သြစီနိုင်ငံသား မြန်မာတဦး မဲဆောက်မှာရိုက်နှက်ခံရ

Friday, July 11, 2014

သြစတြေးလျနိုင်ငံသား ခံယူထားတဲ့ ကိုအောင်နေဝင်းဆိုသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့နေ မြန်မာတဦး၏ အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲပြီး ဦးနှောက် သွေးယို၍ အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။ 




ကိုအောင်နေဝင်းသည် မိခင်ဖြစ်သူမှာ ကင်ဆာရောဂါကြောင့် မဲဆောက်မြို့ ပြည်သူ့ဆေးရုံ မှာ ဆေးကုသခံနေစဉ် မိခင် အားကြည့်ရှုရန် သြစတြေးလျ နိုင်ငံမှ ရောက်လာသည်မှာ တစ်လဝန်းကျင် ရှိပြီဖြစ်သည်။ 

ဇူလိုင်လ (၃) ရက်နေ့က ကိုအောင်နေဝင်း နေထိုင်ရာ အနီးအနား ဝန်းကျင်မှ မြန်မာနိုင်ငံသား သုံးဘီး ဆိုင်ကယ် မောင်း သူ တဦးက ဆေးရုံကို ပို့ဆောင်ပေး မည်ဟု ဆိုပြီး ခေါ်ဆောင်သွားရာကနေ လမ်းခုလတ်မှာ ဦးခေါင်းကို ရိုက်ခံရခြင်း ဖြစ်သည်။ 

“ကျန်နော့်ကို ဆေးရုံပို့ပေးမယ်ဆိုပြီး သုံးဘီးဆိုင်ကယ်မောင်းသမားက ခေါ်သွားတာ။ သူ့ကို နေ့တိုင်းလိုလို လမ်းမှာမြင် တွေ့ နေကြဆိုတော့ သိသလိုလို ဖြစ်နေပြီိ။ မြန်မာပြည် သားအချင်းချင်းလဲ ဖြစ်တယ်။ အဲဒီနေ့က ဆေးရုံပို့ပေးမယ်လို့ပြော ပြီး ခေါ်သွာတာ၊ လမ်းမှာ ဆိုင်ကယ်ရပ်ပြီး အပေါ့သွားအုန်းမယ်လို့ ပြောပြီးတော့ အိမ်တအိမ်ထဲ ဝင်သွားတယ်။ ကျနော် က ဆိုင်ကယ်ပေါ်မှာဘဲ နေခဲ့တာ။ သူလည်း အိမ်ထဲဝင် သွားရော နောက်က လူတယောက်ရောက်လာပြီးတော့ ဘာမပြော ညာမပြောနဲ့ ခေါင်းကို ရိုက်ပြီး ထွက်ပြေးသွားတယ်။ အဲလောက်ဘဲ မှတ်မိတော့တယ် ဟု အရိုက်ခံရသူ ကိုအောင်နေဝင်း က ဧရာဝတီကို ပြောသည်။ 

အရိုက်ခံရတဲ့ ဒဏ်ရာကြောင့် ဦးခေါင်းကွဲပြီး လမ်းပေါ်မှာသတိလစ်နေတဲ့ ကိုအောင်နေဝင်း ကို အဆိုပါ လမ်းနေ လူတွေက အရေးပေါ်ကားခေါ်၍ ဆေးရုံသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ 

ကိုအောင်နေဝင်းအား ရိုက်နှက်ထွက်ပြေးသွားသူမှာ ဧရာဆိုသူ မြန်မာနိုင်ငံသားဖြစ်ပြီး မဲဆောက်မြို့ ရှိ နယ်မြေခံရဲတွေကို သတင်းပေးသူဖြစ်သည်ဟုလည်း ၄င်းနှင့် နီးစပ်သူတွေက ပြောသည်။ 

“အခင်းဖြစ်တဲ့နေ့က ဆိုင်ကယ်သမားက ကျနော့် ညီရဲ့ ပတ်စပို့နဲ့ စာရွက်စာတမ်းတွေကို အိမ်မှာလာပေးတယ်။ ကျနော့် ညီရဲ့ ပိုက်ဆံ ဘတ် ၉၆၀၀ တော့ မပါလာတော့ဘူး။ ဆိုင်ကယ်သမားက သူ ဘာမှမသိဘူးလို့ဘဲ ပြောတယ်” ဟု ကိုအောင်နေဝင်း၏ အစ်ကိုဖြစ်သူက ဆိုသည်။ 

၎င်းအမှုနှင့်ပတ်သက်ပြီး ကိုအောင်နေဝင်း နှင့် အသိမိတ်ဆွေများက ရဲတိုင်ကြားခဲ့ရာ အထက်က ဖမ်းမိန့် ကျလာမှ ဖမ် ပေးမည်ဟု ရဲက ပြောကြောင်း  ကိုအောင်နေဝင်းက ဆိုသည်။ 

ကိုအောင်နေဝင်းသည် အနည်းငယ် သက်သာလာပြီ ဖြစ်ပြီး မကြာခင်ရက်ပိုင်း သြစတြေးလျ နိုင်ငံပြန်မည် 
ဖြစ်သည်။ 

တရားခံဖြစ်သူ ဧရာဆိုသူမှာ ယခုအခါတွင် မြန်မာပြည်ထဲ ပုန်းရှောင်နေသည်ဟု ကိုအောင်နေဝင်း၏ အသိမိတ်ဆွေများက ပြောသည်။ 

ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့တွင် ထိုင်းရဲတွေက သတင်းပေးဖို့အတွက် ခေါ်ထား တဲ့ မြန်မာနိုင်ငံသား ဦးရေ ဆယ်နှင့်ချီပြီး ရှိသည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းထားသည်။ 


ငြိမ်းဇော် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved