နာမည်ကြီးဂစ်တာတွေရဲ့ ဈေးနှုန်း

Monday, July 28, 2014

 ~




 ဂစ်တာဟာ ဂီတတူရိယာပစ္စည်းတွေထဲမှာတော့ Popular ဖြစ်တဲ့ ပစ္စည်းတမျိုးဖြစ်ပြီး ဂစ်တာတလက်ရှိရုံနဲ့ သီချင်းတော်တော်များများကို တီးခတ်သီဆိုလို့ ရပါတယ်။
ဂစ်တာလေးခေါက်ပြီး တယောက်တည်း အသည်းကွဲသီချင်းလေး ညည်းတာမျိုးဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ သုံး လေး ငါးယောက် အဖွဲ့လိုက် ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ တီးခတ်သီဆိုလို့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ တူရိယာပစ္စည်းတမျိုးဖြစ်ပြီး ဂစ်တာနဲ့ ဂီတအမျိုးအစား တော်တော်များများ ကိုလည်း တီးခတ်နိုင်ပါတယ်။
 အဆိုတော်မေဆွိကတောင် တခေတ်တခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်မှာ “စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်” လို့ အကြံပေးတိုက်တွန်းခဲ့သေးတယ် မဟုတ်လား။

 ဂစ်တာနဲ့ blues, bluegrass, country, flamenco, folk, jazz, jota, mariachi, metal, punk, reggae, rock, soul အစရှိတဲ့ ဂီတ အမျိုးအစားစုံ နဲ့ Pop ဂီတအမျိုးအစား တော်တော်များများကို တီးခတ်နိုင်ပါတယ်။

ဂစ်တာတွေဟာ ပုံမှန်အားဖြင့် ခြောက်ကြိုး ပါဝင်တတ်ပြီး လေး၊ ငါး၊ ခုနစ်၊ ရှစ်၊ တဆယ်၊ ဆယ့်နှစ်ချောင်းတပ် ဂစ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဂစ်တာတွေရဲ့ ခေတ်စားမှုသက်တမ်းဟာ မြန်မာနိုင်ငံမှာ သိပ်မရှိသေးပေမယ့် ဂစ်တာတွေ စတင်ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကတော့ ဟိုး လွန်ခဲ့တဲ့ ၁၂၊ ၁၃ ရာစုလောက်ကတည်းက စတင်ခဲ့တာလို့ လေ့လာဖတ်ရှုဖူးပါတယ်။

၁၉၅၆ မေလမှာ ထုတ်ဝေခဲ့တဲ့ Heart Break Hotel ဓာတ်ပြားနဲ့ ထိပ်ဆုံးရောက်ရှိခဲ့တဲ့ ရော့ခ်အင်ရိုး (Rock n Roll) အဆိုတော် ပရက်စလေက သူ့ရဲ့ဂစ်တာလွယ်ပြီး သီချင်းဆိုဟန်တွေကြောင့် ဂစ်တာဟာ လူငယ်ထုကြားမှာ အရှိန်အဟုန်နဲ့ စတင်ပြန်ပွားလာခဲ့တာလို့ မှတ်သားဖူးပါတယ်။

 


မြန်မာနိုင်ငံမှာတော့ အရင်ကဆိုရင် ဂစ်တာကို စစ်ကိုင်းအိုး၊ မန္တလေးအိုး အစရှိတဲ့ ပြည်တွင်းဖြစ် ဂစ်တာတွေလောက်သာ ဝယ်ယူသုံးစွဲခဲ့ကြပေမယ့် ဂစ်တာတွေဟာ အခုနောက်ပိုင်း ဂီတဟာ လူငယ်တွေကြားမှာ ပိုမိုခေတ်စားလာပြီး ဒီနေ့ ခေတ်ရေစီးဟာလည်း နိုင်ငံခြားကလာတဲ့ ပစ္စည်းတေ


ာ်တော်များများကို မြန်မာနိုင်ငံမှာ လွတ်လပ်စွာ တင်သွင်းလာတဲ့ ခေတ်အချိန်ခါ ဖြစ်တာကြောင့် ပြည်ပလုပ်ဂစ်တာတွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ တူရိယာပစ္စည်းဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။

ဒီနေ့ခေတ်ရေစီးမှာတော့ ဂစ်တာချစ်သူ လူငယ်တွေ၊ ဂစ်တာခရေဇီတွေက ဂျပန်က နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Ibanez တံဆိပ် ဂစ်တာအမျိုးအစားကို ပိုမို အဝယ်များကြတယ်လို့ ဂစ်တာ အရောင်းဆိုင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 ပြီးတော့ Phoenix တံဆိပ် ဂစ်တာတွေကလည်း ဈေးနှုန်းသင့်တာကြောင့် အဝယ်များကြောင်း သိရပါတယ်။

တန်ဖိုးကြီး ပြည်ပလုပ် အရည်အသွေးကောင်း ဂစ်တာတွေကို ပရော်ဖက်ရှင်နယ် Guitarist တွေကသာ ဝယ်ယူ တီးခတ်ကြတာ မဟုတ်ပါဘူး။
လမ်းဘေးအုတ်ခုံတွေမှာ လိုက်တီးနေတဲ့ ဝါသနာရှင်လူငယ်လေးတွေ၊ ဝါသနာတူရာ လူငယ်တွေ စုဖွဲ့ထားကြတဲ့ အပျော်တမ်းတီးဝိုင်းတွေက ဂစ်တာခရေဇီ လူငယ်တွေကလည်း ဝယ်ယူ တီးခတ်နေကြပါပြီ။

 


ဈေးနှုန်းတွေအနေနဲ့က Phoenix တံဆိပ် ဟော်လိုဂစ်တာတွေဆိုရင် ၁၄ဝ,ဝဝဝ ကနေ ၁၆ဝ,ဝဝဝ ကြား ရှိပြီး Ibanez ဟော်လိုဂစ်တာတွေကတော့ ၂ သိန်းကျော် ဈေးနှုန်းမှာရှိပါတယ်။
Ibanez တံဆိပ် Electrics Guitar တွေကတော့ ဈေးနှုန်း ၄သိန်းကျော် ဝန်းကျင်မှာရှိပါတယ်။ တခြားသော ဈေးနှုန်း ဆယ်သိန်းအထက် ဂစ်တာတွေ၊ သိန်း ၂၀ ကျော်တဲ့ ဂစ်တာတွေလည်းရှိပါသေးတယ်။

ဒီတပတ်မှာတော့ ဂစ်တာချစ်သူလူငယ်တွေ၊ ဂစ်တာခရေဇီသမားတွေအတွက် အရည်အသွေးကောင်းကောင်း၊ ဈေးလည်း သင့်တင့်တဲ့ ပြည်ပနိုင်ငံလုပ် အရည်အသွေးကောင်း နာမည်ကြီးဂစ်တာတွေနဲ့ ဈေးနှုန်းတွေကို   ဖော်ပြပေးလိုက်ပါတယ်။

ပုံမှာပြထားတဲ့ ဂစ်တာတွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကိုတော့ အမှတ် (၃၅၂)၊ မြေညီထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “SoundTech” Pro Audio & Musical Instruments အရောင်းဆိုင်မှာ သွားရောက်ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

သီဟတိုး


 


ဇူလိုင် ၂၇ ရက်စွဲနဲ့ ထုတ်ဝေတဲ့  The Irrawaddy ဂျာနယ် အတွဲ ၁ အမှတ် ၃ဝ  http://blog.irrawaddy.org/2014/07/irrawaddy_24.html ကနေ ကူးယူ ဖော်ပြပါတယ်။


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved