ဝီကီပီဒီယာနဲ့ တယ်လီနောမြန်မာ

Wednesday, June 25, 2014

 ~


 လူကြည့်အများဆုံး အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ Wikipedia နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တယ်လီနောမြန်မာက သတင်းထုတ်ပြန်ပါတယ်။
 

ရန်ကုန်မြို့ တယ်လီနောရုံး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


တယ်လီနောအသုံးပြုသူများသည် Wikipedia ကြည့်ရှုရာတွင် အင်တာနက် အသုံးပြုခ ပေးရန်မလိုဘဲ စက်တင်ဘာလ ဝန်ဆောင်မှုစတင်သည့် အချိန်မှစ၍ အသုံးပြုနိုင်မည်ဖြစ်ပါသည် လို့ ထုတ်ပြန်ချက်မှာ ရေးထားတာ တွေ့ရမှာပါ။

စိတ်ဝင်စားစရာကောင်းပါတယ်။

သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဆက်စပ်ဖတ်စရာ -

  • http://burma.irrawaddy.org/news/2014/06/04/59886.html


  • မြန်မာနိုင်ငံသို့ ဒစ်ဂျစ်တယ်စာမျက်နှာများ ယူဆောင်လာခြင်း

    တယ်လီနောမြန်မာနှင့် Wikimedia တို့ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်


    တယ်လီနော ၊ the Wikimedia Foundation နှင့် the Myanmar Wikipedia community တို့သည် အခမဲ့ အသုံးပြုနိုင်သော ကမ္ဘာ့အကြီးဆုံး စွယ်စုံကျမ်းဖြစ်သည့် Wikipedia အတွက် မြန်မာစာဖြင့် ဖတ်ရှုနိုင်သည့် ဒစ်ဂျစ်တယ် စာမျက်နှာများကို ဖန်တီးနိုင်ရန်အတွက် ပထမဆုံးအကြိမ် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

    အလုပ်ရုံဆွေးနွေးပွဲအား တယ်လီနောရုံးချုပ်တွင် ဇွန်လ ၂၁ရက်နေ့၊ စနေနေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝါရင့် Wikipedia တွင် ပါဝင်ရေးသားသူများတက်ရောက် ဆွေးနွေးခဲ့ပါသည်။ ပွဲတွင် လုပ်အားပေး စတင်ရေးသာမည့်သူများ နှင့် မိတ်ဆက်ပေးခဲ့ပြီး ဘာသာပြန်ရန်လိုအပ်သည့် ဒစ်ဂျစ်တယ်စာမျက်နှာများကို ခွဲခြားသိရှိခြင်း၊ ရေးပြီး ဆောင်းပါးများကို ပြန်လည်ပြင်ဆင်နည်း နှင့် Wikipedia community သို့အသစ်ဝင်ရောက်လာသော အသင်းဝင်များကို သင်ကြားပေး နည်းတို့ကို လေ့လာနိုင်ခဲ့ပါသည်။

    “မြန်မာပြည်သူတွေအတွက် Wikipedia ကို ယူဆောင်လာနိုင်ပြီး the Wikimedia Foundation နဲ့ the Myanmar Wikipedia community တို့နဲ့ လက်တွဲဆောင်ရွက်မှုကို စတင်နိုင်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ Wikipedia ဟာ အချက်အလက်ရယူနိုင်မှုမှာ အရေးပါတဲ့အရာတစ်ခုဖြစ်ပြီး တယ်လီနောအသုံးပြုသူတွေအတွက် Wikipedia ကြည့်ရှု ရာမှာ အင်တာနက်အသုံးပြုခ ကောက်ခံခြင်းမပြုဘဲ အခမဲ့ ကြည့်ရှုနိုင်ရန် စီစဉ်ထားပါတယ်။ တယ်လီနောနဲ့  တယ်လီနော ဝန်ထမ်းတွေက Wikipedia မှာ မြန်မာစာနဲ့ စာမျက်နှာများဖန်တီးရေးသားနိုင်ရေးအတွက် တက်ကြွစွာ ပါဝင် ပံ့ပိုးလျက်ရှိပါတယ်။” ဟု တယ်လီနောမြန်မာ CEO Mr. Petter Furberg ကပြောကြားခဲ့ပါသည်။

    Wikipedia သည် လုပ်အားပေးစာရေးသူများ (volunteer author) ရေးသားထားသော ဆောင်းပါး သန်း၃၀ ကျော်ရှိပြီး ဘာသာ ၂၈၇ မျိုးဖြင့်ရေးသားထားပါသည်။ တစ်လတွင် ဝင်ရောက်ကြည့်ရှုသူ သန်း ၄၉၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် လူကြည့်အများဆုံး အင်တာနက်စာမျက်နှာများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။

    မြန်မာဘာသာဖြင့် Wikipedia စာမျက်နှာ my.wikipedia.org တွင် မြန်မာဘာသာဖြင့် ဆောင်းပါး ၃၀၀၀၀ နီးပါးသာ ရှိပါသည်။ ဖတ်ရှုနိုင်မည့် စာမျက်နှာများကို ဖန်တီးနိုင်ရန်မှာ Wikipedia Zero စတင်နိုင်ရန်အတွက် ပထမ ခြေလှမ်းတစ်ခုဖြစ်ပါသည်။ တယ်လီနောအသုံးပြုသူများသည် Wikipedia ကြည့်ရှုရာတွင် အင်တာနက် အသုံးပြုခ ပေးရန်မလိုဘဲ စက်တင်ဘာလ ဝန်ဆောင်မှုစတင်သည့် အချိန်မှစ၍ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

     ဦးငွေထွန်းသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Wikipedia ရေးသားသူများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး တယ်လီနောမြန်မာနှင့် လက်တွဲကာ အလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ပါသည်။ “မြန်မာနိုင်ငံမှာ မြန်မာဘာသာနဲ့ အင်တာနက်စာမျက်နှာများလိုအပ်လျက်ရှိပြီး မြန်မာလူထုအသိုင်းအဝိုင်းမှာ ဝိုင်းဝန်းပါဝင်ပြီး စာရေးသားပေးတဲ့သူတွေ တိုးလာအောင်ရည်ရွယ်ပြီး ဆောင်ရွက်နေပါတယ်။ စာရေးသူများလာလေလေ အင်တာနက် ဆောင်းပါတွေ များလာလေလေပါပဲ။ Wikipedia သုံးတာလည်း ပိုများလာတာပေါ့။ လူ့အသိုင်းအဝိုင်းအတွက် လူ့အသိုင်းအဝိုင်းကပဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ အသိပညာဆိုတာ စွမ်းအားတစ်ခုဖြစ်ပြီး Wikipedia က ယုံကြည်စိတ်ချရတဲ့၊ အသုံးဝင်တဲ့၊ ဘက်မလိုက်တဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်ပါတယ်။” ဟု ဦးငွေထွန်းက ပြောကြားခဲ့ပါသည်။

    တယ်လီနောအဖွဲ့သည် Wikimedia Foundation နှင့် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး အာရှနှင့် အရှေ့တောင်ပိုင်း ဥရောပမှ တယ်လီနောအသုံးပြုသူများကို ဒေတာအခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ တယ်လီနောမြန်မာနှင့် လက်တွဲဆောင်ရွက်မှု သဘောတူညီမှု စာချုပ်ကိုမူ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

    Wikimedia Foundation မှ Head of Global Mobile Partnerships ဖြစ်သော Carolynne Schloeder က “Wikimedia Foundation ဟာ ကမ္ဘာပေါ်ရှိ လူသားအားလုံး အသိပညာ အချက်အလက် အားလုံးကို အခမဲ့ရရှိနိုင်ဖို့ ရည်မှန်းထားပါတယ်။ တယ်လီနောရဲ့ကူညီမှုနဲ့ မြန်မာပြည်သူတွေ အတွက် ဘက်ပေါင်းစုံမှ အသိပညာ ဖလှယ်တဲ့ Wikipedia မှာ ပါဝင်ဆင်နွှဲနိုင်ပါပြီ။ Myanmar Wikipedia community အတွက် တယ်လီနောမှ ထောက်ပံ့ပေးတဲ့ အတွက်ကိုလည်း ကျေးဇူးတင်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

     



    .

    0 comments :

    Post a Comment

     
    Copyright © 2014 Irrawaddy Publishing Group. All Rights Reserved