ပေါက်ခေါင်းမြို့ရဲ့ပထဆုံးဆန္ဒပြမှုကို အရေးယူပြီ

Wednesday, July 9, 2014

 ~



ဒီအစိုးရလက်ထက် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ  ပထဆုံး ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲမှာ ဦးဆောင်သူတွေကို အာဏာပိုင်တို့က အမှုဖွင့်လိုက်ပါပြီ။

ဇူလိုင် ၁ ရက်နေ့   ပေါက်ခေါင်းမြို့ပေါ်က တရားရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊   မြေစာရင်းရုံးတွေရှေ့ဆန္ဒပြမှု ဦးဆောင်သူတွေထဲက ၃ ဦးကို အဲဒီနေ့မှာပဲ အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တပတ် ကြိုတင်ပြီး တရားဝင်အကြောင်းကြားစာပေးပို့ထားတယ်လို့ ဆိုတယ်။ 

ပေါက်ခေါင်းမြို့ရဲ့ ပထမဆုံးသော ဆန္ဒပြပွဲ ဘာကြောင့်ဖြစ်ပေါ်လာရသလဲ ဆိုတာကိုတော့ ဒီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
 http://blog.irrawaddy.org/2014/07/blog-post_3094.html မှာ ပြန်ဖတ်နိုင်ပါတယ်။

        ငြိမ်းစုစီလို့ အတိုကောက်ခေါ်ကြတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ဇွန်လ ၂၄ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က
 အတည်ပြု လက်မှတ်ထိုးထားတယ်၊ အခုလိုအကြောင်းကြားစာ ပေးပို့တဲ့ ဆန္ဒပြသူတွေကို အရေးယူခြင်းဟာ  ပေါက်ခေါင်းရဲတပ်ဖွဲ့က  သမ္မတအမိန့်ကို ဂရုမစိုက်တာကို ပြနေတာပဲ လို့ တရားစွဲခံရသူ ကိုဝင်းလှိုင်က ပြောပါတယ်။

 “ဥပဒေအသစ်ကို ဦးသိန်းစိန်က လက်မှတ်ထိုး အတည်ပြုပေးလိုက်ပြီ၊ ၂၅ ရက်နေ့ ကြေးမုံသတင်စာမှာလည်း တရားဝင်ဖေါ်ပြထားပြီးသား။
အကြောင်းကြားစာ ပေးပို့ရုံနဲ့ ဆန္ဒပြလို့ရပြီလို့ ဥပဒေထုတ်ထားလျက်သားနဲ့ ကျနော်တို့ စာတင်ပြီးပြတာကို (၁၈) နဲ့ စွဲတာ သမ္မတအမိန့်ကို ဖီဆန်တာပဲ”

လွှတ်တော်အတည်ပြုတဲ့  ငြိမ်းစုစီကို သမ္မတ လက်မှတ်ထိုးပြီးတာနဲ့  တရားဝင် ဆန္ဒပြခွင့် ရပါမယ်။ သို့သော်လည်း ပေါက်ခေါင်းမှာ အမှုဖွင့်ပါပြီ။

 ကိုဝင်းလှိုင်နည်းတူ တရားစွဲခံရသူတွေကတော့ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူ နှစ်ဦးဖြစ်တဲ့ ဦးထွန်းရီ၊ ဦးစိန်မြင့်အောင်တို့ပါပဲ။

ကိုဝင်းလှိုင်ကတော့ ပေါက်ခေါင်းမြို့နယ် ရဲတပ်ဖွဲ့ကို  ဥပဒေနဲ့ ပြန်ချည်တုပ်မယ့်သဘော ရှိနေပါတယ်။ 

“ဆန္ဒပြခွင့်ကို ခွင့်ပြုလို့ရရဲ့သားနဲ့ ခွင့်မပြုပေးဘူးဆိုရင် ပြန်တရားစွဲလို့ ရပါတယ်။ ကျနော်တို့ ပြန်တရားစွဲသွားမှာပါ။
ဦးသိန်းစိန်ရဲ့ အာဏာ သက်ရောက်မှုက ပေါက်ခေါင်းမြို့နယ်မှာ မရှိဘူး ထင်ပါတယ်။
အစကတည်းက ခွင့်မပြုဘူးဆိုရင် အယူခံယူလို့ရအောင် ငြင်းပယ်တဲ့စာလည်း မပို့ဘူး။ အခုကျတော့ ၁၈ နဲ့ စွဲတယ်ဗျာ”

တရားဝင်အကြောင်းကြားစာပေးပို့ပြီး ဆန္ဒပြသူတွေ  ဘာကြောင့်  အမှုဖွှင့်ထားသလဲ။

 ပေါက်ခေါင်းရဲစခန်းက  အမှုစစ် ဒုရဲအုပ်အေးမင်းထွဋ်ကတော့ ဒီအကြောင်း ရှင်းပြဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ကျနော်က အမှုစစ်ဆိုတော့ အထက်က လူကြီးတွေ တာဝန်ပေးတဲ့အတိုင်း လုပ်ရတာဖြစ်လို့ မပြောတတ်ဘူးခင်ဗျ။
အခုလောလောဆယ် အမှု တည်ဆောက်ဆဲ ကာလ ဖြစ်လို့ ဘယ်အချိန် ရုံးချိန်းခေါ်မယ်ဆိုတာ မပြောတတ်သေးပါဘူးခင်ဗျ”  

http://burma.irrawaddy.org/news/2013/11/07/50628.html
http://burma.irrawaddy.org/news/2014/05/15/58867.html 

  ငြိမ်းစုစီအကြောင်း ပြန်ဆက်ရရင် ဥပဒေမှာ ပြဋ္ဌာန်းထားတာကတော့  ဆန္ဒပြသူများဟာ  ကြွေးကြော်သံ၊ သုံးမယ့် အလံ၊ ဆန္ဒပြမယ့် နေရာဌာနတွေကို ၅ ရက် ကြိုပြောရမယ်၊ ဆန္ဒပြရင် လက်နက် မကိုင်ရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သံဃာများ ဆန္ဒပြပိုင်ခွင့် မရ ဆိုတဲ့ အချက်တွေပါပဲ။

လောလောဆယ်တော့ ပုဒ်မ ၁၈ နဲ့ ဖမ်းဆီးခံထားရသူတွေ နိုင်ငံတဝန်းမှာ အများအပြား ရှိနေပါပြီ။

၂၀၀၈ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်း မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားပါတယ်။
သို့သော်လည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများကို မဆန့်ကျင်လျှင် ဆိုတဲ့ ခြွင်းချက် ပါဝင်နေပါတယ်။

ကောင်းမြတ်မင်း
အပေါ်ပုံ - ဇူလိုင် ၁ ရက်နေ့  အရပ်သားအစိုးရလက်ထက် ပေါက်ခေါင်းမြို့ရဲ့ ပထမဆုံးဆန္ဒပြမှု မြင်ကွင်းတခု - (ကောင်းမြတ်မင်း / ဧရာဝတီ)
  • ဆက်စပ်သတင်းများ

http://burma.irrawaddy.org/news/2014/03/05/55814.html
http://burma.irrawaddy.org/news/2013/11/21/51220.html
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved