ပုသိမ်မြို့ အာဇာနည်နေ့ပြခန်း

Saturday, July 19, 2014

~




မြန်မာနိုင်ငံရဲ့ ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရအောက်မေ့တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ စည်စည်ကားကားနဲ့ တွေ့ရပါတယ်။ 



မနက်အစောပိုင်းမှာတော့ ဧရာဝတီတိုင်းအစိုးရဦးဆောင်မှုနဲ့  အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ပုသိမ်မြို့တော်ခန်းမမှာ သံဃာတော်ကို အာရုဏ်ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေ ဆပ်ကပ်လှူဒါန်းခဲ့ပြီး  အာဇာနည် ခေါင်းဆောင်ကြီးတွေအတွက် အမျှအတန်းပေးဝေခဲ့ကြတာပါ။

နံနက် ၈ နာရီမှာတော့ ဧရာဝတီတိုင်းအစိုးရ၀န်ကြီးချုပ် ဦးသိန်းအောင်ဦးဆောင်တဲ့အစိုးရအဖွဲ့က အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုခဲ့ကြပါတယ်။

မနှစ်က အာဇာနည်နေ့က မိုးဖွဲဖွဲလောက်ပဲ ရွာခဲ့ပေမယ့် ဒီနှစ်မှာတော့ မိုးကခပ်သည်းသည်းရွာသွန်းနေလို့ ပုသိမ်အာဇာနည်နေ့ အခမ်းအနားကိုလည်း မိုးထဲရေထဲမှာပဲ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ကလည်း မိုးရေထဲမှာပဲ အာဇာနည်ခေါင်းဆောင်တွေကို ဦးညွတ်ခဲ့သလို လွှတ်တော်၊ တရားလွှတ်တော်၊ ဌာနဆိုင်ရာနဲ့ နိုင်ငံရေးပါတီတွေကလည်း မိုးရေထဲမှာပဲ ပန်းခွေတွေချ ဦးညွတ်အလေးပြုကြပါတယ်။

မိုးရွာပေမယ့် ပုသိမ်ဒေသက လူထုပရိတ်သတ်ကတော့ အာဇာနည်ခေါင်းဆောင်တွေကို သတိရ အောက်မေ့တဲ့အနေနဲ့ မိုးရေထဲမှာပဲ တဖွဲ့ပြီးတဖွဲ့ ဦးညွတ် အလေးပြုခဲ့တာ တွေ့ရပါတယ်။
ဒီနှစ် ပုသိမ်အာဇာနည်နေ့ရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံမှာ ဘယ်တိုင်းနဲ့ပြည်နယ်ကမှ အစိုးရ အစီအစဉ်နဲ့ တရားဝင် ဥသြဆွဲအလေးပြုတာ မရှိခဲ့ပေမယ့် ဧရာဝတီတိုင်းမှာတော့ တိုင်းအစိုးရ အစီအစဉ်နဲ့ သင်္ဘောတွေ၊ ဆန်စက်တွေ၊ မီးသတ်ကားတွေအသုံးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေ ကျဆုံးခဲ့တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ဥသြရှည်ဆွဲလို့ အလေးပြုခဲ့ပါတယ်။

 ဒါ့အပြင် အာဇာနည်နေ့မတိုင်မီကတည်းက ပုသိမ်မြို့တော်ခန်းမနဲ့ အစိုးရအထက်တန်းကျောင်းတွေမှာ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို အများပြည်သူကြားနိုင်အောင် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေး နေတာ တွေ့ရပါတယ်။

ဒါတင်မက အာဇာနည်နေ့အခမ်းအနား ကျင်းပရာ ကန်သုံးဆင့်ကွင်း အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်တဲ့ ပြခန်းတခုကို တိုင်းပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာနက ဇူလိုင်လ ၁၇ ရက်နေ့ကနေ ဒီကနေ့ ဇူလိုင် ၁၉ ရက်ညအထိ ၃ ရက်တိုင် ဖွင့်လှစ်ပြသခဲ့ပါတယ်။

ပြခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တသိုက် လုပ်ကြံခံရတဲ့ပုံတွေ၊ လုပ်ကြံမှု ဖြစ်စဉ်အကြောင်းအရာတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ရေးအကျဉ်းတွေကို ဗီနိုင်း ပိုစတာတွေနဲ့ ခင်းကျင်းပြသခဲ့သလို ခေါင်းဆောင်ကြီးတွေရဲ့ ဈာပနအခမ်းအနားကျင်းပပုံတွေကို ပရိုဂျက်တာနဲ့ ထိုးပြီး ပရိတ်သတ်တွေကို ပြသရာမှာ လူတွေတိုးဝှေ့ကြည့်ရှုနေတာ တွေ့ရပါတယ်။
ပုသိမ်ခရိုင် ပြန်/ဆက်ဌာနဦးစီးမှူး ဒေါ်မာလာဝင်းက...“ဒီပြခန်းက တိုင်းဒေသကြီး အစိုးရ ညွှန်ကြားမှုနဲ့ ကျမတို့ဌာနက တာဝန်ခံဖွင့်လှစ်ခဲ့တာပါ။ အခုလို ပြခန်းဖွင့်နိုင်အောင် ၁ လနီးပါး ပြင်ဆင်ခဲ့ရပါတယ်။
ဗိုလ်ချုပ်တို့ ဈာပနဗီဒီယိုကို ပရိုဂျက်တာနဲ့ ပြနိုင်အောင်လည်း အတော်လေးကြိုးပမ်းခဲ့ရတယ်။
 ဒါပေမယ့် အခုလို ပြည်သူလူထုတွေ စိတ်ဝင်တစားနဲ့ တိုးဝှေ့ကြည့်ရှုတာမြင်တော့ ၀မ်းသာပါတယ်။ အခုခေတ်လူငယ် တချို့တွေဆို အာဇာနည်နေ့အကြောင်း မသိတဲ့လူတွေအများကြီး ရှိတယ်လေ” လို့  ဧရာဝတီကို ပြောပါတယ်။

 ပြခန်းလာကြည့်သူတိုင်းကို ပြန်/ဆက်ဌာနက အာဇာနည် ခေါင်းဆောင်တွေအကြောင်းရေးထားတဲ့ လက်ကမ်းစာစောင်တွေ အခမဲ့ဝေငှခဲ့တာ တွေ့ရပါတယ်။

လက်ကမ်းစာစောင်ပေါင်း သုံးထောင်ကျော် ဝေငှခဲ့သလို ပြခန်းမှာ ခင်းကျင်းရောင်းချခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း အခမ်းအနား လာသူတွေက ၀ယ်ယူကြရာမှာ ခင်းကျင်းထားတဲ့ စာအုပ် ၂၀၀ ကျော် အကုန်လုံး ရောင်းကုန်ခဲ့တယ်လို့ သိရပါတယ်။ 


အခုလို လူငယ်တွေ ပြခန်းကို လာကြည့်ပြီးတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အကြောင်း သိသွားကြတော့ ပင်ပန်းပေမယ့် ပျော်ပါတယ်။ အရမ်းလည်း ၀မ်းသာပါတယ် လို့
ပုသိမ်ခရိုင် ပြန်/ဆက်ဌာနဦးစီးမှူး ဒေါ်မာလာဝင်းက ဧရာဝတီ သတင်းဌာနကို ပြောပြပါတယ်။
“ဒီနှစ်မှာ ထူးခြားတာကတော့ အငြင်းပွားခဲ့ရတဲ့ အာဇာနည်နေ့ အာဇာနည်များ ကျဆုံးချိန်မှာ ဥသြဆွဲ၊ မဆွဲ ဆိုတဲ့ကိစ္စမှာ ဧရာဝတီတိုင်းဒေသကြီးက ဥသြဆွဲမယ်လို့ အစောကြီးကတည်းက ကြေညာခဲ့တာကတော့ ထူးခြားချက်တခုပါ။
ဒါဟာ ဧရာဝတီတိုင်းဒေသကြီး အစိုးရ အနေနဲ့ မှန်ကန်တဲ့ ဦးဆောင်မှုတခုကို ခြေလှမ်းလိုက်တယ်လို့ ကျနော်တို့မြင်ပါတယ်” လို့ ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

ပုသိမ်က အာဇာနည်နေ့အခမ်းအနားကို NLD ပါတီဝင် ၁,၀၀၀ ကျော်အပါအ၀င် ပုသိမ်မြို့ခံတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နည်းပညာတက္ကသိုလ်ကျောင်းသားတွေ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း  ၂,၅၀၀ ကျော်ခန့်ဟာ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဦးညွတ်ဂုဏ်ပြုခဲ့ကြပါတယ်။
 
ဆလိုင်းသန့်စင်
 

ပြခန်းလာကြည့်သူတွေကို လက်ကမ်းစာစောင်တွေ ဝေငှနေတဲ့ ဧရာဝတီတိုင်းပြန်/ဆက်ဌာန ၀န်ထမ်းတွေ
ဧရာဝတီတိုင်းအစိုးရအဖွဲ့  ပန်းခွေချ ဂါရ၀ပြု
ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ အာဇာနည်နေ့ အလှူဒါန
~


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved