~
လင်းထွန်းဇော်၊
၂၁ နှစ်၊
အင်္ဂလိပ်စာ အဝေးသင်နောက်ဆုံးနှစ်၊
ဒဂုံတက္ကသိုလ်။
ကျနော် The Blade ဆိုတဲ့ နာမည်နဲ့ Underground Hip Hop သီချင်းတွေ ဆိုပါတယ်။
ကျနော် သီချင်းဆိုတာ ဝါသနာပါတယ်။ တကယ် အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်ချင်ပါတယ်။ Hip Hop မှာမှ ကျနော် Rap ဆိုပါတယ်။ Underground မှာ သီချင်းဆိုတာ ကျနော် တယောက်တည်းအနေနဲ့ မဟုတ်ပါဘူး၊ အဖွဲ့လိုက် လှုပ်ရှားတာပါ။ အဖွဲ့အနေနဲ့က ကျနော် Western Cewz မှာဆိုပါတယ်။ ကျနော်တို့အဖွဲ့ မှာ Mix tape ထုတ်ပြီးသား Jit Phyo အပါအဝင် ကျနော်ရယ်၊ ဟိန်းခန့်၊ ကိုအေးချမ်းတို့ ဆိုပါတယ်။ အဖွဲ့ဝင်တွေက အများကြီး၊ အယောက် ၃၀ ကျော်ပါတယ်။
သီချင်းက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုပါပဲ။ Beat ကတော့ တခါတလေ သူများဆီက ဝယ်ရတာရှိတယ်၊ ကိုယ်တိုင်လည်း လေ့ကျင့်ရပါတယ်။ စတူရီယိုကတော့ GTX တို့ String တို့မှာ သွင်းဖြစ်တယ်။ သီချင်းတွေကို အွန်လိုင်းမှာလည်း ဖြန့်ဖူးပါတယ်။ Facebook ကနေလည်း ဖြန့်ဖူးပါတယ်။ Myanmar Hip Hop Channel (MHC) ဝက်ဘ်ဆိုက်မှာလည်း ဖြန့်ဖူးပါတယ်။
သီချင်းတွေကိုတော့ သူငယ်ချင်း အချင်းချင်းကိုပဲ Facebook မှာ အများစု Share ဖြစ်တယ်။ ဒီ Hip Hop လောကကတော့ လူငယ်တွေကြားမှာ ရေပန်းစားတယ်လေ။ နားထောင်ပေးတဲ့ သူငယ်ချင်း တချို့ကတော့ Feedback ကောင်းကောင်း ပေးကြတယ်၊ တချို့ကလည်း အကြံပေးကြတယ်။ အလုပ်တခုလုပ်ရင်တော့ Feedback ကို အကောင်းကြီးပဲ မျှော်ထားလို့ မရဘူး၊ အဆိုးဆုံးကို မျှော်ထားမှသာ ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။
အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်ဖို့ဆိုတာ ကံ၊ ဉာဏ်၊ စန်း၊ ကြိုးစားအားထုတ်မှု အများကြီး လိုအပ်ပါတယ်။ အခု ကျနော် သီချင်းတွေစလုပ်တာ တနှစ်ခွဲကျော်ကျော်လောက်ပဲ ရှိသေးတော့ အခုမှ စကြိုးစားတုန်းပါ။ အခုထက်ထိလည်း အဖက်ဖက်က သင်ယူနေဆဲပါပဲ။ အခြေအနေပေးရင် ပေးလာသလို ကျနော် ကြိုးစားသွားမှာပါ။
ဂီတကို စလုပ်ဖို့ ကျနော့်ကို ဘယ်သူကမှ မတိုက်တွန်းခဲ့ဘူး။ ဒီလိုပဲ ကျနော်တို့ငယ်ငယ်က Hip Hop ဂီတမှာ အက်ဆစ် အဖွဲ့ စပေါ်ကတည်းက အက်ဆစ်သီချင်းတိပ်ခွေ နားထောင်တယ်။ အင်္ကျီပွ၊ ဘောင်းဘီပွကြီးတွေ ဝတ်ပြီး သီချင်းတွေ လိုက်ဆိုတယ်။ တအား အရူးထခဲ့တယ်။ ရူးသွပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ကျနော် ဆယ်တန်း အောင်ပြီးတော့ ဒီဂီတကို လုပ်ချင်တယ်ဆိုတော့ အိမ်ကမိဘတွေက တားလည်းမတားဘူး၊ ပံ့ပိုးတယ် ဆိုတာလည်း မရှိဘူးပေါ့။ ဒီလိုပဲ ကိုယ့်ဟာကိုယ် ဖြစ်ချင်တော့ ကိုယ့်ဘာသာကိုယ် ကြိုးစားရတာပေါ့။
သီချင်းရေးတဲ့အခါ သူများတွေ ဆိုတဲ့ ဆိုပုံဆိုပေါက်တွေကို လေ့လာတယ်။ ဒါပေမယ့် သူများတွေဆိုတာကို မယူဘဲနဲ့ ကိုယ့်အလှည့်ကျရင် ဘယ်လိုပုံစံမျိုးနဲ့ ပုံဖော်မလဲ ဆိုတာ တွေးကြည့်တယ်။ ရေးကြည့်တယ်။ ပြီးတော့ တီးလုံး နားထောင်ပြီး မျှောကြည့်တယ်။
Underground မှာလည်း ကိုယ့်ထက် တော်တဲ့သူတွေ အများကြီး ရှိတာကို တွေ့ရတယ်။ Mainstream မှာမှ မဟုတ်ပါဘူး။ Underground မှာလည်း မိုက်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ရှိုးပွဲတွေလည်း အများကြီး သွားကြည့် ဖြစ်ပါတယ်။ ဖက်ရှင်အရလည်း လေ့လာတယ်။ ရှိုးပွဲဆိုတော့ ဖက်ရှင်အမျိုးမျိုး ဝတ်လာကြတယ်လေ။ အဆိုတော်တွေရဲ့ ဆိုပုံဆိုပေါက်တွေလည်း လေ့လာဖြစ်ပါတယ်။
လက်ရှိ ကျောင်းမပြီးသေးတော့ ဂီတနဲ့ ပညာရေးက တွဲလုပ်နေရတယ်။ ပညာရေးကိုလည်း မလစ်ဟင်းအောင် ကျနော် သူ့အချိန်နဲ့သူ အချိန်ခွဲပြီး လုပ်တယ်။ ဒီသီချင်း ဆိုတာ ကျနော် ဝါသနာပါတဲ့ အလုပ်တခု ဖြစ်တဲ့အတွက် အောင်မြင်မြင်၊ မအောင်မြင်မြင် ကျနော် ဆက်လုပ် နေဦးမှာပါ။
ဒီဂီတလမ်းကြောင်းကို မရွေးချယ်ဖြစ်ခဲ့ဘူးဆိုရင် ကျနော် အင်ဂျင်နီယာ တယောက် ဖြစ်ချင်ပါတယ်။ အခုလည်း ကျနော် Civil နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်နေပါတယ်။ Architect ကို လေ့လာနေပါတယ်။
အင်ဂျင်နီယာကျောင်း မရွေးချယ်ဖြစ်ခဲ့တာက အချိန်မရခဲ့တာရယ်၊ ပြီးတော့ ကျနော် ဆယ်တန်းပြီးပြီးချင်း MCC မှာ အိုင်တီနဲ့ ပတ်သက်တဲ့ IDCS (International Diploma in Computer Study) တက်ခဲ့တာရယ် ကြောင့်ပါ။ ကျနော်အခု IDCS ဒီပလိုမာ ရပြီး သွားပါပြီ။ အဲ့တုန်းက အကြောင်းကြောင်းကြောင့် အစိုးရကျောင်းကို မတက်ဖြစ်ခဲ့ပါဘူး။
ကျနော် အင်္ဂလိပ်စာကိုလည်း 4 Skills တက်ထားပါတယ်။
ဒီခေတ်မှာ Language က အနည်းဆုံးတော့ လူငယ်တိုင်း တခုလောက်တော့ တတ်ထားသင့်တယ်။ ဒီနေ့ခေတ် ကမ္ဘာကြီး က လူငယ်တွေ အကုန်လုံးနီးပါးက အင်တာနက်တွေ သုံးလာကြတယ်။ Facebook သုံးလာကြတယ်။ အဲဒီတော့ တနိုင်ငံနဲ့ တနိုင်ငံ၊ တယောက်နဲ့တယောက် Communicate လုပ်ဖို့ Language တခုက လိုကိုလိုတယ်။ ကိုယ့်နိုင်ငံသုံး Language တခုတည်းနဲ့တော့ အဆင်မပြေနိုင်ဘူး။ အဲ့ဒီတော့ International သုံး Language ဖြစ်တဲ့ English ကိုတော့ လူငယ်အားလုံး လေ့လာသင့်တယ်လို့ ကျနော်မြင်ပါတယ်။
ခေတ်လူငယ် တယောက်အနေနဲ့ တိုးတက်နေတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲမှာ သူများထက် နောက်ကျ မကျန်ခဲ့အောင် အဖက်ဖက်ကနေ လေ့လာရမှာပဲ။ အားလုံးက အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲ နေတာလေ။ ကိုယ်ကလည်း အဲဒီနောက်ကို လိုက်ပြီး လေ့လာနေမှ နောက်ကျ မကျန်ရစ်ခဲ့မှာပါ။
ကျနော်ဒီနေ့ရိုက်တဲ့ နောက်ခံ Graffiti ကစာသား Stop Hate Speech & Respect Each Other ဆိုတဲ့ စာတန်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ မုန်းတယ်ဆိုတာ မကောင်းဘူးလို့ လူတိုင်းသိတယ်။ မုန်းတာကို အတတ်နိုင်ဆုံး လျှော့ထားပေါ့။ အကောင်းဆုံးကတော့ တယောက်နဲ့တယောက် မမုန်းဘဲနဲ့ တယောက်ကို တယောက် Respect ထား လေးစားမှုရှိမယ် ဆိုရင်တော့ ကမ္ဘာကြီးက အေးအေးချမ်းချမ်း ဖြစ်နေမှာပါ။
ဖက်ရှင်ကတော့ ကျနော် Hip Hop လူငယ်တယောက်ဆိုတော့ Hip Hop Culture ဝတ်ပုံစားပုံတွေကို လေ့လာတယ်။ ကိုယ်တိုင်လည်း လိုက်ဝတ်ဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ အဆိုတော်ပုံပေါ် မူတည်ပြီးတော့လည်း လိုက်ဝတ်ဖြစ်ပါတယ်။
လူငယ်ဘဝ အချိန်က တိုတောင်းတယ်။ လူငယ်ဘဝက အတက်ကြွဆုံးအချိန်လေ။ အဲဒီတော့ ကိုယ့်အတွက် အကျိုးရှိတာတွေပဲ လုပ်သင့်တယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က “Follow Your Dreams, Chase Your Dreams” အိပ်မက်တွေ နောက်ကိုလိုက်၊ အိပ်မက်တွေကို အကောင်အထည်ဖော်ပါ ဆိုတဲ့ဆောင်ပုဒ်ပါ။
သီဟတိုး
.

0 comments :
Post a Comment