~
NLD နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးပေါင်းလှုပ်ရှားမှုက တနင်္ဂနွေနေ့မှာ ပြည်မြို့ကို ရောက်လာပါပြီ။
ဒီအကြောင်း ၈၈ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ဓာတ်ပုံများကိုတော့ ဧရာဝတီသတင်းထောက်ကောင်းမြတ်မင်းက ရိုက်ကူးထားတာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း )တို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်း၊ ပြည်မြို့၊ ရတနာမာန်အောင်လမ်းရှိ လေးထပ်ပြင်ကွင်းတွင် ယနေ့ ဇွန်လ၊ ၂၉ ရက် နံနက် ၉း ၃၀ က ကျင်းပခဲ့ရာ ပြည်သူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မမီးမီးက ဆောင်ရွက်ပြီး အခမ်းအနား စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦးက ရှင်းလင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ သည် ပြည်သူ့ဆန္ဒ အစစ်အမှန်မပါဝင်သဖြင့် ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒ သဘောထား အစစ်အမှန်ကိုသာ ဖော်ထုတ်ကြဖို့လိုကြောင်း၊ ကိုယ်လိုချင်သည့် ခေါင်းဆောင်ကို ကိုယ်ကိုတိုင်က ရွေးချယ်နိုင်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက ဦးတင်ဦ်းက ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “မိန်းမနဲ့ ယောက်ျားနဲ့ တန်းတူအခွင့်အရေးရှိရမယ်၊ ဒေါ်အောင်ဆန်းစုကြည်အတွက်နေရာမပေးရဆိုပြီး လုပ်ထားတာ သိသာတယ် ၊ ဟိုးအရင် ဖွဲ့စည်းပုံတွေမှာလဲ လွတ်လပ်ရေးရရင် တိုင်းရင်းသားအားလုံးအတွက် အခွင့်အရေးရှိရမယ် လို့ ဆိုပြီးသားဖြစ်တယ်။ အဖေအမေ တိုင်းရင်းသားစစ်စစ်ဖြစ်ပါလျက် တိုင်းပြည်မှာရှိသမျှ ရောင်းစားနေရင် နိုင်ငံတော်သစ္စာဖောက်လို့ မခေါ်ဘူးလား၊ တစ်ယောက်သာမယ် တစ်ယောက်နာမယ်ဆိုတဲ့ လုပ်ထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေတယ်၊ ဒါတွေအားလုံးခြုံကြည့်ရင် ပုဒ်မ၄၃၆က ပြင်ကို ပြင်ရမယ်” ဟု ဟောပြောသွားခဲ့သည်။
နောက်ဆုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် ဦးဌေးဦးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်သူလူထုမှ လက်မှတ်ရေးထိုး ပါဝင်နိုင်ရန် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး နံနက် ၁၁း ၂၀ နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့သည်။
.

0 comments :
Post a Comment