တာချီလိတ်မြို့က ဆရာတော် ၂ ပါးကို အာဏာပိုင်များ ဖမ်းဆီး

Friday, August 8, 2014

တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်က သီရိမင်္ဂလာဆန်ဆိုင်း ကျောင်းတိုက်မှာ သီတင်းသုံးနေတော်မှု တဲ့ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ နရိန္ဒနှင့် လက်ထောက်ဆရာတော် ဘဒ္ဒန္တန ပညာသီရိ တို့ (၂) ပါးကို အာဏာပိုင် အဖွဲ့ အစည်းတွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ 

ဖမ်းဆီးခံရသော ပဓာန နာယကဆရာတော် ဘဒ္ဒန္တ နရိန္ဒ( လွန်ခဲ့သည့် တပေါင်းလက ကျောင်းရေစက်ချပွဲ )

ဖြစ်စဉ်မှာ ဆရာတော် (၂) ပါးဟာ သြဂုတ်လ (၆) ရက် နေ့ခင်း ၁ နာရီဝန်းကျင်မှာ နာရေးကိစ္စတခုနှင့် သုသာန် သို့ ပို့ဆောင် ကြွရောက်စဉ် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ သာသနာရေးမှူးတို့မှ အစည်းအဝေး ရှိကြောင်း ပြောပြီး ခေါ် ဆိုသွား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသော လက်ထောက်ဆရာတော် ဘဒ္ဒန္တန ပညာသီရိ

ဒါနဲ့ ပါတ်သက်ပြီး သီရိမင်္ဂလာဆန်ဆိုင်း ကျောင်းတိုက်မှ ဦးဇင်းတပါး က “ ဆရာတော် ၂ ပါးက သုသာန် ဇရပ်မှာ ထိုင် နေတဲ့အချိန်မှာ အာဏာပိုင်အဖွဲ့အစည်းတွေက ခေါ်သွားတယ်၊ အဲဒီ အချိန်မှာဘဲ နောက် တဖွဲ့က ကျောင်းကို ဝင် စီး တယ်၊ ဆရာတော်တွေ နေတဲ့ အခန်းတွေကို ဝင်ရှာတယ် ဘာတွေယူသွား လဲတော့ မသိတော့ဘူး” ဟု ဧရာဝတီ သို့ မိန့်ကြား တော်မှုခဲ့ပါတယ်။ 

ဆရာတော် ၂ ပါးကို တာချီလိတ်မြို့နယ်ထဲက မကာဟိုခမ်း ရပ်ကွက်မှာရှိတဲ့ မဟာဗောဓိ ကမ္မဌာန်းကျောင်း တိုက်သို့ ပင့်ဆောင်သွားပြီး အာဏာပိုင်တွေက သိက္ခာမချဘဲ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ် လူဝတ်လဲစေ ခိုင်း ပြီး ကားဖြင့် ခေါ် ဆောင်သွားကြောင်း မျက်မြင်တစ်ဦးက ဧရာဝတီကို ပြောပါတယ်။ 

သို့သော် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ရုံး ဒု စခန်းမှု ကျော်သန်းကမူ အဆိုပါသံဃာတော်များကို ပုဒ်မ “အသေးစိပ်ကိုတော့ ရှင်းပြလို့မရဘူးခင်ဗျား။ သူတို့ကို လူဝတ်လဲလိုက်တာက ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူတာပါခင်ဗျ။ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇၊ ၂၉၅ (က) နဲ့ အရေးယူထားပါတယ်”လို့ ဧရာဝတီကို ရှင်းပြထားပါတယ်။ 

တာချိလိတ်မြို့နယ်မှာလည်း အဆိုပါ သံဃာတော်များသတင်းသုံးရာ ဘုန်းကြီးကျောင်း၏ အခန်းများတွင် လက်နက်များ သိမ်းဆီးထားတယ်ဆိုတဲ့ ကောလဟာလများပျံ့နှံ့နေ၍ တာဝန်ရှိ ရဲတာဝန်ရှိသူများက သွား
ရောက်ရှာဖွေခဲ့သော် လည်း မည်သည့် လက်နက်ခဲယမ်းကိုမျှ မတွေ့ရှိကြောင်းလည်း အဆိုပါ ရဲအရာရှိက ရှင်းပြပါတယ်။ 

 “ကောလဟာလတွေထွက်လို့ သွားရှာတာ ဘာမှ မရှိပါဘူး။ ကောလဟာလတွေကို မယုံပါနဲ့၊ အခုလည်း ဒီမှာ မလို လား အပ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ အခု သူတို့ကို ကျိုင်းတုံမှာ ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် ကျနော်တို့ ရုံး ပြောင်းပြီး တရားစွဲပါတယ်ခင်ဗျ” ဟု ရဲတပ်ဖွဲ့ ဒုစခန်းမှူး ကျော်သန်းက ဆက်ရှင်းပြပါတယ်။ 

အဆိုပါ ဆရာတော် ၂ ပါးကို ရဲတပ်ဖွဲ့မှ အရေးယူမည့် ပုဒ်မ ၃၇၇ သည် အမျိုးသားချင်း အလိုမတူပဲ မုဒိန်း ကျင့် သည့် ပြစ်မှုဖြစ်ပြီး ပုဒ်မ ၂၉၅ ဆိုသည်တို့မှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မဖြစ်ပါတယ်။ 

အမည်မဖော်လိုသူတဦး၏ အဆိုအရ အဆိုပါ ဆရာတော် ၂ ပါးအား ကျောင်းနေ ကိုရင်ငယ် ၃ ပါးနှင့် လိင်ကိစ္စ အရှုပ် အရှင်းဖြစ်မှုကြောင့် ယခုကဲ့သို့ ဖမ်းဆီးတာဖြစ်မယ်လို့ ပြောထားပါတယ်။ 

ဒါပေမယ့် ဒီကိစ္စကိုတော့ သီးခြားအတည်ပြုလို့မရပါဘူး။ တာချီလိတ်မြို့ရှိ ရှမ်းသံဃသမဂ္ဂအဖွဲ့မှ ဆရာတော် (၂) ပါးဖြစ်တဲ့ ဘဒ္ဒန္တနရိန္ဒ နှင့် ဘဒ္ဒန္တပညာသီရိ တို့သည် ရှမ်းပြည် နယ် အရှေ့ပိုင်း၊ ရှမ်းသံဃ သမဂ္ဂအဖွဲ့ သံဃာပိုင် ရွှေကျင်ဂိုဏ်းဝင် သံဃိကဖြစ်သော ဆန်ဆိုင်းကျောင်း တိုက်ကို ပုဂ္ဂလိက သမာန ပရိက္ခရ ဒွိသန္တကကျောင်းအဖြစ် စာချုပ်ကို လိမ်လည်လှည့်ဖြား၍ (၁၄.၇.၂၀၁၄) ရက်စွဲပါ စာဖြင့် လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက် (၅.၈.၂၀၁၄) ရက်နေ့ နောက် ဆုံးထား၍ ကျောင်းမှ အပြီးအပိုင် ထွက်ခွာသွားရန် ဆိုပြီး ဇူလိုင်လ (၃၀) ရက်စွဲဖြင့် 
နောက် ဆုံးအကြိမ် သတိပေး စာ စောင် ထုတ်ပြန်ထားပါတယ်။ 

ဖမ်းဆီးခံရသော ဆရာတော် ၂ ပါးနဲ့ပတ်သက်ပြီး အဆိုပါဆရာတော်များ၏ တပည့်သာဝကများက မကျေနပ်မှုများဖြစ်နေသကဲ့သို့ အရေးယူဖမ်းဆီးခြင်းအပေါ် လိုလားကြသူများလည်း ရှီပြီး မလိုလား အပ်သည့် ပြဿနာများမဖြစ်စေရေး သြဂုတ်လ (၇) ရက်နေ့ကစပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်ကို လုံခြုံရေးတွေ ချထားလိုက်ပါတယ်။

 ဘုန်းကြီးကျောင်းဝန်းအတွင်း စစ်ဆေးနေကြစဉ် မြင်ကွင်းတချို့ 





ငြိမ်းဇော် ~















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved