦးခင်မောင်ဝင်း၊ ဦးတိုးဇော်လတ် တို့ဟာ ကျွန်တော်နဲ့ လူချင်းသိပြီးလိုအပ်ရင် အမြဲဆက်သွယ်နိုင်တဲ့လူတွေဖြစ်ပါတယ်။ အဲဒီလို အခြေအနေ မှာ ဗီဇာကို လိမ်လည်လျှောက်ထားပြီး ၀င်လာ၊ ပြဿနာဖြစ်တော့မှာ ဒီဗီဘီသတင်းထောက်ဖြစ်ပါတယ်၊ ဒီလို လုပ်တာဟာ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်လို့ပြောရင် ဒီဘီဗီသတင်းဌာနရဲ့ ရိုးသားမှုကို မေးခွန်း ထုတ်ရပါလိမ့်မယ်။

ဒါ့ကြောင့် ဒီနိုင်ငံခြားသားကို ပြည်နှင်ဒဏ်ပေးတာဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဘာမှ မပတ်သက်ပါဘူး။ အဲဒီ နိုင်ငံခြားသားဟာ သတင်းထောက်ဖြစ်နေတယ်ဆိုရင် ဗီဇာလိမ်လျှောက်ခဲ့တဲ့ သူကိုယ်တိုင်နဲ့ သူ့ကို တာဝန် ပေးတဲ့ သတင်းဌာနမှာပဲ တာဝန်ရှိပါတယ်။ သူသာ သတင်းထောက်ဗီဇာနဲ့ တရားဝင် ရောက်ရှိ သတင်းယူ နေတာဆိုရင် ဒီလိုဖြစ်မှာမဟုတ်ပါဘူး။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved