ပြည်မြို့ဆန္ဒပြသူများ CPI ခေါင်းတလားထမ်းခြင်းကို ရဲတပ်ဖွဲ့ လက်မခံနိုင်

Sunday, August 17, 2014

 ~


ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကန့်ကွက်သူ အများအပြားရဲ့  ပြည်မြို့ လမ်းလျှောက်ဆန္ဒပြမှုမှာ CPI အမည်ပါတဲ့ ခေါင်းတလားပုံစံတူတခုလည်း ပါဝင်ပါတယ်။
  



ကြိုတင်အကြောင်းကြားမှုမှာ မပါဝင်တဲ့ ဒီခေါင်းတလားအစီအစဉ်ကို ရဲတပ်ဖွဲ့က  ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့အတွက် အဲဒါကြီးကို လမ်းတဝက်မှာပဲ ရေချလိုက်ရကြောင်း ဒေသခံသတင်းထောက် ကောင်းမြတ်မင်းက သတင်းပေးပို့ထားပါတယ်။

           

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အပြီးအပိုင်ဖျက်သိမ်းပေးဖို့ ပြည်မြို့မှာ တနင်္ဂနွေ မနက်ပိုင်းက ဒေသခံ ၃၀ ကျော်  ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
တောင်းဆိုသူတွေကတော့ ရန်ကုန်မြို့ကနေ ဧရာဝတီမြစ်ဆုံအထိ မိုင်ပေါင်းထောင်ချီပြီး လမ်းလျှောက်ခဲ့ကြသူတွေနဲ့ ပြည်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဖြစ်ပါတယ်။

            မြစ်ဆုံဆည် စီမံကိန်းအပြီးအပိုင်ရပ်တန့်ပေးဖို့ ရန်ကုန်ကနေ မြစ်ဆုံအထိ လမ်းလျှောက်တောင်းဆိုခဲ့တာ ၃ လ ပြည့်တဲ့အထိ ထူးခြားမှု မရှိတာကြောင့်နဲ့ စီမံကိန်းဧရိယာအတွင်း တချို့လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်မှုတွေ ရှိနေသေးတဲ့အတွက် ဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူ ကိုကျော်ဆွေက ပြောပါတယ်။

            “မြစ်ဆုံစီမံကိန်းဧရိယာထဲမှာ ပုန်းလျှိုး၊ ကွယ်လျှိုးလုပ်နေတာတွေ ရှိနေပါသေးတယ်။
ကျနော်တို့က အပြီအပိုင်း ဖျက်သိမ်းရေးကို တောင်းဆိုနေတာပါ။
 မြစ်ဆုံအထိ လမ်းလျှောက်တာလည်း ဒီနေ့ဆို သုံးလပြည့်ပြီ။ အဲဒါကြောင့် ဒီနေ့ထပ်ပြီး ဆန္ဒပြတောင်းဆိုရတာပါ။
ဘယ်အစိုးရတက်လာတက်လာ ကျနော်တို့ကတော့ မြစ်ဆုံးကိစ္စလက်မခံပါဘူး”

            အဲဒိစီမံကိန်းကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကောင်းကျိုးထက် ဆိုးကျိုးပိုများမှာဖြစ်ကြောင်း၊
အကျိုးခံစားခွင့်တွေ အများကြီးပေးလာရင်တောင် အမိဧရာဝတီမြစ်ကြီးကို အထိခံမှာ မဟုတ်ကြောင်း၊
ဘယ်အစိုးရပဲတက်တက် အပြီးအပိုင်ဖျက်သိမ်းပေးဖို့ ဆက်လက် တောင်းဆိုသွားမှာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။

            “တကယ်ထိခိုက်နစ်နာမှာ ကျနော်တို့ပြည်သူလူထု ဒီတိုင်းပြည်က အကျိုးခံစားခွင့် များများစားစား ရမထားပါဘူး။
ခံစားခွင့်တွေ အများကြီးပေးရင်လည်း ကျနော်တို့ရဲ့ မိခင်ဧရာဝတီမြစ်ကြီးနဲ့ မလဲနိုင်ပါဘူး။
 မြန်မာနိုင်ငံဆိုတာ မရှိခင်ကတည်းက ရှိခဲ့တဲ့ ဧရာဝတီ ဘုရင်အဆက်ဆက် ဘယ်ဘုရင်တက်တက် စိတ်ကူးနဲ့တောင် မပြစ်မှားခဲ့ကြတဲ့ မြစ်ကြီးပါ။
ဒီမင်းဆိုးမင်းညစ်တွေ လက်ထက်ကျမှ အရောင်းစားခံခဲ့ရတာ ရင်နာမဆုံးဖြစ်ရတယ်။ လိုအပ်ရင် အသက်ပေး ကွာကွယ်သွားမယ်”

            စီတန်း လှည့်လည်ခွင့်ကို တရားဝင် အကြောင်းကြားစာပေးပို့ပြီး ဆန္ဒပြခဲ့ကြပေမဲ့၊ ပြည်တက္ကသိုလ်အရှေ့က ရွှေတချောင်းလမ်းမှာ ဆန္ဒပြဖို့ ခွင့်ပြုမထားတဲ့အတွက်
အဲဒိလမ်းကို မသွားဖို့ တားမြစ်ပါတယ်။

စက္ကူဘူးနဲ့လုပ်ထားတဲ့ ခေါင်းတလားပုံစံတူ သယ်ဆောင်ခြင်းကိုလည်း ရဲတွေက တားပါတယ်။ ပုံစံတူခေါင်းတလားမှာ  မြစ်ဆုံဆည်စီမံကိန်းဆောက်လုပ်ရေး ကုမ္ပဏီ CPI ရဲ့အမည် ရေးထားပါတယ်။ ဒါကို ထမ်းပြီး မြို့တွင်းလှည့်လည်တာကိုတော့ တားမြစ်ခဲ့ရကြောင်း            ပြည်မြို့ အမှတ်(၁) ရဲစခန်းက စခန်းမှူး ဦးမျိုးဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ခွင့်ပြုထားတာ ရွှေတချောင်းလမ်း မပါဘူး။
သူတို့ မရမက ဆန္ဒပြသွားတဲ့အတွက် ပုဒ်မ ၁၉ နဲ့ အရေးယူသွားမှာပါ။ နောက်ပြီး အဲဒီ အခေါင်းကြီးနဲ့ မြို့ကိုပတ်တယ်ဆိုတာ အင်မတန်မြို့နာတယ်။
အဲဒါကိုတော့ ကျနော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။
စာတင်တဲ့အထဲမှာလည်း အဲဒါမပါဘူး။
 မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့ ဆန္ဒပြတာကို လက်ခံပါတယ်။ တခြားမလိုအပ်တာတွေကို မလုပ်ဖို့တားတာပါ”

            CPI အမည်ပါတဲ့ ခေါင်းတလားပုံစံတူ ကိုင်ဆောင်မှု  တားမြစ်တဲ့အတွက် လမ်းတဝက်ကနေ ဆိုက္ကားနဲ့တင်ပြီး ပြည်မြို့ ကမ်းနားလမ်းက ဆိပ်ခံဘောတံတားဆီကို ပို့ဆောင်ပြီး ဧရာဝတီမြစ်ရေထဲ ပစ်လိုက်ကြပါတယ်။ 

မြစ်ဆုံအရေးနဲ့ ပတ်သက်ရင် ပြည်မြို့မှာ လှုပ်ရှားမှုတွေ အဆက်မပြတ် တွေ့နေရတယ်လို့ ဆိုရပါမယ်။

            ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း မြစ်ဆုံဆည် အပြီးအပိုင် ဖျက်သိမ်းရေးအတွက် ပြည်မြို့ မြို့ခံတွေ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး ဆန္ဒပြခဲ့ကြသလို ရန်ကုန်ကနေ မြစ်ဆုံအထိ လမ်းလျှောက်ဆန္ဒပြတဲ့အထဲမှာလည်း ပြည်မြို့ခံ သုံးဦးပါဝင်ကြောင်း သိရပါတယ်ခင်ဗျာ။
  •   မြစ်ဆုံ စီမံကိန်း ဆက်မလုပ်ဖို့ ဒေသခံတွေ ထပ်မံ ကန့်ကွက်
http://burma.irrawaddy.org/news/2014/03/13/56189.html
  • အလှပျက် မြစ်ဆုံ
http://burma.irrawaddy.org/article/2013/11/08/50678.html

 
 
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved