သေဆုံး မှုများ ရှိခဲ့ကာ၊ စစ်ရေး အင်အားကို အပြန်အလှန်တိုးမြှင့် ချထားသည့် အခြေအနေထိ ဆိုက်
ရောက် သွားခဲ့ရာမှ ယခုအခါ ပြေလည်မှု ရသွား ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ အစိုးရများ က ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ခြံစည်းရိုး ကာရံထားသည်ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – နိရဉ္ဖရာ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ ပဋိပက္ခဖြစ်ပွားမှု၊ လူသေဆုံးမှုများ မကြာခဏ ရှိခဲ့သည့်တိုင် လူမသိ လူမသိ ပြီးဆုံးသွားလေ့ ရှိခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ( BGB ) အဖွဲ့ဝင် တဦး မေလ ၂၈ ရက်နေ့က ပစ်သတ်ခံ လိုက်ရသည့် သတင်းသည် နိုင်ငံတကာသို့ ပြန့်နှံ့ သွားပြီး၊ နှစ်နိုင်ငံ စစ်ဖြစ်တော့မည်ဟုလည်း လူမှု ကွန်ရက် စာမျက်နှာများ၌ ဆူညံသွားခဲ့ ရသည်။
ပြဿနာများ ကျယ်ပြန့်သွားခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်ဦးမှု ရယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာသံအ မတ်ကြီးကို ဆင့်ခေါ်ပြီး ၎င်းတို့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ပျောက်ဆုံးနေမှုကို စစ်ဆေး ၍ အမြန်ဆုံး ပြန်ပေးရန် ပြောဆိုခြင်း၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့ခြင်း ကို ချက်ချင်း လုပ်ဆောင်ခဲ့သည့် သတင်းများ ပြန့်သွားရာမှ စတင် ခဲ့သည်ဟု ဆိုရပေမည်။
လူသေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့၌သာ ရှိသည် မဟုတ်ဘဲ မေလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အ ကြား အပြန်အလှန် ပစ်ခတ်မှုကြောင့်လည်း မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ခဲ့ ရသည်။
သို့သော် ထိုသတင်း နှင့် ပတ်သက်၍ မြန်မာ အစိုးရ ထုတ် သတင်းစာများက ဖော်ပြခြင်း မရှိခဲ့ သကဲ့သို့ နှစ်
နိုင်ငံ အကြား ဆက်ဆံရေးလည်း ပုံမှန် အ တိုင်း ရှိနေခဲ့သည်။ မြန်မာရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ် BGB အဖွဲ့နှင့်တိုက်ခိုက်မှုကြောင့် သေဆုံးခြင်း မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း အခြေစိုက် လှုပ်ရှားနေသည့် RSO (Rohingya Solidarity Organization ) အကြမ်းဖက်အဖွဲ့က ခြုံခို တိုက်ခိုက် မှု ကြောင့်ဟု မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့က မီဒီယာများကို ဖြေဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရ ကမူ ၎င်းတို့နိုင်ငံတွင်း၌ RSO အဖွဲ့ လုံးဝ မရှိကြောင်း ငြင်းဆိုထားသည်။
RSO အဖွဲ့ မရှိပါက မြန်မာရဲတပ်ဖွဲ့ဝင်များအား မည်သည့်အဖွဲ့က ပစ်ခတ်သည်ဆိုသည်ကိုလည်း နယ်စပ်
ဒေသနေ ပြည်သူ များက သိလိုနေကြသည်။ ပြီးခဲ့သည့်နှစ်ကလည်း မြန်မာ့ တပ်မတော် ဆောက်လုပ်ရေး တပ်ဖွဲ့မှ စစ်သား ၃ ဦးသည် နယ်စပ် ၌ တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးနေခဲ့သည်မှာ ယနေ့တိုင်ဖြစ် သည်။
သို့သော် မြန်မာ အစိုးရ အနေဖြင့် စစ်သားများ ပျောက်ဆုံးနေခြင်း၊ ရဲတပ်ဖွဲ့ဝင်များ သေဆုံးရခြင်းနှင့် ပတ်သက်၍ အလေး ထားမှု မရှိသည်မှာလည်း မိမိတို့ နိုင်ငံသားများ ဆုံးရှုံးရမှု အတွက် ၀မ်းနည်းစရာ၊
မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မြန်မာ တပ်ဖွဲ့၏ မှားယွင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် စစ်သား၏ အလောင်းကို ဘင်္ဂလားဒေ့ရှ် နိုင် ငံက ပြန်လည် တောင်းယူပြီး၊ စစ်အခမ်းအနားနှင့်သူရဲကောင်း သဖွယ် အသုဘ အခမ်းအနား ကျင်းပသည်ကိုလည်း ဘင်္ဂ လားဒေ့ရှ် စစ်ဖက်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာများ၌ ဖော်ပြ ထားသည်ကို တွေ့ရသည်။
ထို့အတူ မေလ ၂၈ ရက်နေ့ဖြစ်ရပ်နှင့်ပတ်သက်၍ နယ်စပ်ဒေသ အခြေအနေများကိုလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ စစ်ဘက် ဆိုင်ရာ စာမျက်နှာများ၌ အချိန်နှင့်တပြေးညီ တင်ပြခြင်း၊ BGB အရာရှိကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် မီဒီယာများ က ရေး သားခြင်းများ အပြင် ဘင်္ဂလားဒေ့ရှ် ပါလီမန်ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ နယ်စပ်ဒေသ၌ စစ်ရေး အင်အား တိုးချ၍ အဆင်သင့် ပြင်ဆင်ထားရန် အစိုးရထံ တိုက်တွန်းကြောင်း သတင်းများ ဖော်ပြခဲ့ကြသည်။
အလားတူ မြန်မာ လူမှုကွန်ရက်စာမျက်နှာများ၌လည်း နှစ်နိုင်ငံ စစ်ဖြစ်တော့ မည်ဖြစ်ကြောင်း၊ မြန်မာ တပ်မတော် ရေ၊ လေ တို့ မှ စစ်ကြောင်းများ ရခိုင်ဒေသသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း၊ မြန်မာ စစ်တပ် ပစ်ခတ်၍ ဘင်္ဂါလီ စစ်သား ရာချီသေဆုံး သွား ပြီ ဖြစ်ကြောင်း စသည့် သတင်းများနှင့် လူမျိုးရေး မုန်းတီးမှု လှုံဆော်ရေးသားမှုများကို တွေ့ရသည်။
လူမှုကွန်ရက်ပေါ်မှ စစ်ပွဲကြီးကြောင့် မြန်မာ အစိုးရ အာဏာပိုင်များထံ မီဒီယာများက ဆက်သွယ်ခဲ့
သော်လည်း အချိန်နှင့်တ ပြေးညီ မရခဲ့ကြပေ။ ထို့အတူ အစိုးရ၏ လူမှုကွန်ရက် စာမျက်နှာများ၌လည်း မည်သည့် မက်ဆေ့ခ်ျကိုမှ ဖော်ပြမှု မရှိခဲ့သည် ကို တွေ့ရသည်။
ရခိုင်ပြည်နယ် အာဏာပိုင်များကလည်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်မှု မရှိခဲ့ပေ။ နယ်စပ် ဒေသ ရဲ အရာရှိ တချို့၏ ဖြေဆိုမှုကို ကိုးကား၍ မီဒီယာ တချို့က သာ ဖော်ပြနိုင်ခဲ့ကြ သည်။
အင်တာနက် လူမှုကွန်ရက်များ၌ ပွက်လောရိုက် ဆူညံ နေမှုသည် အစိုးရ အာဏာပိုင်များက သတင်းမှန်ကို အများပြည်သူ သိရှိစေရန် အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမှု မရှိ၍ဟု ပြောဆိုပါက မှားမည် မဟုတ်ပါ။
ထို့ကြောင့်ပင် အစိုးရ အပေါ် လူ အများ၏ ဝေဖန်မှု ထွက်ပေါ်လာသည်။ မြန်မာ အစိုးရအဖွဲ့သည် စစ်တပ်အပေါ် သြဇာ သက်ရောက်မှု အားနည်းနေပြီး၊ စစ် တပ်အနေဖြင့် သီးသန့် အဖွဲ့အစည်း တရပ်အဖြစ် ရပ်တည်နေခြင်းသည်လည်း အားနည်းချက် တခုဖြစ်နေပေသည်။
အစိုးရ အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားဆောင်ရွက်နေမှုကို အာရုံလွှဲလိုခြင်း၊ နိုင်ငံရေး အမြတ် ထုတ်လို ခြင်း၊ စစ်တပ် ကို ကယ်တင်ရှင် အဖြစ် ဖန်တီးလိုခြင်း စသည့် ဝေဖန်စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ၎င်းတို့ နိုင်ငံတွင်း ရှုပ်ထွေးနေသည့် နိုင်ငံရေး ပြဿနာကို အာရုံလွဲစေလို၍ နယ်စပ်အရေးကို ပုံကြီးချဲ့ကား လိုက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ လက်ရှိ နယ်စပ်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားနိုင်ငံ အစိုးရ အနေဖြင့် လည်း
ကောင်း၊ ဘင်္ဂါလီ မီဒီ ယာများ အနေဖြင့်လည်းကောင်း မြန်မာနိုင်ငံ အပေါ် လက်ဦးမှု ရယူနိုင်သွားသည် ကို ငြင်း၍ ရမည် မဟုတ်ပါ။
မြန်မာ သံအမတ်ကြီးအား ဆင့်ခေါ်၍သတိ ပေးခံရခြင်း၊ နိုင်ငံခြားရေး ၀န်ကြီးဌာနထံ ကန့်ကွက်စာ ပေးပို့ခံ ရခြင်းတို့ကို အခြေ ခံ၍သာ မြန်မာ အစိုးရ က တုံပြန်၍ သတိထောက်လွှာ ပြန်ပေးနိုင်ခဲ့သည်။
အလားတူ မိမိနိုင်ငံ၏ အချုပ် အခြာ အာဏာကို ထိပါးလာပါက သည်းခံမည် မဟုတ်ကြောင်းနှင့်ပြည်သူများ စိုးရိမ်မှု မရှိကြရန်လည်း မြန်မာအစိုးရ က ပြော ဆိုသည်ကို တွေ့ ရသည်။ ထိုအချိန်၌ နယ်စပ် အခြေအနေ မှာလည်း အတန်အသင့် ငြိမ်နေပြီ ဖြစ်သည်။
မြန်မာ အစိုးရ အနေဖြင့် ပြဿနာ တခုခု ဖြစ်ပွားပါက ထိုပြဿနာ ကြီးမား ကျယ်ပြန့်မသွားစေရေး အတွက် သတင်းမှန်ကို မြန်ဆန်စွာ မထုတ်ပြန်ခြင်းသည် ယခု တကြိမ်တည်း မဟုတ်ပါ။
မောင်တောမြို့နယ် ၌ ဖြစ် ပွားခဲ့သည့် ဒူချီးရာတန်း ပြဿနာတွင်လည်း အလားတူ ရှိခဲ့သည်။
တဖက်သတ် သတင်းများ နိုင်ငံ တကာသို့ ပြန့်နှံ့သွားသည့်အခါမှသာ သတင်းစာရှင်းလင်ပွဲ ပြုလုပ် ၍ နိုင်ငံတကာသို့ ရှင်းပြခြင်း၊ မီဒီယာ တချို့၏ လှုံဆော်မှု ကြောင့်ဟု ပြစ်တင်ခြင်းများ လုပ်ဆောင်ခဲ့သည်။
လူမှုကွန်ရက် အားကောင်းနေသည့် ခေတ်၌ အကဲဆတ်သည့် ပြဿနာ များအား သတင်းထုတ်ပြန်ရန် အချိန်ဆွဲနေခြင်း၊ ဖုံးကွယ်ရန် ကြိုးစားခြင်းသည် ကောလဟာလများနှင့်ဖြင့် ပိုမိုကြီးထွားစေ ရေးကိုသာ ဦးတည်သွားနိုင်ပါသည်။
တချို့သော ပြဿနာများသည် သေးငယ်သော်လည်း လူမှုကွန်ရက်၏ လှုံဆော်မှုကြောင့် ကြီးမား ကျယ်ပြန့်သွားကာ ထိန်း မနိုင် သိမ်းမရသည့် သာတက အများအပြားရှိနေပြီးလည်း ဖြစ်သည်။
လူမှုကွန်ရက်သည် နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ ပဋိပက္ခ ဖန်တီးလိုသူများ အတွက် အလွယ်ကူဆုံး လက်နက်လည်း ဖြစ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား၌ နယ်စပ် ပြဿနာ အပြင် ရေပိုင်နက် အငြင်းပွားမှုကြောင့်လည်း ၂၀၀၈ ခုနှစ် က ရေတပ် စစ်သဘောင်္များ၊ စစ်အင်အားများတိုးချ၍ စစ်ဖြစ်လု နီးပါးအထိ တင်းမာမှု ဖြစ်ခဲ့သေးသည်။
ထိုအချိန်မှ စတင်၍ နှစ်နိုင်ငံ နယ်စပ် တလျှောက်၌ သံဆူးကြိုးများ ကာရံခဲ့ကြပြီး မကြာခဏ ထိတွေ့ ပစ်ခတ်မှုများ ရှိခဲ့သည်။
မျက်မှောက်ခေတ်သည် အခြေအနေ အရပ်ရပ် ပြောင်းလဲနေပြီဖြစ်၍ နိုင်ငံတခုမှ တခြား နိုင်ငံတခုအား ရုတ်တရက် စစ်ကြေ ညာ၍ ၀င်တိုက်သည့် ခေတ်မဟုတ်တော့ပေ။
နှစ်နိုင်ငံ စစ်ဖြစ်ပွားရမည့် ပြဿနာများ ပေါ်ပေါက် ပါကလည်း စစ်ရေးထက် သံတမန်ရေးဖြင့် ဖြေရှင်းရန် သာ ကြိုးပမ်းနေကြပြီ ဖြစ်သည်။
ထို့အတူ အချိန်မရွေး ပြဿနာ ဖြစ်လာနိုင်သည့် နှစ်နိုင်ငံ နယ် နိမိတ် ဖြစ်နေလျှင်လည်း သတိအနေ အထားဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပေသည်။
မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ငြိမ်းအေးရန် အဖြေရှာရေး၊ ရှေးဆက် ပြဿနာ မကြီးထွားစေ ရေး၊ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အတွက် နှစ်နိုင်ငံ နယ်စပ်အရာရှိများသည် ဇွန်လ ၅ ရက်၊ ၆ ရက်နေ့တို့တွင် တွေ့ဆုံ ဆွေးနွေး၍ နှစ်နိုင်ငံ အလံတင် အခမ်းအနားကိုလည်း ကျင်းပမည် ဟု ကြေညာထားကြသည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ဖွဲ့မှ ဗိုလ်ချုပ်အဆင့်ရှိသူ တဦးကလည်း ၎င်းတို့ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်း လိုကြောင်း၊ ဆက်ဆံရေး ကောင်းလိုကြောင်း၊ အိန္ဒိယ နယ်စပ်နှင့်နှိုင်းယဉ်၍ မီဒီယာများကို ပြောဆိုသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေး ၀န်ကြီးကလည်း သံတမန်နည်း အရ ဖြေရှင်းလိုပြီး ယခုအခါ ပြဿနာများ အားလုံးနီးပါး တည် ငြိမ်နေကြောင်း ပြောဆိုထားသည်။
မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ပြဿနာသည် လက်ရှိတွင် တည်ငြိမ်နေသော်လည်း ရေရှည် တည်ငြိမ် သွားမည်ဟု မဆိုနိုင် သေးပေ။
အဘယ့်ကြောင့် ဆိုသော် လူဦးရေး အဆမတန် တိုးပွားနေသည့် ဘင်္ဂလားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုကို လုံးဝ တားဆီး နိုင်ဦးမည် မဟုတ်၍ ဖြစ်သည်။ မြန်မာ-ဘင်္ဂလား နယ်စပ်၌ ကာရံထားသည့် ခြံစည်းရိုးသည် လည်း အိန္ဒိယ နယ်စပ် ခြံစည်း ရိုးကဲ့သို့ ခိုင်ခံ့မှု မရှိခြင်း၊ နယ်မြေကျူးကျော်လာပါက ပစ်ခတ်ပိုင်ခွင့်ကို လည်း အိန္ဒိယ နယ်စပ်မှာကဲ့သို့ ဥပဒေ ပြဌာန်းထား ခြင်းမရှိပေ။
အကယ်၍ မြန်မာ-ဘင်္ဂလား၊ နှစ်နိုင်ငံနယ်စပ် ပြဿနာ တည်ငြိမ်လိုပါက နယ်စပ်လုံခြုံရေးအတွက် တင်းကြပ် သည့် ဥပဒေ ပြ ဌာန်းပြီး၊ RSO ကဲ့သို့သော အကြမ်းဖက် အုပ်စုကို ဖယ်ရှားနိုင်မှသာ အတန် အသင့် တည်ငြိမ်သွားနိုင်ဖွယ်ရှိသည်။
ခင်ဦးသာ ~
0 comments :
Post a Comment