အမျိုးသားမော်ဒယ်လ်ပြိုင်ပွဲက ကျင်းပတာနည်းနေတယ်

Monday, July 7, 2014


 ~


 
  • အောင်ကျော်သူ၊ အသက်(၁၉)နှစ်၊
  • နောက်ဆုံးနှစ်ရူပဗေဒ (အရှေ့ပိုင်းတက္ကသိုလ် - တာဝ)၊



 



  • မိတ်ကပ်၊ ဆံပင်၊ ဓာတ်ပုံ-Aroma

ကျနော်က အနုပညာအလုပ်ကို သိပ်တော့ဝါသနာမပါဘူး။ ဒါပေမယ့် ကျနော့်အစ်ကိုက အားပေးလို့ ဒီအလုပ်ကို လုပ်ဖြစ်တာပါ။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ အခုလတ်တလော ဓာတ်ပုံတွေရိုက်ပေးဖြစ်ပါတယ်။ အနုပညာအလုပ်တွေ တော်တော်များများ လုပ်ဖို့ရှိပါတယ်။
နောက်ပြီး အခုကျနော် Face of Myanmar 2014 ပြိုင်ပွဲဝင်ပြိုင်ဖို့ လျှောက်လွှာတင်ထားပါတယ်။ နိုင်ငံတကာအထိ သွားပြိုင်ရမှာဆိုတော့ စိတ်ဝင်စားလို့ပါ။ ကျနော်အကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်မှာပါ။

 မြန်မာနိုင်ငံမှာ အမျိုးသားမော်ဒယ်လ်ပြိုင်ပွဲက ကျင်းပတာနည်းတော့ အမျိုးသားတွေအတွက် အခွင့်အရေးနည်းသလို ဖြစ်နေတယ်လို့ ထင်ပါတယ်။
အနုပညာအလုပ်လုပ်ဖို့ ဒီခေတ်မှာအခွင့်အရေးတွေရှိပေမယ့် မိန်းကလေးပြိုင်ပွဲတွေက ပိုများတော့ အနုပညာကိုဝါသနာပါတဲ့ မိန်းကလေးတွေက ပိုအခွင့်အရေးများတယ်လို့ ထင်ပါတယ်။

ကျနော် အနုပညာအလုပ်ကိုလုပ်ရမှာ အရင်က ရှက်သလိုဖြစ်နေတော့ ဓာတ်ပုံရိုက်တာတောင် သိပ်အဆင်မပြေဘူး။
အခုတော့ လုပ်နေရင်းနဲ့ ၀ါသနာပါလာလို့လားမသိဘူး၊ နည်းနည်းတော့ လုပ်ရဲလာပါတယ်။

ကျနော့်အယူအဆက ဘ၀မှာအရေးကြီးတာ စိတ်ဓာတ်ကောင်းဖို့ လိုတယ်။ ရိုးသားကြိုးစားနေဖို့လိုတယ်။ ကျန်တာတွေကတော့ လူ့ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကပဲ သင်ပေးသွားမှာပါ။

ကျနော်က အားကစားလုပ်ရတာ အရမ်းဝါသနာပါတယ်။ အရင်ကတော့ ကိုယ့်ကိုယ်ကိုယ်ပိန်တယ်လို့ ထင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာဖို့ အိမ်မှာပဲ ကစားဖြစ်တယ်။
အခုတော့ Face of Myanmar ပြိုင်ပွဲအတွက် ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ Gym ကစားနေပါတယ်။

ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းအကျဆုံးကတော့ ကျနော့်အရပ်ရှည်တာကို ကျေနပ်မိတယ်။ ကျနော်အရပ်ရှည်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ခံစားရလို့ပါ။

ကျနော့်အနာဂတ် ရည်မှန်းချက်က ကျောင်းပြီးရင် အကောက်ခွန်ဦးစီးဌာနမှာ အလုပ်လျှောက်မယ်။ အနုပညာအလုပ်ကိုလည်း ကြိုးစားလုပ်ချင်ပါတယ်။ အခုချိန်မှာတော့ ကျောင်းမပြီးသေးတော့ အတိအကျ မဟြေနိုင်သေးပါဘူး။ ကျနော်ကျောင်းပြီး တာနဲ့ ဆုံးဖြတ်ချက်ကို သေချာချပြီး လုပ်မယ့်အလုပ်ကို ကြိုးစားလုပ်ကိုင်မှာပါ။

လူဆိုတာကိုယ်ဖြစ်ချင်ပေမယ့် ဖြစ်ချင်မှဖြစ်တာလေ။ ကြိုးစားပြီး တကယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့သူတွေ လည်း ရှိပါတယ်။ အဲဒီလိုလူတွေကိုတော့ ကျနော် သဘောကျမိသလို အတုလည်းယူတယ်။ လူငယ်တယောက်မှာ ဖြစ်ချင်တဲ့ဆန္ဒတွေကို ကိုယ်တိုင်ကြိုးစားနိုင်ပေမယ့် တကယ်မှန်ကန်အောင် လမ်းပြပေးနိုင်တဲ့သူ တယောက်ကတော့ ရှိနေဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ဘ၀အောင်မြင်ဖို့ ဘယ်လိုအချက်တွေ လိုအပ်တယ်ဆိုတာ သိနိုင်မှာပါ။

လူငယ်တယောက် ဘ၀မှာအောင်မြင်ဖို့က မိဘတွေရဲ့လမ်းညွှန်ပြသပေးမှုက တရာရာခိုင်နှုန်း အဓိကကျပါတယ်။ ကိုယ်တိုင်ကြိုးစားမှုကတော့ အဓိကပေါ့။ လူငယ်တွေ အတုယူမှားတာတွေမဖြစ်အောင်က အပေါင်းအသင်းကောင်းတွေ လိုအပ်ပေမယ့် ကိုယ်တိုင်စိတ်ပါမှု မပါမှုက ပိုအဓိကကျပါတယ်။ ကိုယ်တိုင်စိတ်မပါရင် ဘယ်လိုအမှားမှ မဖြစ်နိုင်ပါဘူး။

ကျနော်က ဖက်ရှင်နဲ့ပတ်သက်ရင် လွတ်လပ်တဲ့ ဖက်ရှင်ပုံစံတွေ၊ ပေါ့ပေါ့ပါးပါးဝတ်ရတဲ့ ဖက်ရှင်တွေကိုပဲ သဘောကျပါတယ်။ စိတ်ကျဉ်းကြပ်နေတာမျိုး၊ စိတ်မလွတ်လပ်တာမျိုးကို သဘောမကျဘူး။ ကျနော်က စာဖတ်တာကို ၀ါသနာပါတယ်။ စာအုပ်တော်တော်များများလည်း ဖတ်ဖြစ်ပါတယ်။ ကိုယ့်ဘ၀အတွက် အရေးပါတဲ့စာအုပ်တွေ၊ ဗဟုသုတနဲ့ ကျင့်ဝတ်တွေ၊ လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေဖတ်ပါတယ်။ စာဖတ်မှ ဘ၀မှာ ဘာတွေလုပ်သင့်တယ်၊ ဘာတွေလိုအပ်တယ်ဆိုတာ သေချာသိမှာပါ။

လူငယ်တယောက်ဖြစ်နေတဲ့အခုချိန်မှာ လူထဲက လူတယောက်ဖြစ်တဲ့အတွက် ဘ၀မှာကျေနပ်မိတာ ရှိသလို၊ မကျေနပ်မိတာတွေလည်း ရှိပါတယ်။ လူငယ်တွေအနေနဲ့ခေတ်ရေစီးအရ ကောင်းတာတွေ ရှိသလို၊ မကောင်းတာတွေလည်း ရှိတဲ့အတွက် ကောင်းတဲ့အချက်တွေကိုပဲ အတုယူကြိုးစားပြီး ဘ၀ကိုရပ်တည်သင့်တယ်လို့ ထင်ပါတယ်။     

မြတ်သူအောင်

 


  .

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved