“ကိုယ့်အလုပ် ကိုယ်လုပ်တာမျိုးပဲ စိတ်ဝင်စားတယ်”

Saturday, June 7, 2014

 ~






အာကာလွှမ်းမိုး
အသက်(၂၃) နှစ်
ရေကြောင်းသိပ္ပံ ဒီပလိုမာဘွဲ့

လောလောဆယ်မှာ Second Mate စာမေးပွဲ ဖြေထားတယ်၊ အရာရှိစာမေးပွဲပေါ့။
လူငယ်တွေက အရမ်းကြိုးစားနေတော့ ကိုယ်လည်း လူငယ်တယောက်အနေနဲ့ အရမ်းကြိုးစားမှရမယ်လို့ သိထားပါတယ်။

ကျနော်က စိတ်ခွန်အားဖြစ်စေတဲ့ ဆရာဖေမြင့် စာအုပ်တွေ၊ ဦးနုစာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ စာအုပ်စာပေတွေက သုံးမကုန်တဲ့ အသိဥာဏ်တွေ ရစေနိုင်တယ်လို့ ကျနော်ယုံကြည်တယ်။
ကျနော် ဖက်ရှင်နဲ့ ပတ်သက်ရင်လည်း လေ့လာသင့်သလောက် လေ့လာပါတယ်။ ကိုယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်ပုံစံတွေ ဝတ်ဖြစ်တာများပါတယ်။ တခါတလေလည်း ပုံစံစုံအောင်တော့ ဝတ်ကြည့်ဖြစ်ပါတယ်။
အဲဒီလို ဝတ်ကြည့်တော့မှ ကိုယ်နဲ့ ဘယ်ပုံစံက မလိုက်ဘူး ဆိုတာကို သိနိုင်မှာလေ။ ဖက်ရှင်ကလည်း လူတိုင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍတခုပါပဲ။

ကျနော်က ကိုယ်အလုပ်လုပ်တဲ့အခါ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်တာမျိုးပဲ စိတ်ဝင်စားတယ်
သူများကိုလည်း မတိုက်ခိုက်ဘဲ ကိုယ့်အလုပ်ကိုယ် ကြိုးစားလုပ်ဖို့ပဲ တွေးထားပါတယ်။
 အဲဒါဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ဘယ်သူ့အပေါ်မဆို ကျနော်က သည်းခံပြီးပေါင်းတယ်။ အဲဒါဆိုရင်ကိုယ့်မှာ ရန်သူမရှိဘဲ မိတ်ဆွေတွေ များလာမယ်လို့ ထင်ပါတယ်။

ကျနော် အနုပညာအလုပ်ကိုလည်း ဝါသနာပါတယ်။ သရုပ်ဆောင်ကောင်း တယောက်ဖြစ်ချင်တာ။

လတ်တလောမှာ ဓာတ်ပုံရိုက်တယ်၊ ကိုစိန်လင်း (Aroma) ရဲ့ ပေါက်နေပြီ သီချင်းဗီစီဒီမှာ သရုပ်ဆောင် ထားပါတယ်။
POSH မဂ္ဂဇင်းမှာလည်း Man Style ဖက်ရှင်ကဏ္ဍတွေ ရိုက်ထားပါတယ်။

ကျနော် ၂၀၁၀ တုန်းက ရုပ်ရှင်အစည်းအရုံးကဖွင့်တဲ့ သရုပ်ဆောင် သင်တန်းတက်ထားတယ်၊ ၂၀၁၂ မှာ Laurel Art Academy က ဖွင့်တဲ့ သင်တန်းမှာ လေးလတက်ခဲ့တယ်။
အဲဒီနောက်မှာ ဇာတ်ကားသုံးကား ရိုက်ခဲ့တယ်။

သူငယ်ချင်းများ ဆိုတဲ့ဇာတ်ကားက ဆာတိုရီ ထုတ်လုပ်ရေးက ရိုက်ခဲ့တာ၊ အဲဒီကားမှာ လုပ်ကွက် နည်းနည်းရတော့ သဘောကျမိတယ်။
အရင်ကတော့ နယ်ပွဲတွေမှာ Dancer အနေနဲ့ ကဖူးတယ်၊ အိပ်မက်ဆုံရာမှာလည်း ကပေးဖူးတယ်။

လူတိုင်းမှာ အခက်အခဲဆိုတာ ရှိပါတယ်။ အခုခေတ်မှာ အခွင့်အရေးဆိုတာ နှစ်ခါမရတတ်ပါဘူး။ အခွင့်အရေးရတုန်း အချိန်မှာ ကြိုးစားရမှာ ကိုယ့်တာဝန်ပါ။
 ကြိုးစားမှုက ဘဝမှာ ၈၀ ရာခိုင်နှုန်း အရေးပါပြီး ကံတရားက ၂၀ ရာခိုင်နှုန်းပဲ ပါတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော့်စိတ်ကို ရင့်ကျက်အောင် လုပ်ထားပါတယ်။
ကျနော်ကတော့ ဘဝမှာ ဘာကိုမှ လွယ်လွယ်နဲ့ မရတတ်ဘူး၊ အမြဲကြိုးစားရတာ များတယ်၊ ကြိုးစားမှုရှိရင် အောင်မြင်မှုဆိုတာ ရှိမှာပါ။ 

  • မြတ်သူအောင်
ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ
 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved