ပြည်မြို့က တောလက်ဖက်

Monday, July 21, 2014

 ~
 

မိုးဦးကာလ ၀ါဆိုလပြည့်နေ့နားနီးလာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာတို့ရဲ့ ၀ါတွင်းကာလကို မကြာခင် ကျရောက်တော့ မှာ ဖြစ်ပါတယ်။


  .
ဒါကြောင့် မိုးဦးကျ ရာသီစာ တောလက်ဖက်လို့ ခေါ်ကြတဲ့ ဒေသထွက် အစားအစာတခုကို ဒီတပတ်တော့ မိတ်ဆက်ပေးချင်ပါတယ်။၊

လက်ဖက်ဆိုလို့ ရှမ်းပြည်နယ်ကထွက်တဲ့လက်ဖက် (green tea)ကို မြင်ယောင်ပြီး၊ ဘာဆန်းတာမှတ်လို့ ဆိုတာမျိုး ထင်မြင်ကောင်း၊ ထင်မြင်ကြပါလိမ့်မယ်။

ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်းက ထွက်တဲ့ လက်ဖက်မျိုးတော့ မဟုတ်ပါဘူး၊ လက်ဖက်လိုပဲ နူးညံပျော့ပြောင်းပြီး နှမ်း၊ ကြက်သွန်ကြော်၊ ပဲခြမ်းကြော်နဲ့ သုပ်စားရတဲ့ ပြည်မြို့ကထွက်တဲ့ အစားအစာတမျိုးပါ။

ဒေသခံတချို့က တောလက်ဖက်၊ မယ်သီလရှင်လက်ဖက်လို့ခေါ်ကြတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်မြို့တောင်တန်းတွေပေါ်မှာ သီတင်းသုံးနေတဲ့ မယ်သီလရှင်များက ပြုလုပ်တဲ့အတွက်ဖြစ်ပါတယ်။

ပြည်မြို့ဆိုတာကလည်း အနီးနားပတ်ဝန်းကျင်တ၀ိုက်မှာ တောင်စွယ်တောင်တန်းတွေ များစွာ ၀ိုင်းရံထားတဲ့ မြို့တမြို့  ဖြစ်တာကြောင့် အဲဒီတောင်တန်းတွေပ်ါမှာ တောရ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက်တွေ အမြောက်  အများ ရှိကြပါတယ်။

အထင်ကရ ရွှေဆံတော်ဘုရားတည်ရှိရာ သုဒ္ဒဿနတောင်နဲ့ တဆက်တည်း၊ ပုထိုးကြီး၊ ကြက်တင်းတောင်၊ အစရှိတဲ့ တောင်စွယ်တွေကို ကျော်လိုက်ရင်ပဲ၊ သန္ဓေပင်အရပ်ကိုရောက်မှာဖြစ်ပြီး၊ အဲဒီက ဆက်သွားရင်တော့ နိဗ္ဗိန္န၊ အင်ကြင်း မြောင်၊ နိဂြောဓ၊ ဝေပုလ္လစတဲ့ အင်တိုင်းတောကြီးတွေကြားက တောရကျောင်းတွေကို ရောက်မှာဖြစ်ပါတယ်။

ဒီတောရကျောင်းတွေဟာ တောင်တန်းတွေပေါ်မှာရှိလို့၊ ပြည် တောင်တန်းတောရကျောင်းများ လို့လည်း ခေါ်ပါတယ်။

တောရကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သီလရှင်ဆရာကြီး၊ ဆရာလေးများဟာ မိမိတို့ ကျောင်းကန်ဇရပ်ဆီ ဥပုသ် သီလတည်ဆောက်၊ လှူဒါန်းဒါနပြုကြဖို့ ရောက်လာသူတွေကို၊ သူတို့ကိုယ်တိုင်ပြုလုပ်တဲ့ တောလက်ဖက်နဲ့ ဧည့်ခံပါတယ်။

ဒီလိုဧည့်ခံနိုင်ဖို့ တောတောင်တွေထဲမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ ဆေးဘက်ဝင် နရွဲရွက်ကို သစ်ရည် တက်ချိန် တပေါင်း၊ တန်ခူးကာလကတည်းက ခူးဆွတ်ပြီး၊ တောလက်ဖက်ထုပ်ကြတာပါ။ နရဲရွက်မရရင်တော့၊ ကြက်တက်ရွက်ကို အစားထိုး အသုံးပြုကြပါတယ်။

ခူးဆွတ်လို့ရလာတဲ့ နရဲရွက်နုတွေလေးကို စာသင်သားဆရာလေးများက ရေစင်အောင်ဆေး၊ ရေနွေးနဲ့ ခဏပြုတ်၊ အဲဒီနောက် ရေစင်အောင်သေချာညှစ်ပြီး၊ တောင်တန်းတ၀ိုက်ကရရှိတဲ့ အင်ဖက်၊ ဘန့်ပွေးဖက်၊ တောင်စဉ်ဖက် စတာတွေနဲ့ သေချာကျစ်လစ်အောင်ထုပ်ပိုးကာ၊ ၀ါးနှီးနဲ့ ချည်နှောင်ထားကြရပါတယ်။

 


သီလရှင်ဆရာလေးများက  စည်းနှောင်ထားတဲ့ အထုပ်လေးတွေထဲကနရွဲရွက်လေးတွေကို လက်ဖက်အသားလို နူးညံသွားစေဖို့ စဥ့်အိုး၊ ဖျဉ်းအိုးတွေထဲမှာ တနှစ်ပတ်လုံး မိုးရေအပြည့်နဲ့စိမ်ကာ အပေါ်ကနေ အဖုံးလုံအောင်ပိတ်ပြီး သိုလှောင်ထားတာပါ။

ဒီတောရကျောင်းတွေကို သီလဆောက်တည်ဖို့ လာရောက်ကြတဲ့သူတွေကလည်း အခြားသော အစားအစာတွေနဲ့ ဧည့်ခံတာထက် တောလက်ဖက်နဲ့ ဧည့်ခံတာကို ပိုမိုခုံမင်နှစ်သက်ကြပြီး၊ အိမ်အပြန်လက်ဆောင်အဖြစ် မယ်သီလရှင် ဆရာကြီးများကပေးတဲ့ တောလက်ဖက်၊ နိဗ္ဗိ
္ဗိန္န ပြည်တောလက်ဖက်လို့ လူသိများလာခဲ့ပါတယ်။

တောလက်ဖက်ဟာ  သဘာဝအလျောက်ပေါက်တဲ့ အရွက်တွေကိုသာ အသုံးပြုထားပြီး၊ တာရှည်ခံအောင်ထည့်ရတဲ့ ဓာတုဆေးဝါးတွေ မပါဝင်ပါဘူး။

ဒါကြောင့်လည်း ပြည်မြို့ထွက် နာမည်ကျော် တောလက်ဖက်ကို နိဗ္ဗိန္နတောင်က ဆရာကြီး၊ ဆရာလေးများရဲ့ သုပ်ပုံ သုပ်နည်း နည်းစံနစ်လေးအတိုင်း၊ ဧရာဝတီ http://blog.irrawaddy.org ရဲ့ စာဖတ်ပရိသတ်တွေအတွက် ပြန်လည်ပြီး မျှဝေလိုက်ချင်ပါတယ်။

  • ပြုလုပ်ပုံပြုလုပ်နည်း

ပထမဆုံးတောလက်ဖက်ထုပ်ဖြည်၊ လက်ဖက်အသားတွေကို ဆားအနည်းငယ်နဲ့ရောနယ်ပြီး၊ အရသာကောင်းဖို့ အခါးရေများ ထွက်သွားသည့်အထိ ညှစ်ချပါ။

ညှစ်ပြီးတဲ့အခါမှာ ပန်းကန်သေးသေးတချပ်ထဲမှာ ထည့်ပြီး၊ ဆီ စတီးဇွန်း ၁ ဇွန်း သံပုရာသီး ၁ စိတ်နဲ့ အတူရောနယ်နှပ်ပြီး ထားပါ။

  • ပါဝင်ရမည့် ပစ္စည်းများ

ကြက်သွန်နီဥကြီး ၁လုံး၊ ကြက်သွန်ဖြူ ၂တက်၊ ငရုတ်သီးစိမ်း ၂တောင့်ကို ပါးပါးလှီးပါ။

မြေပဲကြော်၊ ပဲခြမ်းကြော်၊   နှမ်း၊ ကြက်သွန်ဖြူကြော် စတီးဇွန်း ၁ဇွန်းစီ၊ ဆီ စတီးဇွန်း ၁ဇွန်း၊ ငံပြာရည် လက်ဖက် စားဇွန်း တ၀က်ခန့်၊ ပုဇွန်ခြောက် ၁၀ကောင်ခန့်

 အားလုံးအဆင်သင့်ဖြစ်ရင် ပန်းကန်ပြားတချပ်ထဲမှာ တောလက်ဖက်၊ အကြော်စုံ၊ ကြက်သွန်နီ ကြက်သွန်ဖြူ၊ငရုပ် သီးပါးပါး လှီး၊ သံပုရာသီးတစိတ်ညစ်ကာ အားလုံးကိုရောနယ်ပါ။

 


ဒါဆိုရင်တော့ တောလက်ဖက်သုတ်ကို နေ့လယ်စာ အဆာပြေ၊ ရေနွေးကြမ်းနဲ့အတူ စားသောက်နိုင်ပြီဖြစ်ပါတယ်။

အခုအခါမှတော့ အရာရာ တိုးတက်ခေတ်မီလာတာနဲ့အမျှ နိဗ္ဗိန္နတောင်တ၀ိုက်နဲ့ ပြည်တောင်တန်းတွေပေါ်က သစ်တောတွေလည်း ပျက်သုဉ်းလျော့နည်းလာခဲ့ပါပြီ။

တောတောင်၊ လယ်ကွင်းတွေနဲ့ သာယာလှပခဲ့တဲ့ သဘာဝအလှတွေနေရာမှာ စက်မှုဇုန်တွေ၊ လူနေ တိုးချဲ့ကွက် သစ်တွေပေါ်ထွက်လာခဲ့ကြပါပြီ။ အရင်က နွားလှည်းနဲတမျိုး ခြေလျင်တဖုံ လယ်ကန်သင်းရိုးတွေကိုဖြတ်ပြီး          ဖြတ်သန်း သွားလာ ခဲ့ရတဲ့ ပြည်တောင်တန်း တောရကျောင်းတွေဟာ၊ အခုအခါမှာတော့ ကျောင်းပုရ၀ုဏ်ထဲအထိ  ကားလမ်းတွေပေါက်ခဲ့ပါပြီ။

တောတောင်တွေပေါ်မှာ သဘာဝအလျောက်ပေါက်ခဲ့ကြတဲ့ နရွဲပင်တွေလည်း၊ နိဗ္ဗိန္နတောင်တ၀ိုက်မှာ နည်းပါးလာခဲ့ ပေမယ့်၊ တောလက်ဖက်စစ်စစ်ကိုတော့ နိဗ္ဗိန္နတောင် ဆရာကြီးဆရာလေးများကနေတဆင့် လက်လှမ်းမီသလောက်တော့ ရရှိနိုင်ကြပါသေးတယ်။

အခုအခါမှာတော့ ပြည်မြို့ ပေါ်ကဈေးတွေ၊ ဒေသထွက်ပစ္စည်း အမှတ်တရ အရောင်းဆိုင်တွေ၊ ကားဂိတ်တွေမှာ သီလရှင်လက်ဖက်၊ တောလက်ဖက်၊ နိဗ္ဗိန္နလက်ဖက်ဟာဆိုရင် အခြားသော ဒေသထွက် ပစ္စည်းတွေနဲ့အတူ တွဲရောင်းတဲ့ ရောင်းကုန်တမျိုး ဖြစ်လို့နေပါပြီ။

မိတ်ဆွေတို့လည်း အကြောင်းတစုံတရာ တိုက်ဆိုင်လို့ ပြည်မြို့ ကိုရောက်ခဲ့ရင် နိဗ္ဗိန္နတောင် တောလက်ဖက်စစ်စစ်ကို ရှာဝယ်ပြီး၊ မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။


 


  • မမသက်
 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved