ထိုင်းရိုးရာ ငါးပိထမင်းနယ်

Monday, June 16, 2014

 ~





   
ဆန်ကိုသာ အဓိကထားစားကြတဲ့ အာရှနိုင်ငံတွေမှာ ထမင်းကို ပုံစံအမျိုးမျိုး ပြုပြင်ဖန်တီးပြီး စားသောက်လေ့ရှိကြပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာလည်း ထမင်းကို အသားဟင်းနဲ့ တွဲဖက်စားသောက်ကြသလို၊ အရပ်ဒေသ အသီးသီး လိုက်လို့ ဟင်း သီးဟင်းရွက်၊ ဟင်းခတ်အမွှေးကြိုင် စတဲ့ တန်ဆာပလာတွေထည့်ကာ သုပ်လို့ တမျိုး၊ ကြော်လို့ တဖုံ အသွင် အမျိုးမျိုးနဲ့ စားသောက်ကြတတ်ကြပါတယ်။

ဥပမာ- ရှမ်းပြည်နယ်မှာ ဆိုရင် ငါးထမင်းနယ်၊ အာလူးထမင်းနယ်၊ ကချင် ထမင်းထောင်း၊ ရှမ်းထမင်းချဉ် စသည်ဖြင့် ထမင်းအခြေခံကာ ရိုးရာအစားအစာတွေအဖြစ် အမျိုးမျိုးပြုပြင်ပြီး စားကြတာ အားလုံးအသိပါ။

တခြား အာရှနိုင်ငံအသီးသီးမှာလည်း ထမင်းကိုအခြေခံပြီး အသားဟင်း၊ အသီးအရွက်တို့နဲ့ တွဲဖက်ကာ ပြုပြင်ထားတဲ့ ရိုးရာ အစားအသောက်တွေလည်း အများအပြားရှိကြပါတယ်။

အဲဒီလို အများပြားရှိကြတဲ့အထဲက အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ရိုးရာအစားသောက်တခုဖြစ်တဲ့ ထိုင်းအခေါ် ခေါက်ခုလ်ကပိ (Khao Kluk kapi ) အကြောင်းကို ဒီတပတ် ပြောပြချင် ပါတယ်။

ငါးပိဆိုလို့  စူးရှတဲ့ အနံ့ပြင်းပြင်း အငန်ကဲကဲ အစားအစာဖြစ်တယ်၊ နိုင်ငံခြားသားတွေကတော့ ကြိုက်မှာမဟုတ်ဘူး၊ နောက်ပြန်လှည့်ပြေးကြမှာပဲလို့တော့ မထင်လိုက်ပါနဲ့ ။

ခေါက်ခုလ်ကပိဟာ ပုံမှန်စားနေကြ ငါးပိပါတဲ့ အစားတွေလို အငန်ကဲကဲ၊ အနံ့ပြင်းပြင်း အစားအစာမျိုးတော့ မဟုတ်ပါဘူး။

ငါးပိပါတယ်ဆိုရုံလေး ညိုဖျော့ဖျော့အရောင် ပုဇွန်ငါးပိရဲ့ မွှေးတဲ့အရသာ ပေါ်လွင်အောင် ပြုလုပ်ထားတဲ့ အစားအစာ တမျိုး ဖြစ်ပါတယ်။

ထမင်းဆိုမှတော့ ဟင်းနဲ့တွဲဖက်စားရပြီပေါ့။ အဲဒီအတွက်လည်း တွဲဖက်စားဖို့အတွက် ၀က်သားအချိုချက်၊ ကြက်ဥကြော်၊ သရက်သီးစိမ်း၊ သခွားသီး၊ ပဲသီး အစုံပါပါတယ်။

ဝက်သားဟင်းရဲ့ ချိုတဲ့အရသာ၊ ကြက်ဥကြော်ရဲ့ဆိမ့်တဲ့အရသာ၊ သရက်သီးစိမ်းရဲ့ ချဉ်ဖြုံးဖြုံးအရသာ၊  ကြက်သွန်နီစိမ်းနဲ့ သခွားသီးရဲ့မွှေးတဲ့ရနံ့ နဲ့ အတူ၊ ငရုပ်သီးစိမ်းရဲ့စပ်တဲ့အရသာတွေပါ ပေါင်းပြီး ထွက်လာတဲ့၊  ထိုင်းရိုးရာ ပုစွန် ငါးပိထမင်းနယ်ကို အာရှသားတွေသာမက အနောက်နိုင်ငံသားတွေပါ အကြိုက်တွေ့နေကြပါပြီ။


  • ငါးပိထမင်း ပြုလုပ်ရန် လိုအပ်တဲ့ ပါဝင်ပစ္စည်းများ

လူ ၅ယောက်စာ မိသားစုအတွက်ဆိုရင် မိမိနှစ်သက်ရာဆန်ကို နို့ဆီဗူး ၁လုံးခွဲခန့်ကို  မပျော့လွန်း မမာလွန်း အနေတော် ချက်ပါ။

ဆီ၊ သကြား၊ ပုစွန်ငါးပိကောင်းကောင်း၊ ပုစွန်ခြောက်မှုန့်၊ ညက်နေအောင်ထောင်းထားတဲ့ ကြက်သွန်ဖြူတို့လည်း စတီးဇွန်း ၁ ဇွန်းစာ ပမာဏ အဆင်သင့်ပြင်ထားပါ။ ငါးငံပြာရည်ကတော့ လက်ဖက်စားဇွန်း ၁ဇွန်းစာခန့် လိုအပ်ပါတယ်။


  •  ၀က်သားအချိုချက် အတွက် ပါဝင်ပစ္စည်းများ

ဝက်သားသုံးထပ်သား (သို့မဟုတ်) အသားချည်းသက်သက် ၂၅ကျပ်သားကို လက်တစ်ညှိုးခန့်အရွယ် လှီးထားဖို့လိုပါတယ်။ အချိုအတွက် ကြံသကာအနှစ် စတီးဇွန်း ၂ဇွန်း လည်း လိုအပ်ပါတယ်။ အကယ်၍ ကြံသကာာအရည်မရနိုင်ရင်တော့ ၂လက် မခန့်ရှိတဲ့ ကြံသကာအခဲကို ချေထည့်နိုင်ပြီး၊ သကြား အနည်းငယ်လည်း လိုအပ်ပါတယ်။

ဒါ့အပြင် ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၊ ပဲငံပြာရည် အကြည် နဲ့ အနောက် နှစ်မျိုး၊ ငါးငံပြာရည်၊ ဆီ စတာတွေလည်း စတီးဇွန်း ၁ဇွန်းစာခန့်စီ ပြင်ဆင်ထားရမှာဖြစ်သလို၊ ကြက်သွန်နီ  ၃လုံး နဲ့ ရေ အနည်းငယ်လည်း လိုအပ်ပါတယ်။


  •  တွဲဖက်စားသုံးရမယ့် အခြား အဆာပလာများ

ကြက်ဥ ၂လုံး ၊ ပုဇွန်ခြောက်အချို အကောင်ကြီးကြီး ၂၀ ခန့်၊ တရုတ် ၀က်အူချောင်း ၃လက်မလောက် အရှည် ၅ချောင်း၊ သရက်သီးစိမ်း ၁ လုံး၊ သခွားသီး ၁လုံး၊ ပဲတောင့် ရှည် ၃တောင့်၊ သံပုရာသီး ၁ လုံး၊ ငရုပ်သီး၁၀ တောင့် နဲ့ ကြက်သွန်နီ သေးသေး ၅လုံး တို့  လိုအပ်ပါတယ်။

 


ပါဝင်ရမယ့်ပစ္စည်းတွေ ပြည့်စုံပြီဆိုရင်တော့ ပြင်ဆင်ကြရအောင်ပါ။

ပထမဆုံး ကြက်ဥ ၂လုံးကို နာနာခေါက်ထားရပါမယ်။ ဒါပြီးရင်တော့ ဒယ်အိုးထဲမှာ ဆီ စတီးဇွန်း ၁ဇွန်းစာကိုထည့်ပြီး၊ မီးအနေတော်နဲ့ အချပ်လိုက် ပါးနိုင်သမျှ ခပ်ပါးပါးရအောင် မျက်နှာစာနှစ်ဘက် လှန်ကြော်ပါ။  ပြီးရင် အလိပ်လိပ်ထားပြီး ပန်းကန်တချပ်ထဲမှာ ဆယ်ထားပါ။

အေးသွားတဲ့ အခါမှာကြက်ဥအလိပ်ကို အမျှင်လေးတွေဖြစ်အောင် ပါးပါးလေးတွေလှီးပြီး ပန်းကန်ထဲတည့်ထားပါ။ အဲဒီ နောက် ၀က်အူချောင်းကိုလည်း ပါးပါးလေးတွေလှီးပြီး ကြော်ပါ။

ပုဇွန်ခြောက်အချို အကောင်ကြီးကြီး ၂၀ ကိုလည်း ဆီနည်းနည်းနဲ့ကြော်ပြီး ပန်းကန်တချပ်ထဲ ထည့်ထားပါ။

ဒါပြီးရင်တော့ သရက်သီးစိမ်းကို အခွံခွာကာ အမျှင်လေးတွေရအောင် ခြစ်ထား၊ သခွားသီးကိုလည်း အခွံသင်ပြီး အကွင်း လိုက် ပါးပါးလှီးသလို၊ စောစော အရန်သင့်ထားတဲ့ ပဲသီးတောင့် ၃ တောင့်  နဲ့ ငရုတ်သီး ၁၀ တောင့်ကိုလည်း ပါးပါးလှီးပါ။

သံပုရာသီးလေးတွေကိုလည်း အနေတော်စိပ်လို့ အဆင်သင့်ပြင်ပြီးပြီဆိုရင်တော့ ငါးပိထမင်းအတွက် ပြင်ဆင်ကြရအောင်။

အဲဒီအတွက် ဒယ်အိုးကို မီးအနေတော် အပူပေးရပါမယ်။ အဲဒါပြီးရင်တော့ ဆီကို စတီးဇွန်း ၁ဇွန်းစာ ထည့်ပါ။

ဆီပူလာတဲ့အခါမှာတော့  ညက်အောင်ထောင်းထားတဲ့ ကြက်သွန်ဖြူ စတီးဇွန်း ၁ဇွန်းစာကိုထည့် ဆီသတ်၊ ကြက်သွန်ဖြူ အနီရောင်သန်းလာရင်တော့ ပုဇွန်ခြောက်မှုန့် စတီးဇွန်း ၁ ဇွန်းကို ထပ်ထည့်ပြီးကြော်ပါ။

၁မိနစ်လောက်ကြာရင်တော့ ပုစွန်ငါးပိကို စတီးဇွန်း ၁ဇွန်းစာ ချိန်ပြီး ထည့်ပါ။ အနံ့မွှေးလာတဲ့အထိ ၂မိနစ်ခန့် ကြော်ရပါမယ်။

ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်မှုန့်၊ ငါးပိ သုံးမျိုးလုံး ရောကြော်လိုက်လို့ အနံ့လေးမွှေးလာပြီဆိုရင်တော့ မီးပိတ်လိုက်ပြီး၊ ချက်ထားတဲ့ထမင်းကို ၃ကြိမ်လောက် ခွဲပြီးထည့်ပါ။

ပထမအကြိမ် ထည့်ပြီးနောက် ငါးငံပြာရည် လက်ဖက်စားဇွန်း၁ဇွန်းနဲ့ သကြားကို စတီးဇွန်း ၁ဇွန်း စာ ထည့်ပြီး၊ ထမင်းကို ပုံစံမပျက်စေအောင် ဇွန်းနဲ့ အထက်အောက်မွှေပါ။

ငါးပိနဲ့အတူ ဆီသတ်ထားတဲ့ အရောအနှောတွေကို သမအောင်၊ ထမင်းလည်း ပုံမပျက်အောင် သေချာ ဖွဖွလေး မွှေရပါမယ်။

အထက်အောက် နှံ့နှံ့စပ်စပ်မွှေပြီးရင်၊ နောက်ဆုံး ထမင်းတကြိမ် ထပ်ထည့်ပြီး သေချာအောင် ဖြေးဖြေးချင်း မွှေလိုက်တယ် ဆိုရင်ပဲ အရသာရှိလှတဲ့ ပုဇွန်ငါးပိ ထမင်းနယ်ကို ရပါပြီ။

ဒါပြီးရင်တော့ တွဲဖက် စားရမယ့် ၀က်သားအချိုချက်အတွက် ပြင်ဆင်ဖို့ ဆက်ပြီး လုပ်ရပါမယ်။

မီးအနေတော်နဲ့ အပူပေးထားတဲ့ ဒယ်အိုးထဲကို ဆီ စတီးဇွန်း ၁ဇွန်းစာထည့်ပြီး၊ ထောင်းထားတဲ့ ကြက်သွန်ဖြူ စတီး ဇွန်း ၁ဇွန်းစာနဲ့ ဆီသတ်ပါ၊၊

၂မိနစ်လောက်ကြာရင် ကြက်သွန်ဖြူ  ညိုရောင်သန်းလာပါလိမ့်မယ်။ အဲဒီအခါ ၀က်သားကိုထည့်ပြီး၊ ကြံသကာအနှစ်နဲ့ သကြားကိုလည်း ထည့်လိုက်ပါ။

အဲဒီနောက် ပဲငံပြာရည်အကြည်နဲ့  ကြက်သွန်နီ ၃လုံးကို ထည့်ကာ ၀က်သားနဲ့ အဆာပလာတွေ လုံးမိအောင် ၃မိနစ် လောက် ထားပါ။

ဝက်သားနဲ့ အဆာပလာတွေ လုံးမိပြီး၊ ၀က်သားက ရေထွက်တာ ခန်းပြီဆိုရင်၊ ပဲငံပြာရည်အနောက် ထည့်လိုက်ပြီး သမအောင် ဆက်မွှေရပါမယ်။

အဲဒီအဆင့်ပြီးရင် ရေကို ၀က်သားမြုပ်အောင်ထည့်ပြီး အိုးကိုအဖုံးပိတ်လို့ ၀က်သားနူးအောင် ဆက်တည်ထားပါ ။

ဝက်သားရေခန်းပြီး နူးလာပြီ၊ ဆီပြန်လာပြီဆိုရင်တော့ ငါးပိထမင်းနယ်နဲ့  တွဲဖက်စားသုံးရမယ့် အရံဝက်သား အချိုဟင်းကို ရပါပြီ။

ပါဝင်တဲ့ အမယ်တွေ အစုံအလင် ချက်ပြုတ်ပြီးစီးပြီဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း ပန်းကန်ပြားတချပ်ထဲမှာ လှလှပပလေး ပြင်ဆင်လို့ သုံဆောင်နိုင်ပါပြီ။ အအီပြေအောင် သံပုရာသီးလေး ညှစ်ဆမ်းပြီး စားနိုင်သလို သစ်သီးဖျော်ရည် ချဉ်ချဉ်လေးတခွက်နဲ့ တွဲဖက်ပြီးလည်း သုံးဆောင်နိုင်ပါတယ်။

ဒီနည်းအတိုင်း ကိုယ်တိုင်လုပ်စားပြီးလို့ အကြိုက်တွေ့သွားပြီ ဆိုရင်လည်း မိမိရဲ့ အပေါင်းအသင်းတွေကို ညွှန်းပေးဖို့ မမေ့ကြနဲ့ဦးနော်။

မမသက်

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved