ဒုသမ္မတရောက်မလာသော်လည်း ဆန္ဒပြဖြစ်အောင်ပြ

Thursday, July 17, 2014

 ~


 
        ဒုတိယသမ္မတ ဦးဥာဏ်ထွန်း  ပြည်မြို့အနီးက သရေခေတ္တရာ ရှေးဟောင်းပျူမြို့ကို တနင်္လာနေ့က လာရောက်ကြည့်ရှုမယ်လို့ သတင်းတွေကြားတော့ ပြည်မြို့ပေါ်က သတင်းထောက်တွေအပြင် ဒေသခံ လယ်သိမ်းခံတောင်သူတွေဟာ ဆန္ဒပြပွဲတွေနဲ့ ကြိုဆိုဖို့ ပြင်ဆင်ခဲ့ကြပါတယ်။



ရွှေဆံတော်စေတီရှေ့က တောင်သူများနဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ရှေ့က သတင်းသမားများ (ဓာတ်ပုံ - ကောင်းမြတ်မင်း / ဧရာဝတီ)        ရာသီဥတုအခြေအနေမကောင်းလို့ ဒုသမ္မတရဲ့ ပြည်ခရီးစဉ် ဖျက်သိမ်းလိုက်ရတယ် ဆိုပေမယ့် သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာက လယ်သိမ်းခံတောင်သူတွေကတော့ အဲဒီမနက်မှာပဲ ဆန္ဒပြဖြစ်အောင်ပြခဲ့ကြပါတယ်။

         နံနက် ၁၁ နာရီလောက်မှာတော့ ပြည်မြို့ ရွှေဆံတော်ဘုရားမြောက်ဘက်မုခ်မှာ  အသင့်ယူဆောင်လာတဲ့ လက်ကိုင်ပိုစတာတွေကို ရုတ်တရက် ထုတ်ကိုင်ပြီး သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်ပေးဖို့အရေးနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ တောင်သူတွေ လွတ်မြောက်ရေးအတွက် အော်ဟစ်ဆန္ဒပြခဲ့ကြတာပါ။

        ဒုသမ္မတလာမယ်ကြားလို့ ဆန္ဒလာပြတာ ဆိုတဲ့ လယ်သိမ်းခံတောင်သူ ဒေါ်မြင့်ဌေးကတော့ “ကိုယ်လယ်ယာမြေ ကိုယ်လုပ်ပိုင်ခွင့်မရှိတဲ့ အခြေအနေကို သူတို့ကိုသိစေချင်တယ်။ တောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေ သူတို့ကို သိစေချင်လို့ လာပြတာပါ”
လို့ ပြောပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ လူဘောင်သစ်ပါတီမှ လူငယ်တဦးဖြစ်တဲ့ ကိုမာနော်ကလည်း         ပြည်မြို့ကို ဒုသမ္မတ ဦးဥာဏ်ထွန်းလာမယ်လို့ သတင်းအတိအကျ ရထားလို့ ဆန္ဒပြပွဲနဲ့ ကြိုဆိုရခြင်းဖြစ်ကြောင်းနဲ့  ဒေသအတွင်းက ပြဿနာတွေကို သိစေချင်လို့ဖြစ်ကြောင်း  အခုလိုပြောပါတယ်။

        “ဒီဒေသတွေမှာ မတရားလယ်သိမ်းခံရမှုတွေရှိသလို့၊ လယ်သိမ်းခံရတဲ့ တောင်သူတွေအပေါ် ဥပဒေမဲ့ တရားလက်လွတ် အရေးယူ ထောင်ချခံရတာတွေ ရှိနေတယ်ဆိုတာ သိစေချင်လို့ ဆန္ဒပြတာပါ။
အကြောင်းကြောင်းကြောင့်   မလာဖြစ်ဘူးဆိုတော့လည်း ကျနော်တို့က သူလာရင် ဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ရွှေဆံတော်ဘုရားရှေ့မှာပဲ ဆန္ဒပြလိုက်တာပါ”

        လယ်သိမ်းခံတောင်သူတွေနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ တောင်သူတွေရဲ့ မိသားစုဝင် စုစုပေါင်း (၁၀) ဦးခန့် ဆန္ဒပြ နေစဉ်အချိန်မှာပဲ ပြည်မြို့ မြို့မရဲစခန်းမှ စခန်းမှူးဦးမျိုးမြင့်ရောက်ရှိလာပြီး၊ ဆန္ဒပြလို့ မရကြောင်းနဲ့ အခုလိုဆန္ဒပြမယ်ဆိုရင် အကြောင်းကြားစာ ပေးပို့ပြီးမှ ဆန္ဒပြဖို့ မေတ္တာရပ်ခံတဲ့အတွက် မိနစ်အနည်းငယ်အတွင်းမှာပဲ ဆန္ဒပြသူတွေဟာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ မေတ္တာရပ်ခံမှုကို လက်ခံပြီးပြန်သွားတဲ့အတွက် သူတို့ကို အရေးယူမှုတွေပြုလုပ်သွားမှာမဟုတ်ကြောင်း မြို့မရဲစခန်းမှူးက ဧရာဝတီကိုပြောပါတယ်။

        ဒုတိယသမ္မတဦးဥာဏ်ထွန်းပြည်မြို့ကို လာဖို့ အစီအစဉ်ရှိခဲ့ပေမဲ့လည်း ရာသီဥတုကြောင့် မလာဖြစ်ခဲ့ကြောင်းကိုလည်း မြို့နယ်ရဲမှူးထံမှ သိခဲ့ရပါတယ်။

        ပြည်မြို့ကို ဒုသမ္မတ လာရောက်မယ်ဆိုတာ ပြည်သူလူထုက တရားဝင်သိခွင့်မရခဲ့ပါ။

အဲဒီလို အတည်ပြုလို့မရတဲ့ အခြေအနေမှာပဲ ရည်ရွယ်ချက်ကိုယ်စီရှိကြတဲ့ ဒေသခံအသီးသီးက ဆန္ဒပြပွဲတွေနဲ့ ကြိုဆိုဖို့ ပြင်ဆင်ထားခဲ့ကြတာပါ။

လယ်သိမ်းခံတောင်သူတွေကလည်း သူတို့ရဲ့အနေအထားကို ဒုသမ္မတကြီး သိစေချင်တယ်၊ သတင်းထောက်တို့ကလည်း လက်နက်စက်ရုံအကြောင်းဆောင်းပါးအတွက်  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း
ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံခဲ့ရတဲ့   ယူနတီဂျာနယ် သတင်းသမား ၅ ယောက် လွတ်မြောက်ရေးလိုလားကြကြောင်း သိစေချင်ကြတာ ဖြစ်ပါတယ်။

ကောင်းမြတ်မင်း

သဲကုန်း ဆန္ဒပြတောင်သူများ ဆက်စပ်သတင်း

 http://blog.irrawaddy.org/2014/06/blog-post_5333.html

http://blog.irrawaddy.org/2014/07/blog-post_813.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved