ယူနန် အစားအစာတွေရတဲ့ ရန်ကုန်က “တောသား”

Monday, July 28, 2014

 ~



ဒေသစာ၊ ရိုးရာအစားအစာတွေကို နှစ်သက်စွာ မြည်းစမ်းလိုသူတွေအတွက် ဒီတပတ်မှာ မိတ်ဆက်ပေးလိုတဲ့ဆိုင်ကတော့ စမ်းချောင်း၊ ကျွန်းတောလမ်းပေါ်က ယူနန် အစားအစာတွေရောင်းချတဲ့
“တောသား” စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။




 တောသားဆိုတဲ့ ဆိုင်နာမည်က ရိုးလွန်းပေမယ့် အဲဒီလို ရိုးလွန်းတဲ့အတွက်ပဲ ထူးဆန်းနေပြန်တာကြောင့် ဆိုင်ရှင်ဖြစ်သူကို ဆိုင်နာမည်ရွေးချယ်ပုံကို မေးကြည့်တဲ့အခါ
တရုတ်ပြည်ရဲ့ အစွန်အဖျားဒေသဖြစ်တဲ့ ယူနန်ဒေသက ချက်ပြုတ်ပုံနဲ့ ဟင်းလျာတွေဖြစ်တဲ့အတွက်ကြောင့် တောသားဆိုတဲ့ နာမည်ကိုရွေးဖြစ်ခဲ့တာလို့ သိရပါတယ်။

ဆိုင်က အမြဲလို ကားတွေပြည့်နေတတ်တဲ့ ကျွန်းတောလမ်းမပေါ်ကနေ ရုတ်တရက်ကြည့်လိုက်ရင် သူ့ဘေးက ဆိုင်ခန်းတွေကြားထဲ ရောနှောနေပါတယ်။ အဝင်ဝမှာ ချထားတဲ့ ဆိုင်နာမည်ဆ
ိုင်းဘုတ်ကိုတွေ့ရအပြီးမှ နောက်ဖက်က မှန်အပြည့်ကာထားတဲ့ အဲကွန်းတပ် ဆိုင်ခန်းကို တွေ့ရမှာပါ။ အတွင်းမှာတော့ ရိုးစင်းတဲ့ဆိုင်အပြင်အဆင်နဲ့ နေ့ခင်းဖက် လူနည်းပါးပြီး အေးအေးဆေးဆေးရှိတဲ့ ဆိုင်တွင်းမြင်ကွင်းကို တွေ့ရပါတယ်။


ဆိုင်က နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်မှာတော့ လူဆယ်ဦးလောက် စားသုံးနိုင်တဲ့ စားပွဲဝိုင်းတဝိုင်းနဲ့ သီးသန့်ခန်းတခန်းလည်း ရှိတာမို့ ကြိုတင် reserve လုပ်ပြီး အေးအေးဆေးဆေး တသီးတသန့်
စားသုံးလိုသူတွေအတွက် အဆင်ပြေမှာပါ။

ဆိုင်မှာ ယူနန်ဒေသစာ ဟင်းလျာတွေရနိုင်ပြီး ကောက်ညှင်းပေါင်းနဲ့ တို့ဟူးကြော်လို၊ မြီးရှည်နဲ့ ပေါက်စီ မန်ထိုလို၊ ကြက်ဥကစော်လို ပေါ့ပေါ့ပါးပါး မနက်ခင်းစာတွေကိုလည်း ရရှိနိုင်ပါတယ်။
ဟင်းလျာမီနူးတွေထဲမှာတော့ ညောင်ချဉ်ရွက်သုပ်၊ စွယ်တော်ပန်းသုပ်၊ ငှက်ပျောဖူးကြော်၊ အကောက်ရွက်သုပ်၊ ရှမ်းခရမ်းချဉ်သီးသုပ်နဲ့ ခရမ်းကစော့သီးထောင်းတွေလို စိတ်ဝင်စားဖွယ် ဒေသစာ ရာသီစာ တွေကိုလည်း
တွေ့ရပါတယ်။
ထူးထူးခြားခြား ပျားကြော်နဲ့ ဝါးပိုးကြော်တွေလည်း ရနိုင်ပါသတဲ့။

 


လားရှိုးဇာတိဖြစ်တဲ့ ဆိုင်ရှင်ကတော့ သူတို့မိရိုးဖလာချက်ပြုတ်စားသောက်တဲ့ ဟင်းလျာတွေကိုပဲ မီနူးထဲထည့်လို့ ရောင်းချခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ လေ့လာပြီး ထပ်ဖြည့်ထားတဲ့ ဟင်းလျာတွေလည်းရှိတယ်လို့
ဆိုပါတယ်။

လူကြိုက်များတယ်လို့ သိရတဲ့ ဝက်အသားစုံကြော်ကတော့ လူခြောက်ယောက်လောက် ကောင်းကောင်းစားနိုင်အောင် ပွဲကြီးပါတယ်။
ဝက်အသည်း၊ အူချို၊ အူမ အကြော်စုံ၊ ကြိတ်ထားတဲ့ဝက်သားနဲ့ ကြက်သွန်နီ၊ ကုဆိုင်တို့ကို ဌာပနာထားတဲ့ ဖက်ထုပ်ကြော်၊ သီဟိုဠ်စေ့ကြော်နဲ့ သုံးထပ်သားကင်တို့ကို မျက်စိပသာဒဖြစ်အောင်  အသီးအရွက်အချိုနဲ့ တွဲဖက် ပြင်ဆင်ပေးထားတာပါ။
အဲဒီတပွဲကို ကျပ် ၁၂၀၀၀ ကျသင့်တာမို့ ဈေးများတယ်ထင်ရပေမယ့် စားရတဲ့ အရသာအတွက် ကတော့ ထိုက်တန်တယ် ဆိုရမှာပါ။

မှိုဆီသခွားသီးသုပ်ကတော့ ငွေနှင်းမှိုကို အမဲသားအမွကြော်သလို ခြောက်ပြီးမွနေအောင်ကြော်ထားတဲ့အကြော်နဲ့ အလွှာလိုက်ရအောင်ခြစ်ထားတဲ့ သခွားသီးကို အချဉ်အစပ်ပေါ့ပေါ့အရသာဖြစ်အောင်
သုပ်ထားတဲ့ ဟင်းလျာပါ။  အစပ်ကြောက်သူတွေလည်းစားနိုင်လောက်ပြီး အရည်ရွှမ်းတဲ့ သခွားသီးမွှေးမွှေးက ခံတွင်းရှင်းစေပါလိမ့်မယ်။ ဒီဟင်းပွဲက ကျပ် ၄၀၀၀ ကျသင့်ပါတယ်။

 


စိမ်းစိမ်းစိုစို ပဲရွက်ကြော်တခွက်နဲ့လိုက်ဖက်တဲ့ ဝက်နံရိုးဆေးမြစ်ဟင်းရည်ကတော့ စွပ်ပြုတ်ဟင်းရည်ကြိုက်သူတွေအတွက် သင့်တော်ပါလိမ့်မယ်။
နူးအိနေတဲ့ဝက်နံရိုးကို စမုံစပါးအမြစ်နဲ့ ရောပြုတ်ထားတာဖြစ်ပြီး ဒီဆေးမြစ်ဟင်းရည်က မူးမော်အားနည်းသူတွေအတွက် ကောင်းစေတယ်လို့လည်း သိရပါတယ်။
လူခြောက်ယောက်စာလောက်သောက်နိုင်တဲ့ ဟင်းချိုပန်ကန်လုံးကြီးတလုံးစာတပွဲကို ကျပ် ၆၀၀၀ ကျသင့်ပါတယ်။

 


ဆိုင်ကဟင်းလျာတွေရဲ့ ထူးခြားချက်က ဆီနည်းပြီး တခြားတရုတ်ဟင်းလျာတွေလို အချိုမှုန့်အရသာ မကဲတာပါပဲ။
ဆိုင်ရှင်ကတော့ ဒီနေ့ခေတ်စားသုံးသူတွေအကြိုက်နဲ့ကိုက်ညီအောင် ဆီကို အတတ်နိုင်ဆုံးလျှော့ထားပြီး အချိုမှုန့်ကိုလည်း လျှော့ပါသတဲ့။
အချိုမှုန့်အစား ဝက်ရိုး၊ ကြက်ရိုးပြုတ်ရည်တွေကို ဟင်းချက်ရာမှာ ထည့်သုံးတယ် လို့လည်းဆိုပါတယ်။

ဆိုင်ရဲ့ဝန်ဆောင်မှုအနေနဲ့ စားသုံးသူတွေကို ရာသီပေါ်သီးနှံအချိုပွဲတွေ လက်ဆောင်တည်ခင်းပြီး ဆိုင်ရဲ့ဝန်ဆောင်ခ ၁၀% ကိုသာကောက်ခံပြီး အစားအသောက်အပေါ်မှာတော့ အခွန်မကောက်ထားဘူးလို့ ဆိုင်ရှင်ဖြစ်သူက ဆိုပါတယ်။
ယူနန်ဒေသစာတွေကို မြည်းစမ်းလိုရင်တော့ တောသားရဲ့ ဆိုင်ဖွင့်ချိန်က မနက် ၇နာရီကနေ ည ၉ နာရီအတွင်းမှာ သွားရောက်မြည်းစမ်းနိုင်ကြပါတယ်။


သီ



ဇူလိုင် ၂၇ ရက်စွဲနဲ့ ထုတ်ဝေတဲ့  The Irrawaddy ဂျာနယ် အတွဲ ၁ အမှတ် ၃ဝ  http://blog.irrawaddy.org/2014/07/irrawaddy_24.html ကနေ ကူးယူ ဖော်ပြပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved