ဦးဆန်းဆင့်အမှုကို ပွင့်လင်းမြင်သာစွာစစ်ဆေးဖို့ ဒေးဒရဲမှာ ပြောနေကြပြီ

Sunday, August 10, 2014




 ~






ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်းနဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အမှုကို အများပြည်သူ ကြားနာနိုင်တဲ့ တရားခွင်နဲ့ စစ်ဆေးပေးဖို့ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်ကဒေသခံ ၂၅၀ ကျော်က မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။


“အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ တရားဥပဒရှေ့မှောက်မှာ မည်သူမျှ ခွဲခြားဆက်ဆံခြင်း မခံစေရဆိုပြီး ပြဌာန်းထားပါတယ်။
 အခုဦးဆန်းဆင့်အမှုမှာ အများပြည်သူလည်း ကြားခွင့်မရ၊ မီဒီယာတွေလည်း ၀င်ခွင့်မရဘဲ တံခါးပိတ် စစ်ဆေးနေတာက လူ့အခွင့်အရေး ချိုးဖောက်မှုပါ။ ဒါကြောင့် ဦးဆန်းဆင့်အမှုကို အများပြည်သူကြားနာနိုင်တဲ့ တရားခွင်နဲ့ စစ်ဆေးပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက်မှ ဦးထွန်းထွန်းဦးက ဧရာဝတီကို ပြောပါတယ်။

စနေနေ့ ဆန္ဒပြပွဲကို ဒေးဒရဲမြို့နယ် တော်ကနိ - ညောင်လိန်ကုန်း၊ ချောင်းသစ်ပေါက်၊ ဥသြလမ်း၊ တော်ပုလွဲ၊ ကျောင်းဆိပ်စတဲ့ကျေးရွာတွေက ဒေသခံများ ပါဝင်ဆန္ဒပြခဲ့ပြီး “ဦးဆန်းဆင့် အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူလူထုအား ထုတ်ပြန်ကြေညာပေးရေး”၊ “ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့်အား ပြစ်မှုမှ ကင်းလွတ်ခွင့်ပြုရေး”၊ အမှန်တကယ် လာဘ်ပေးလာဘ်ယူ ကျူးလွန်သူများအား အရေးယူပေးရေး”စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီးတော့ ဒေးဒရဲမြို့ရဲ့လူစည်ကားရာ နေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

“ကျနော်တို့ဒေသမှာ ဒီရေတောတွေပြုန်းတီးကုန်လို့ သဘာဝဘေးဒဏ်ခံနေရတဲ့အတွက် ဒီရေတော စားကျက်မြေ ပြန်ရရေးအတွက် နေပြည်တော်ကိုသွားရောက်ပြီး လူကြီးတွေထံကို တင်ပြခဲ့ရာမှာ ဦးဆန်းဆင့်က လိုအပ်တာတွေ အကုန်ကူညီဆောင်ရွက်ပေးခဲ့တယ်။ ပြည်သူလူထုအခက်အခဲကို သူ့အခက်အခဲလို သဘောထားတဲ့ ဒီလိုပုဂ္ဂိုလ်ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးတရားစွဲတဲ့အပေါ်မှာ ကျနော်တို့ လုံးဝ မယုံကြည်တဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်ပါတယ်”လို့ ဆန္ဒပြခွင့် ဦးဆောင်လျှောက်ထားခဲ့သူ ကျောင်းဆိပ်ကျေးရွာမှ ကိုအောင်ကျော်စန်းက ပြောပါတယ်။

ဒီဆန္ဒပြပွဲဟာ ဦးဆန်းဆင့်ကို အစိုးရက ဖမ်းဆီးတရားစွဲပြီးနောက်ပိုင်း ဒုတိယအကြိမ်ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း ဧရာဝတီတိုင်းမြို့တော် ပုသိမ်မှာ ဦးဆန်းဆင့်ကို ထောက်ခံသူတွေ ပထမအကြိမ် စုပေါင်းဆန္ဒပြခဲ့ကြပါသေးတယ်။

“ဦးဆန်းဆင့်ကိုကျတော့ ငွေကြေးအလွဲသုံးစားလုပ်လို့ဆိုပြီး အရေးယူတယ်။ တကယ်တမ်းကျတော့ အောက်ခြေအဆင့်ဌာနဆိုင်ရာတွေမှာ ငွေကြေးအလွဲသုံးစားလုပ်တာ၊ လာဘ်ပေးလာဘ်ယူလုပ်တာတွေ အများကြီး ရှိနေပါတယ်။ ဦးဆန်းဆင့်ကို အရေးယူသလိုပဲ ကျနော်တို့အောက်ခြေအဆင့်တွေမှာ ဖြစ်နေတဲ့ လာဘ်ပေးလာဘ်ယူတွေကို ထိထိရောက်ရောက်စုံစမ်းဖော်ထုတ် အရေးယူပေးရင် ပိုကောင်းမှာပါ”လို့ ပါဝင်ဆန္ဒပြခဲ့တဲ့ တော်ကနိ - ညောင်လိန်ကုန်းကျေးရွာက ကိုမြတ်စိုးက ပြောပါတယ်။

သာသနာရေးဌာနပိုင်ငွေကျပ်သိန်း ၁၀၀ ကို ကိုယ်ကျိုးအလွဲသုံးစားပြုတယ်ဆိုပြီး သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေးအလွဲသုံးစားမှု) နဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြုလုပ်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်ပြီး ဇွန်လ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၄၀၉ အတွက် တရားရင်ဆိုင်နေဆဲမှာပဲ ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ရဲမှူးကြီး ခင်ဌေးက ပုဒ်မ ၁၂၄ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထပ်မံတရားစွဲခဲ့ပါတယ်။

ဦးဆန်းဆင့်ကိုလက်ရှိမှာ ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး ဒီလ ၁၂ ရက်နေ့မှာ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ၇ ကြိမ်မြောက် ရုံးထုတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဆလိုင်းသန့်စင်

 




  .

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved