ဂျိမ်းမော်စလေရဲ့ မြန်မာပြည် တကျော့ပြန်ခရီး

Tuesday, July 22, 2014

 မြန်မာနိုင်ငံထောင် များတွင် သုံးကြိမ်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရသူ မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေ လုပ်ခဲ့လို့ ဖမ်းဆီးထောင်ချခြင်း ၃ ခါ ခံခဲ့ရတဲ့ ဗြိတိန်နဲ့ သြစတြေးလျ နိုင်ငံသား James Mawdsley ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး မနေ့က ရန်ကုန်မြို့မှာ ရှိတဲ့ ၈၈ မျိုးဆက်၊ ( ငြိမ်း/ပွင့်) ရုံးကို သွားခဲ့ပါတယ်။ 


ဦးမင်းကိုနိုင်က ဂျိမ်းမော်စလေကို လက်ဆောင်ပေးအပ်စဉ်၊ ဓာတ်ပုံ- ၈၈ မျိုးဆက် ( ငြိမ်း/ ပွင့်)

ဂျိမ်းမော်စလေဟာ သူ သိပ်တွေ့ချင်နေခဲ့တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို နှစ်ပေါင်း ၁၄ နှစ်
ကျော်မှ လူချင်း တွေ့ခွင့် ရတာလည်းဖြစ်ပါတယ်။ 

တချိန်က ဂျိမ်းမော်စလေဟာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ ဖြစ်ခဲ့ပြီး အထူးသဖြင့် အဲဒီတုန်းက အကျဉ်းကျနေတဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်လွတ်မြောက်ရေး၊ ဖမ်းဆီးထိမ်းသိမ်းခံ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆန္ဒပြမှုတွေ လုပ်ခဲ့လို့ သူဟာ ထောင် ၃ ကြိမ် ကျခံခဲ့ရဖူးသူပါ။ 

“သူသည် ၁၉၉၇ ခုနှစ် မှ ၂၀၀၀ ပြည့်နှစ်များအတွင်းက မြန်မာ့နိုင်ငံရေးကို တက်ကြွ လှုပ်ရှားသဖြင့် 
မော်လမြိုင် အကျဉ်း ထောင် တွင် (၇) ရက်၊ အင်းစိန်အကျဉ်းထောင်တွင် (၃) လ နှင့် ကျိုင်းတုံ အကျဉ်းထောင်တွင် (၁၄) လ အကျဉ်းကျခံခဲ့ရသူ ဖြစ်သည်”လို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) က ဆိုထားပါတယ်။ 

ဂျိမ်းမော်စလေဟာ တချိန်က မြန်မာပြည်တွင်း ဝင်လာပြီး ဆန္ဒပြမှုတွေ လုပ်ခဲ့တာနဲ့ အကြိမ်ကြိမ်ဖမ်းဆီး
ထောင်ချခံရပြီး နောက်ပိုင်း သူဟာ မြန်မာနိုင်ငံရဲ့ နာမည်ပျက်စာရင်းသွင်းခြင်း ခံထားရပါတယ်။ 

အခုတော့ သူ့ကိုလည်း နာမည်ပျက်စာရင်းက ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ပယ်ဖျက်ခဲ့တာကြောင့် မြန်မာနိုင်ငံ ကို လာရောက်ခွင့် ရခဲ့တာဖြစ်ပါတယ်။ 

ဂျိမ်းမော်စလေတယောက် မြန်မာနိုင်ငံကို လာတဲ့အချိန်မှာတော့ မထင်မရှား လာရောက်ခဲ့ တာဖြစ်ပြီး သူဟာ အခု အခါမှာ ဘာသာရေးကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေကာ ခရစ်ယာန် ဘုန်းတော်ကြီး အဖြစ်ခံယူထားပြီး ဂျာမနီနိုင်ငံမှာ ဘာသာရေး သင်တန်းကျောင်းမှာ တက်ရောက်လေ့လာနေပါတယ်။ 

မနေ့တုန်းက ဂျိမ်းမော်စလေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်တို့တွေ့ဆုံကြစဉ်မှာ တချိန်က အကျဉ်းထောင် တွေအကြောင်း၊ အနာဂါတ် မြန်မာနိုင်ငံရဲ့ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စတွေကို ဆွေးနွေးဖြစ်ကြတယ်လို့ ၈၈ ငြိမ်း/ပွင့်က ရေးထားပြီး ဦးမင်းကိုနိုင်က ဂျိမ်းမော်စလေကို အမှတ်တရ လက်ဆောင် ပန်းချီကားတချပ်ကို ပေးလိုက်တယ်လို့ သိရပါတယ်။ 







အိမ့်သံစဉ် ~ 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved