ဒေါက်တာဗမော်ဟာ အနောက်တိုင်း က ပညာတတ်တယောက်ပဲ ။ ပညာရှင်ပဲ။ မြန်မာပြည်မှာ
အဦးဆုံး
ဒေါက်တာ ဘွဲ့ ရ သူတွေထဲမှာ ပါတယ်။
ဒါပေမယ့် သမိုင်းမှာ မှားနေတဲ့ ဖက် ( Wrong Side of History ) မှာ ရပ်တည်မိတော့ ၊ မပေါင်းသင့်တဲ့ သူနဲ့ ပေါင်းမိတော့ သမိုင်း နိဂုံးချုပ် မကောင်းဘူးဖြစ်ရတယ်။ တကယ်တော့သူမှာ ချီးကြူး ဂုဏ်ပြုရမယ့် အရာတွေအများကြီးရှိတယ်။
ခု ခေတ် ပညာရှင်လို ပြောနေတဲ့သူတွေနဲ့ဘာမှ မဆိုင်ဘူး။
၁။ သူက သူခေတ်သူအခါက တကယ်ပညာ တတ် တဲ့သူ။ အနောက်နိင်ငံက ဒေါက်တာဘွဲ့ ရ။ ဗိုလ် ချုပ်အောင်ဆန်း တို့  ဦးကျော်ငြိမ်းတို့ က သူကို ဆရာကြီးလို့ ခေါ်ခဲ့ရတယ်။ ( သူအသက် ၄၀ ခန့်  သာ ရှိသေး)
၂။ ချမ်းသာတယ်။ နိင်ငံရေးကို ကိုယ်အိပ်ထဲက ကို်ယ်စိုက် လုပ်ခဲ့တယ်။ လာဘ်စားခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိဘူး။
၃။ လွတ်လပ်ရေးအတွက် တကယ်လုပ်ခဲ့တယ်။ ဆရာစံ အတွက်ရှေ့ နေလိုက်ခဲ့တယ်။ ဗိုလ်ချုပ်တို့  ဂျပန် သွားဖို့ အတွက် ရံပုံငွေ (လမ်းစာရိတ်)ပေးခဲ့တယ်။
၎ ။ ဂျပန်ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး အောက်မှာသူမနေကြောင်းကို ထပြောရဲတဲ့ခေါင်းဆောင်း တဦး
ဖြစ်ခဲ့တယ်။ ဒီအစည်းဝေးက ဂျပန် ဦးစီးလုပ်တဲ့အာရှသာတူညီမျှ အစည်းဝေး (အင်ဒိုနီးရှား ဘန်ဒေါင်း အစည်းဝေး) ပါ။ ဒီအစည်းဝေးမှာ တခြား အာရှ ခေါင်းဆောင်တွေ မကန့် ကွက် ရဲကြဘူး။
ဒါပေမယ့် သမိုင်းအလှည့်အပြောင်းမှာ သူအခန်းကဏ ပျောက်သွားတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သူက အမေရိကန် အင်္ဂလိပ် ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့လက်မတွဲ နိင်ခဲ့ဘူး။
အမျိုးသားရေး ငယ်ထိပ်ရောက်နေတော့ ဖက်ဆစ်ဂျပန် နဲ့လက်တွဲမိရက်သားဖြစ်သွားတယ်။ သူလက်တွဲ ခဲ့တဲ့ ဂျပန် က စစ်ကြီးမှာ အရှုံး နဲ့ ရင်ဆိုင်ရသူဖြစ်သွားတယ်။
ဒီတော့ သူပါ စစ်တရားခံထဲပါသွားရခြင်းဖြစ်တယ်။ သူလို ပညာတတ်၊ အနောက်တိုင်း ပညာတတ်က အနောက်တိုင်းသားတွေဦးဆောင်နေတဲ့စစ်ပွဲ ဟာ နိင်ချေရှိသလား၊ ရှုံးချေရှိသလား။
အနောက်တိုင်းနိင်ငံရေးစနစ်ကို သူဘာကြောင့်မသိခဲ့သလဲ တွေးတောစရာတွေရှိခဲ့တယ်။ ၁၉ ရာစုမှာ အနောက်တိုင်းကို ရောက်သွားတဲ့ မြန်မာ နိင်ငံရေးသမား ၄ ဦးရှိခဲ့တယ်။
၁။ ကင်းဝန်မင်းကြီး ၂။ ဒေါက်တာဘမော် ၃ ။ ဦးစော ၄ ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်တယ်။
ဒီထဲမှာ ကင်းဝန်မင်းကြီး နဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အနောက်တိုင်း တန်ဖိုး၊ သမိုင်း၊ စီးပွားရေး၊ စက်မှု စတဲ့ နက်ရှိုင်းတဲ့ သခန်းစာတွေရခဲ့ကြပုံရတယ်။
ဒါကိုသူတို့ စာတွေမှာထင်ဟတ်နေတယ်။ ဒေါက်တာဘမော်တို့ ဦးစောတို့ စာတွေမှာတော့ အနောက်တိုင်း ရဲ့  အာအင်းအမှန်ကို မမြင်ခဲ့ကြဘူး။
ဒီလိုဖြစ်ရတဲ့အကြောင်းက တော့ ဒေါက်တာဘမော်ဟာ အမျိုးသားရေး စိတ်ငယ်ထိပ်ကိုရောက်နေတယ်။
( အခု မဘသ ဘုန်းကြီးတွေလိုဖြစ်နေဟန်တူတယ်။)
နိုင်ငံရေး၊စီးပွားရေ ပညာတွေကိုအထူးပြု လေ့လာခဲ့ရပုံမပေါ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့  Burma Challenge မှာ ဆိုရင် သူဟာ နိင်ငံတော်တခုကို ကောင်းကောင်း အုပ်ချုပ်နိင်တဲ့ဆိုတဲ့ နိင်ငံရေး စီးပွားရေး အရည်အသွေး ပေါ်လွင်နေတယ်။
သူဟာ အနောက်တိုင်း ပညာတတ် မဟုတ်ဘူး ။ ဒါပေမယ့် အနောက်တိုင်း Concept ကို သူက စနစ် တကျ လေ့လာ ခဲ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်။
သူဟာ စစ်တွင်းကာလ ဂျပန်ဖက်မှာ ဒေါက်တာ ဘမော်နဲ့ အတူရပ်တည်ခဲ့တယ်။
ဂျပန် မြန်မာ ပြည်ထဲကိုရာက်လာတဲ့အခါမှာတော့ သူဟာ ဘယ်ဖက်မှာရပ်တည်ရတော့မယ် ဆိုတဲ့ အသိအမြင်ကို ရခဲ့တယ်။ သမိုင်းဆိုင်ရာရပ်တည်ချက်ရွေးခြည်မှု မှန်ကန် သွားခဲ့တယ်။
အခု တလော အနောက်တိုင်း ပညာရှင်ဆိုသူတွေကိုယ်ကို ကိုယ်မေးရမှာက
၁။ ငါဟာ နိင်ငံတကာ တန်းဝင် ပညာရှင်တကယ်ဖြစ်ပြီလား။
၂။ ငါရပ်တည်နေတဲ့ဖက်က မှန်ကန် တဲ့ရပ်တည်ချက်လား ဆိုတာပဲဖြစ်တယ်။
ဒီနေ့  မြန်မာစစ်တပ်ဟာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးကတည်းက သမိုင်းမှာ မှန်ကန် တဲ့ဖက်မှာ တခါမှာ မရပ်တည်နိင်သေးဘူး။ သူတို့ ကိုမှန်ကန် တဲ့ဖက်မှာ ရပ်တည်ဖို့  ပြောရမှာက ပညာရှင်တွေရဲ့  အလုပ်ဖြစ်တယ်။
သမိုင်း ရဲ့ မှားနေတဲ ဖက်မှာ မရပ်တည်ဖို့  ပြုပြင်ပြောင်းလဲရေး အင်အားစု တွေနဲ့  လက်တွဲဖို့ ပြောရမယ်။ ဒီလိုမပြောပဲ သူတို့ နဲ့ အတူ လိုက်ပါမှားနေခြင်းဟာ ပညာရှင်မဟုတ်။ ပညာမဲ့တွေသာဖြစ်တယ်။ ကိုယ်ကျိုး ရှာသူတွေသာဖြစ်တယ်။ ပညာ ဆိုတာ အမှားအမှန်ကို ခွဲခြားသိအောင် သင်ကြရတာ၊ လေ့လာကြရတာ။ အမှားအမှန်ကို မခွဲခြားနိင်သူကို ပညာတတ်လို့ မခေါ်သင့်ဘူး။
မိုးသီးဇွန် ~

ဘယ်သူတုန်း မှတ်တယ်.. မိုးသီးဇွန်ကိုး... ကြီးကြီးကျယ်ကျယ်.. မတန်မရာစကားတွေ မပြောစမ်းနဲ့..