ထူးအိမ်သင်သီချင်း ယူသုံးထားတဲ့ ကြေးမုံသတင်းစာ ဆောင်းပါး

Monday, August 25, 2014


 ~




ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်နဲ့ နိဂုံးချုပ်ရေးသားထားတဲ့ တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာ စာ ၁၉   "ဒါ စိတ်ဓာတ်ကျစရာလား" ခေါင်းစဉ်တပ် ဆောင်းပါးကို ဖတ်ပြီးကြပြီလား။ 
ထူးအိမ်သင်ရဲ့စာသားဖြစ်ကြောင်းတော့ ရေးမထားပါ။
စိတ်မညစ်နဲ့ ဆိုတဲ့ သီချင်းထဲက စာသားတွေပါ။

ဆောင်းပါးတပုဒ်လုံးရဲ့ ဆိုလိုရင်းကို....  ကိုယ့်ဝန်းကျင်မှာ အဆင်မပြေတာတွေများနေတယ်၊ သို့သော်လည်း စိတ်ညစ်စရာ မလိုဘူး လို့ နားလည်ရပါတယ်။
ကလောင်သစ်တယောက်ရဲ့ ဆောင်းပါး  ဖြစ်နိုင်သလို
ကလောင်ဟောင်းတယောက်ရဲ့ ဦးဏှောက်ဆေးဆောင်းပါးလည်း ဖြစ်နိုင်မှာပါ။ 

ဖြတ်ညှပ်ကပ်လျှောက်ရေးတာပဲဖြစ်ဖြစ်၊ စနစ်တကျ ဗျူဟာချရေးထားတာပဲဖြစ်ဖြစ် ထူးအိမ်သင်အမည် ဖြုတ်ထားတာတော့ စိတ်မကောင်းစရာလို့ သူ့ပရိသတ်က ပြောပါလိမ့်မယ်။

အခုအချိန်ဟာ ထူးအိမ်သင်ကွယ်လွန်ခြင်း ဆယ်နှစ်ပြည့်ကာလလည်း ဖြစ်နေတယ် မဟုတ်လား။

သို့သော်လည်း ဒီလိုမျိုးဆောင်းပါးမှာ ထူးအိမ်သင်နာမည်ကို ထည့်မထားတာ ပိုကောင်းပါတယ်လို့ ဆိုသူက ဆိုပါလိမ့်မယ်။

သူရေးခဲ့တဲ့ "စိတ်မညစ်နဲ့" ဟာ ပေါ်လစီသီချင်း/အကျိုးပြုသီချင်း ဖြစ်ပါလိမ့်မယ်။
ကန္တာရနှစ်များအစောပိုင်းကာလ ကတည်းက  အဆိုတော်တွေ စီးရီးထုတ်မယ် ဆိုရင်  အကျိုးပြုသီချင်း ၂ ပုဒ်လောက် မဖြစ်မနေ ထည့်သွင်းရပါတယ်။
အဲဒါ ကျေးဇူးရှင်အစိုးရ ထုတ်ပြန်တဲ့ စည်းကမ်း။
အဆိုတော်တချို့ကလည်း  ဆေးလိပ်သောက်တာ မကောင်းဘူး ဆိုတဲ့ ကဗျာလေး ဘာလေး
သီချင်းစာအုပ်ထဲ ထည့်တယ်။ သီချင်းအဖြစ်နဲ့တော့ ဆိုတီးထားတာမဟုတ်။
တချို့ကလည်း ရိုးရိုးလေးသာဝတ်ခဲ့ပါ၊ အခါကြီးရက်ကြီးမို့ တောရကျောင်းသွားတယ် စသဖြင့် ဝိနည်းလည်းလွတ်၊ ပြီးတော့ ... အများလည်း ကြိုက်ကြ၊ လက်ခံနိုင်ကြတဲ့သီချင်းကောင်းတွေ ထည့်ကြတယ်။

ထူးအိမ်သင်လည်း အဲဒီခေတ်ထဲ အဆိုတော်ဖြစ်ရသူမို့ အကျိုးပြုသီချင်း မထည့်မဖြစ် ထည့်ခဲ့ရတာပေါ့။
သူ့အကျိုးပြုတွေကတော့ စာပေကင်ပေတိုင်လည်း သဘောကျ၊ ပရိသတ်လည်း သဘောကျ။

"စိတ်မညစ်နဲ့" သီချင်းကို အောင်ရင်အတွက် သူ ရေးပေးပါတယ်။ အောင်ရင် သီဆိုတာကို ချီးကျူးသူလည်း ရှိ၊ ဆိုဟန်နဲ့အသံကို ကဲ့ရဲ့သူလည်း  ရှိပါတယ်။ ဥပမာ ... စိတ်မညစ်နဲ့ ဆိုတဲ့ သီချင်းကို စိတ်ညစ်ဖွယ် ကြားနေရ၏... စသဖြင့်။

မည်သို့ပင် စိတ်ညစ်စေကာမူ တင်ဇာမော်ကလည်း ဒီသီချင်း ပြန်ဆိုတယ်။
အင်တာနက်အဆင်ပြေရင် http://www.youtube.com/watch?v=Nw8JATCUIrk မှာ တင်ဇာမော်ရဲ့ ဆိုဟန်ကို ခံစားပါ၊ ကြည့်ရှုပါ။
စိတ်ညစ်နေချိန်မှာတော့ မကြည့်သင့်ပါ။

သီချင်းကတော့ မြူးလွန်းပါတယ်။


ကဲ... ပြောချင်တာကတော့ ဒီလောက်ပါပဲ။
 စိတ်ညစ်စရာတွေ့ရင်တော့ လူ့သဘာဝအရ ညစ်ကြရမှာပါ။
သီချင်းထဲ တိုက်တွန်းထားသလို ... ပျော်တတ်အောင်လည်း ကြိုးစားရမှာပါလို့ဆိုပါရစေ။


ဆက်စပ်

  • ထူးအိမ်သင်အမှတ်တရပွဲအတွက် မှတ်ချက်အထွေထွေ 
http://blog.irrawaddy.org/2014/08/blog-post_891.html


 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved