လှည်းကူးကျေးလက်ဒေသ ရေကြီးမှု

Tuesday, August 5, 2014

 ~


 

ရန်ကုန် မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ရှိ ဘားလား၊ ငွေနံ့သာကျေးရွာတို့တွင် ရေကြီးသဖြင့် နေအိမ်များ၊ လယ်ယာမြေများရေနစ်မြုပ်နေသည်။

 

  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်း နှင့်  ပဲခူးရိုးမ တောင်ကျရေတို့ကြောင့်  လူနေအိမ်များတွင် နေအိမ်တဝက်ခန့် ရေနှစ်မြုပ်နေသည်မှာ ၁၅ ရက်ခန့်ရှိပြီဖြစ်သည်၊

မျိုးကျဲပြီးစ လယ်ကွင်းများလည်း ရေဖုံးလွှမ်းပျက်စီးသွားသည်ဟု ဘားလားကျေးရွာ ဒေသခံများက ပြောဆိုကြသည်။

နေအိမ်တအိမ်လုံး မြုပ်သွားသည့်မိသားစုအချို့က နီးစပ်ရာအိမ်များတွင် ခေတ္တနေထိုင်ကြသည် ဟု သိရသည်။

နွားတင်းကုပ်များကို လူသွားလမ်းမကြီးပေါ်တွင် ပြောင်းရွှေ့ထားရကြောင်း၊  ကြက်၊ ဝက်တို့အတွက်လည်း   နေရာအခက်အခဲများဖြစ်နေကြောင်း သိရသည်။

ဘားလားကျေးရွာမှ ဆရာတော် ဦးကေဝံသက  ဒေသခံတို့၏ အခြေအနေကို ဧရာဝတီသို့ မိန့်ကြားသည်။

“ရေကြီးတော့ စားစရာနဲ့ ရေ အခက်အခဲတော့ ဖြစ်သွားတယ်၊ အဓိက ကတော့ ရေ မလုံလောက်တာပေါ့၊ ရေက မကျဘဲ တက် တက် လာတော့ ခြေတံအမြင့်ဆောက်ထားတဲ့အိမ်တွေကတော့ ရေသိပ်မမြုပ်ဘူးပေါ့၊
အိမ်အနိမ့်လေးတွေကတော့ မြုပ်တဲ့အိမ်မြုပ်၊ တချို့အိမ်တွေလည်းအိမ်တဝက်လောက်ထိ ရေမြုပ်နေလို့ ထပ်ခိုးတွေ တထပ် ပြီး တထပ် ထိုးနေကြရတယ်”

ဘားလား( တံတားကြီး) ကျေးရွာတွင် အိမ်ခြေ ၆၀၅ စုရှိပြီး အိမ်ထောင်စုပေါင်း ၇၅၀ နှင့် လူဦးရေ ၂၉၄၈  ဦးရှိသည်ဟု သိရသည်။ 

“သောက်ရေကန်တွေကလည်း ရေမြုပ်တဲ့အထဲပါသွားတော့ ရေအခက်အခဲဖြစ်တယ်၊
စားသောက်စရာတွေကတော့ တနေ့တနေ့ အလှူရှင်တွေ လာလှူကြတယ်၊ ကျမတို့ကတော့ လှူတဲ့ကားလာရင် လိုက်ပြီး ယူကြတယ်၊ ချက်ပြုတ်စားသောက်လို့က သိပ်မဆင်မပြေဘူးလေ”ဟု ဒေသခံ အမျိုးသမီး တဦးက ဆိုသည်။

ထို့ပြင် စိုက်ပျိုးပြီးစ စပါးခင်းများလည်း ရေဖုံးလွှမ်းပျက်စီးသွားပြီး လယ်ဧကပေါင်းများစွာ ရေနစ်မြုပ်ဆဲဖြစ်သည်ဟု သိရသည်။

 “ရေကြီးနေတာ ၁၅ ရက်လောက်ရှိပြီ၊ ကျနော်တို့ စပါးခင်းတွေကတော့ စိုက်ပြီးမကြာဘူး၊ ရေမြုပ်ကုန်တော့ စပါးတွေ ပျက်စီးသွားပြီ၊ ရေကျရင်တော့ အသစ်ထပ်ပျိုးရမှာပေါ့၊ ဒီနှစ်တော့ စပါးစိုက်တာ အရှုံးပေါ်အုံးမယ်ထင်တာပဲ၊
မိုးနည်းနည်းရွာရင် ရေလည်း နည်းနည်းတက်တယ်၊ သိပ်တော့ ရေမကျဘူး”ဟု ဒေသခံ တောင်သူ ဦးမောင်မောင် က ဆိုသည်။

ယခင်နှစ်များကလည်း မိုးရာသီတွင် ရေကြီးမှုဖြစ်တတ်သော်လည်း ယခုနှစ်ကဲ့သို့ ရေမများကြောင်း၊ စိုက်ပျိုးရေးအဆင်ပြေကြောင်း၊ ယခုနှစ် ရေကြီးမှုသည် ၅ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း သူက ရှင်းပြသည်။

မိုးများစွာ ရွာသွန်းနေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်အပါအဝင် ဒေသအချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မေစစ်ပိုင်





 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved