ရေမွှေးဆွတ်ကြမလား

Sunday, July 20, 2014

 ~


 


ဒီနေ့ခေတ် ဖက်ရှင်နဲ့ အလှအပရေစီးကြောင်းထဲက လူငယ် လူကြီး၊ ကျားမ မရွေး ရေမွှေးကို အပြင်ထွက်ရင် မသုံးမဖြစ် အရေးပါတဲ့ ပစ္စည်းတခုအဖြစ်နဲ့ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။


လူတွေမှာ မွေးကတည်းက တယောက်တမျိုးစီ သဘာဝကပေးတဲ့ ကိုယ်ပိုင်ကိုယ်သင်းနံ့ကိုယ်စီ ရှိကြတယ်လို့ ဆိုပေမယ့် လှုပ်ရှားရုန်းကန်နေကြတဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ နဖူးကချွေး ခြေမကျအောင် ကိုယ်စီကိုယ်စီ အလုပ်လုပ်နေ ကြရတဲ့အတွက် ကိုယ့်ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ နေ့စဉ် ထိတွေ့ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါင်းအသင်းတွေကြားမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကထွက်တဲ့ ကိုယ်ရနံ့ဟာ တဖက်လူကို စိတ်အနှောင့်ယှက်မဖြစ်စေဖို့ လိုပါတယ်။

လူတကိုယ်အကြိုက်တမျိုးဆိုသလိုပါပဲ ရေမွှေးကို စွဲစွဲလမ်းလမ်း နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုတဲ့သူတွေရှိသလို ရေမွှေးနံ့ကို လုံးဝ မခံနိုင်လောက်အောင် အကဲဆတ်သူအချို့လည်း ရှိပါတယ်။ ဒါပေမယ့် များသောဖြင့်တော့ လူအတော်များများ ဟာ လူ့သဘာဝအရ အနံ့အသက်ကောင်းမွန်ပြီး မွှေးကြိုင်တဲ့အနံ့တွေဆိုရင် နှစ်ခြိုက်သဘောကျတတ်ကြပါတယ်။

ရေမွှေးသုံးစွဲတာနဲ့ ပတ်သက်ပြီး ရေမွှေးသုံးစွဲသူရဲ့ စိတ်နေသဘောထားကို သူသုံးစွဲတဲ့ အနံ့ပေါ်မူတည်ပြီး ခွဲခြားလို့ ရတယ်လို့လည်း ပညာရှင်တချို့က ဆိုပါတယ်။ ရေမွှေးကိုရနံ့ကို မိမိရဲ့ စိတ်ခံစားချက်အပေါ် မူတည်ပြီးလည်း ပြောင်းလဲ သုံးစွဲတတ်ကြတာကြောင့်ပါ။

အလှအပနဲ့ ပတ်သက်ပြီး အလှကုန်ပစ္စည်းတွေ တနေ့တမျိုး မရိုးရအောင် ထွက်ပေါ်လာတဲ့ ဒီနေ့ခေတ်မှာတော့ ရွေးချယ်သုံးစွဲစရာတွေ တံဆိပ်မျိုးစုံ ဈေးမျိုးစုံ ပိုပေါလာပါတယ်။

ရေမွှေးချစ်သူတွေအတွက်ဆိုရင်လည်း နိုင်ငံပေါင်းစုံက တံဆိပ်ပေါင်းစုံ ဈေးမျိုးစုံနဲ့ အနံ့အမျိုးမျိုးဟာ ဆန်းသစ် လှပတဲ့ ထုတ်ပိုးမှုဒီဇိုင်းတွေ၊ နောက်ဆုံးပေါ် နည်းပညာတွေ ရှားပါးပစ္စည်း သဘာဝရနံ့တွေ အစရှိတာတွေနဲ့ ထုတ်လုပ်လာကြတာကို တွေ့ရပါတယ်။

ရေမွှေးဆိုရင်တော့ များသောအားဖြင့် ပြင်သစ်ကထုတ်တဲ့ ရေမွှေးတွေက နာမည်ကြီးပြီး လူကြိုက်များသလို ဈေးနှုန်းကလည်း လေး - ငါးသောင်းဝန်းကျင်ကစလို့ သိန်းကျော်တဲ့အထိ အစားစားရှိပါတယ်။

အခုဆိုရင် နာမည်ကြီး ရေမွှေးကုမ္ပဏီတွေတင် မကဘဲ ကမ္ဘာကျော် ဟောလိဝုဒ်စတားတွေ၊ နိုင်ငံတကာအဆိုတော်တွေက သူတို့နာမည်နဲ့ ကိုယ်ပိုင်ရေမွှေးတွေတံဆိပ်တွေ ထုတ်လုပ်ရောင်းချနေပါပြီ။

မြန်မာနိုင်ငံမှာဆိုရင်လည်း မြို့ပြနေလူတန်းစားတရပ်က အလွှာ အသီးသီး လူတန်းစားတွေထဲက ရေမွှေးချစ်သူတွေဟာ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး တန်ဖိုးကြီးကြီး အရည်အသွေးကောင်းကောင်းထဲက ရေမွှေးတမျိုးမျိုးတော့ ကိုယ်စီ သုံးစွဲလေ့ရှိကြတယ်လို့ ရေမွှေး အရောင်းဆိုင်တွေရဲ့ ပြောပြချက်အရသိရတယ်။

ဒီမှာလူသုံးများတဲ့ တံဆိပ်တွေကတော့ CK, Gucci, Channel, Versace, Estee Lauder, Police, HUGO, Vitoria Secret အစရှိတဲ့ Brand တွေပါပဲ။

ရေမွှေးတော်တော်များများက ပြင်သစ်၊ အီတလီ အစရှိတဲ့ ဥရောပနိုင်ငံတွေကနေ ဝင်ရောက်တာဖြစ်ပြီး အချို့ကိုတော့ ဒူဘိုင်းကနေ တဆင့် မှာယူ တင်သွင်းတယ်လို့ သိရပါတယ်။

ပြည်ပကနေ တင်သွင်းတဲ့ ရေမွှေးတွေဖြစ်တာကြောင့် ဈေးနှုန်းက ဒေါ်လာဈေး အတက်အကျပေါ် မူတည်ပြီး အပြောင်းအလဲရှိတယ်လို့လည်း သိရပါတယ်။

ဒီနေ့ခေတ်ကလူငယ်တွေကတော့ ရေမွှေးသုံးစွဲပုံကို အထွေအထူးပြောစရာ လိုအပ်မယ် မထင်ပါဘူး။ လူငယ်လူရွယ်တိုင်းနီးပါး ရေမွှေးဆွတ်နည်းမျိုးစုံကို အထူး ကျွမ်းကျင်ကြမယ်ထင်ပါတယ်။

ရေမွှေးဆွတ်တဲ့အခါ ရေချိုးပြီးစအချိန် ခန္ဓာကိုယ်အစိုဓာတ်ရှိနေတဲ့အချိန် ဆွတ်လိမ်းတာဟာ အနံ့ကို တနေကုန်ပိုမိုရှည်ကြာစွာ စွဲမြဲစေပါတယ်။

ရေမွှေးရဲ့ရနံ့ ပိုမိုပေါ်လွင်စေအောင် လည်ဂုတ်သား၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း၊ လက်၊ နားအနောက်ဘက် အစရှိတဲ့ ခန္ဓာကိုယ်ရဲ့ သွေးခုန်နှုန်းရှိတဲ့ နေရာတွေမှာ ဆွတ်ဖြန်းပေးဖို့ လိုအပ်ပါတယ်။

ပြီးတော့ ရနံ့ပျံ့နှံ့သွားစေဖို့ တကိုယ်လုံးရဲ့ သွေးကြောတွေစုစည်းရာ လက်ကောက်ဝတ်နေရာ တဝိုက်ကိုလည်း ပွတ်သပ် လိမ်းပေးသင့်ပါတယ်။

ကဲ ဒါဆိုရင်တော့ ရေမွှေးချစ်သူတွေ ကိုယ်လက်ရှိသုံးနေတဲ့ ရေမွှေးပုလင်းတွေ ကုန်ခါနီးနေပြီလားဆိုတာ တချက် စစ်ဆေး ကြည့်လိုက်ပါဦး။ ရေမွှေးပုလင်းတွေကုန်တော့မယ်ဆိုရင် အသစ်သစ်ထွက်ရှိလာတဲ့ ရေမွှေးတံဆိပ်အသစ်တွေ၊ အနံ့သစ်တွေကို သွားရောက်ဆန်းစစ် ဝယ်ယူဖို့ လက်တို့လိုက်ချင်ပါတယ်။

 


ပုံမှာပြထားတဲ့ ရေမွှေးတွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကိုတော့ အမှတ် (၂၁)၊ အခန်း (၂)၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ Perfume Garden ရေမွှေးဆိုင်မှာ သွားရောက် ရိုက်ယူထားတာ ဖြစ်ပါတယ်။

 



  •  သီဟတိုး


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved