ယောသားတစ်ဦးရဲ့ မောင်းတီးသံ

Tuesday, July 22, 2014

မပြောမပြီး မတီးမမည်တဲ့ ကြားဖူးတဲ့ စကားပုံတစ်ခုပေါ့ဗျာ။ အခုအကြောင်းအရာက ကျတော်ပြောလို့ ပြီးသွားမယ့် ကိစ္စမဟုတ်သော်လည်း အသံလေးနည်းနည်း မြည်အောင်တော့ တီးလိုက်ပါရစေ။ 


အကြောင်းကိစ္စက သေရေးရှင်ရေး မဟုတ်ဘူးဆိုပေမယ့် ယောနယ်သားတွေအတွက်တော့ အရေးပါ တယ်ဗျ။

မြင်တဲ့သူတွေ မြင်ပြီးဖြစ်သလို သိတဲ့သူတွေလဲသိပြီး ငြင်းတဲ့လူတွေလဲ ငြင်းကုန်ကြပြီးပြီ။ တစ်ချို့ကတော့ အရေးမပါတာကို အရာပေးခြင်းရယ်လို့ တစ်တစ်ခွခွတောင် ဆဲဆိုကြပြီးပြီထင်ပါ့။ 

ဘယ်သူတွေ ဘာပဲပြောပြော ကျတော်ကတော့ ယောကိုချစ်တဲ့ ယောသားတစ်ဦးအနေဖြင့် အင်မတန့် အင်မတန် အရေးပါပါတယ် ဆိုတဲ့အကြောင်း ကြေငြာမောင်းခတ်ရလိမ့်မယ်။ 

 ဇာတ်လမ်းကတော့ တိုင်းရင်းသားကျေးရွာမှာရှိတဲ့ ဗမာအိမ်က ယောဝတ်စုံအကြောင်းပါပဲ။ 
ယောသားတစ်ဦးအနေဖြင့် တိုင်းရင်းသားကျေးရွာကဲ့သို့ လူအများကြည့်ရှုလေ့လာရာ အထင်ကရ
နေရာတစ်ခုမှာ ယောဆိုသောစကားလုံးကို မြင်တွေ့၍ ဝမ်းသာပီတိဖြစ်မိသော်လည်း ဝတ်စုံကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်မိသည်။ 

ပုံထဲမှ ဝတ်စုံကိုမြင်သော ယောသားယောသူတိုင်းလဲ ကျတော်တို့ ယောရိုးရာဝတ်စုံ မဟုတ်တာကို သိကြပါလိမ့်မည်။ 
ယောရိုးရာဝတ်စုံ မဟုတ်ပါပဲနှင့် ယောဆိုသော စကားလုံးနှင့်အတူ ခင်းကျင်းပြသ ထားသည်ကိုတော့ ကျတော်လက်မခံချင်ပါ။ 

အမှားကို အမှားမှန်းသိသိရက်နှင့် ကျတော်တို့လက်ခံထားလျှင် သမိုင်းထဲ မှယောသည် ရောဖြစ်သွား လိမ့်မည်။ 

ပုံထဲမှာမြင်နေရသော အမျိုးသားဝတ်စုံသည် မည်သည့်လူမျိုးအမျိုးသားတို့၏ ရိုးရာဝတ်စုံဖြစ်သည်ကို ကျတော် မသိပါ။ 

သေချာတာတစ်ခုကတော့ ယောအမျိုးသား ဝတ်စုံမဟုတ်ကြောင်းကိုတော့ အသေအချာ ငြင်းဆိုနိုင်ပါသည်။ 
ယောအမျိုးသားတို့သည် ပင်နီတိုက်ပုံနဲ့ ယောပုဆိုးကို စွဲမြဲစွာဝတ်ဆင်ခဲ့ကြသည်။ 

အချို့ ရွာများတွင်တော့ မီးခိုးပြာရောင်တိုက်ပုံကို ဝတ်ဆင်ကြသည်။ ပုံမှာပြထားသကဲ့သို့ ဦးထုတ်မဆောင်း ကြ ပါ။ ခေါင်းပေါင်းကိုသာ ပေါင်းကြသည်။ 

ခေါင်းပေါင်းဟုဆိုရာတွင် လွှတ်တော်အမတ်မင်းများ မင်းသားမျာကဲ့သို့ မဟုတ်ပဲ မျက်နှာသုတ်ပါဝါ 
ယောဒေသအခေါ် တဘက်ကို ပေါင်းကြခြင်းဖြစ်သည်။ 

ယခုလက်ထဲတွင် ပုံမရှိသောကြောင့် အလျင်းသင့်တဲ့အခါ တင်ပြပါမည်။ ခင်းကျင်းပြသထားသည့် အမျိုးသမီးဝတ်စုံသည်လည်း ယောရိုးရာ အမျိုးသမီးဝတ်စုံ မဟုတ်ကြောင်း ငြင်းဆိုနိုင်ပါသည်။ 

ပုံတွင် ပြသထားသည်မှာ ထဘီမဟုတ်ပဲ ဂါဝန်ပုံစံဖြစ်နေသည်။ 

ခါးတွင်လည်း တဘက်အနီကို စည်းထားသည်။ ခေါင်းတွင်လည်း ခမောက်ငယ်လား ဦးထုတ်လား ဆောင်း ထားသေးသည်။ 

ထို့ကြောင့် ပုံမှာ တောင်သားအမျိုးသမီးတို့၏ ရိုးရာဝတ်စုံနှင့်တူသည်။ ယောအမျိုးသမီးများမှာ ထိုကဲ့သို့ မဝတ်ဆင်ကြပါ။ ဒေသမှထွက်သော နာမည်ကြီး ယောထဘီကိုသာ ဝတ်ဆင်ကြသည်။ 

ပုံမှာပြထားသကဲ့သို့ ဂါဝန်ရှည် မဝတ်ဆင်ကြပါ။ အက်ီၤကိုလဲ ရင္ဖံုးအက်ီၤကိုသာ ဝတ်ဆင်ပါသည်။ ခါး ရင်ဘတ်များတွင်လဲ တဘက်ကို မစည်းနှောင်ကြပါ။ ခေါင်းတွင်လည်း ပုံမှာပြထားသကဲ့သို့ ဦးထုတ် မဆောင်းကြပါ။ 

ယောအမျိုးသမီးတို့သည် တောသွားသည့်အခါ တဘက်ကို ခေါင်းတွင် အမျိုးသားများကဲ့သို့ ပေါင်းကြပြီး ဘုရားကျောင်းကန်သွားသည့်အခါ တဘက်ကို ညာဘက်ပခုံးပေါ်တင်လျက် သွားကြပါသည်။ 

ထို့နောက် တဘက်ကိုခင်းလျက် ရှိခိုးကြသည်မှာ ယောအမျိုးသမီးတို့၏ ရိုးရာဖြစ်ပါသည်။ 

ထို့ကြောင့် ယောရိုးရာဝတ်စုံ မဟုတ်ပါပဲနှင့် ယောဆိုသော စာလုံးဖြင့် ခင်းကျင်းပြသထားသည်ကို ကျတော်တို့ ယောသားများက ကန့်ကွက်သင့်ပါသည်။ 

ကန့်ကွက်သည်ဆိုရာတွင် ဖေ့စ်ဘုတ်ပေါ်တွင် အရေမရအဖတ်မရ ဆဲဆိုကြိမ်မောင်းနေခြင်းမျိုး မဟုတ်ပဲ ထိထိရောက်ရောက်ဖြစ်အောင် ကန့်ကွက်သင့်သည်။ 

ရန်ကုန်ယောအသင်းမှ ဦးဆောင်၍သော်လည်းကောင်း အခြားလူတစ်ဦးဦးမှ ဦးဆောင်၍သော်လည်း
ကောင်း ကန့်ကွက်တာက ပိုထိရောက်မည်။ 

တိုင်းရင်းသားကျေးရွာသည် လူမျိုးပေါင်းစုံ အသက်အရွယ်လူတန်းစားမျိုးစုံ ဝင်ရောက်လေ့လာသည့်
နေရာ ဖြစ်သည့်အတွက် လူအများ အထင်မှား အမှတ်မှားဖြစ်သွားမှာ အသေအချာဖြစ်သည်။ 

အချိန်အကြာကြီး ဆက်မှားနေလျှင် နောင်သောအခါ ပြင်ရန်လွယ်ကူတော့မည်မဟုတ်။ သမိုင်း တစ်လျှောက်လုံး ဆက်မှားနေတော့မည်ဖြစ်သည်။ 

ထို့ကြောင့် ယောကိုချစ်သော ယောသားတစ်ဦးအနေဖြင့် ယောရိုးရာဝတ်စုံမှ ရောရောနှောနှောရိုးရာဝတ်စုံအဖြစ် အမှတ်မမှားစေပဲ အမှားပြင်ဆင်နိုင်ကြရန် တင်ပြခြင်းဖြစ်ပါသည်။


ယောလူ(ဘုန်းစိုးကျယ်) ~













1 comments :

  1. Aung Myint Oo said... :

    အထက်မှာ ဖော်ပြထားတဲ့အတိုင်း ယောဝတ်စုံ မှားနေပါတယ်။
    အထူးသဖြင့် အမျိုးသမီးဝတ်စုံက တောင်သားလူမျိုး အမျိုးသမီးဝတ်စုံ ဖြစ်နေပါတယ်။
    ယောသားကြီးတွေဟာ ပင်နီတိုက်ပုံ၊ယောပုဆိုးကို ဂုဏ်ယူစွာ ၀တ်ဆင်ကြပြီး မျက်နှာသုတ်တဘက်စောင်ကို ခေါင်းပေါင်းလေ့ ရှိပါတယ်။
    လွယ်အိတ်တစ်လုံးကလည်း သွားလေရာပါ ပါတယ်။
    ယောသူတွေကတော့ ရင်ဖုံးအင်္ကျီ ၊ယောထမီကို ၀တ်ဆင်တတ်ကြပြီး နှီးခမောက် အမြဲဆောင်းကြပါတယ်။
    ခါးစည်း မပါ ပါဘူး။
    ပခုံးတင် တဘက်စောင်ကလေးကလည်း အမြဲပါကြပါတယ်။
    ဦးထုပ်ဆောင်းတဲ့ ယဉ်ကျေးမှု မရှိပါဘူး။
    ဒါကြောင့် သက်ဆိုင်ရာ လူကြီးမင်းများက ပြုပြင်ပေးကြပါဦးလို့ မေတ္တာရပ်ခံ ပါတယ် ခင်ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved