PR စနစ် ဆန္ဒပြသူတို့ကို ပြည်မြို့မှာ အရေးယူ

Saturday, August 9, 2014

 ~



 


        ပဲခူးတိုင်းအနောက်ပိုင်း၊   ပြည်မြို့မှာ ဆန္ဒမဲအချိုးကျ ကိုယ်စားပြုစနစ် (PR) ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူလွှတ်တော်တွေမှာ လက်ခံခဲ့သော်လည်း ပြည်သူလူထုအနေနှင့် လက်မခံနိုင်ကြောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းက ပြည်မြို့ကနိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး  လူစည်ကားရာနေရာတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ 

အထက်ပါ ဓာတ်ပုံမှာ တွေ့ရတဲ့ အတိုင်း ပြည်သူလူထု နားမလည်သော PR စနစ် အလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

         ဆန္ဒပြသူတွေထဲက ဦးဆောင်သူ (၅) ဦးကို အင်္ဂါနေ့မှာပဲ ပြည်မြို့အမှတ်(၂) ရဲစခန်းမှာ ပုဒ်မ ၁၈ နဲ့ အမှုဖွှင့်တရားစွဲဆိုခဲ့လို့ ကိုယ်တိုင်ခံဝန်ကတိဖြင့် ( ကိုယ့်ကိုကို အာမခံဖြင့်) အာမခံရယူခဲ့ရကြောင်း  တရားစွဲခံရသူ ပြည်မြို့က ပြည်သူအထောက်အကူပြု ကွန်ယက် ကိုကျော်ဆွေကပြောပါတယ်။ 

        မေလ ၂၄ ရက်နေ့ကစတင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အတွက်   အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ကိုကျော်ဆွေက အခုလိုပြောပါတယ်။ 

        “သြဂုတ်လ ၁ ရက်နေ့က ကျနော်တို့ ငါးယောက်နာမည်နဲ့ အကြောင်းကြားစာပေးပို့ခဲ့တယ်၊   ချက်ခြင်းပဲ ၂ ရက်နေ့မှာ ခွင့်ပြုချက်မပေးနိုင်ဘူးဆိုပြီး အကြောင်းပြချက် မျိုးစုံနဲ့ ငြင်းပယ်တဲ့စာပြန်ပို့ပေးတယ်။ 
 ပြည်မြိ့က ရဲတွေ အမိန့်ကြော်ငြာစာတွေ သေချာမဖတ်တာလား၊   သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေကိုသူတို့မလေးစားတာလားတော့မသိဘူး။   ခွင့်မပြုမိန့်တောင်းစရာမလိုဘူး၊   အကြောင်းကြားစာပို့တာနဲ့ အကြောင်းပြချက်မရှိ ခွင့်ပြုပေးရမယ်လို့ ပါပြီးသား”

      ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရသူများ

  •  (၁) ပြည်သူအထောက်အကူပြုကွန်ယက်က ကိုကျော်ဆွေ
  •  (၂) ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုကျော်ဆန်း
  • (၃) လက်တွဲကူမယ်ပြည်လူငယ်အဖွဲ့က ကိုမျိုးသူထွဋ်
  • (၄) လူ့ဘောင်သစ်ပါတီက ကိုဝဏ္ဏ 
  •  (၅) NLD က ကိုတိုးကြီး

        အကြောင်းကြားစာပေးပို့ရတယ်ဆိုတာ ဆန္ဒပြသူတွေရဲ့ လုံခြုံရေးကြောင့် ကြိုတင်အသိပေး အကြောင်းကြားခိုင်းခြင်းဖြစ်ကြောင်းကို ပြည်မြို့ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် လာစဉ်က ရှင်းပြခဲ့ပါတယ်။ 

သို့သော်လည်း  ပြည်မြို့မှာတော့ ခွင့်ပြုမိန့်နဲ့ ဆန္ဒပြသူတွေကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးခြင်း မရှိကြောင်း ကိုကျော်ဆွေက ဆက်ပြောပါတယ်။ 

          “ကျနော်တို့က ဥပဒေကိုလေးစားလိုက်နာတဲ့အနေနဲ့ စာတင်တယ်။ 
တင်ရဲ့သားနဲ့ တရားစွဲခံရတယ်။   တင်လည်းစွဲ မတင်လည်းစွဲဆို စာရွက်အကုန်ခံပြီး
နောက်ဆို မတင်တော့ဘူး။   အခု ကျနော်တို့ ငါးယောက် ဆုံးဖြတ်ထားတယ်၊ 
အဲဒိလောက်တောင် ဖမ်းချင်တဲ့အစိုးရ ဒီအမှုမှာ ဒဏ်ငွေဆောင်ခိုင်းရင်လည်း ထောင်ပဲ အကျခံမယ်လို့ ဆုံးဖြတ်ထားတယ်ဗျာ” 

ဆန္ဒပြတဲ့နေ့ကတော့ လူဦးရေ (၅၀)လောက်နဲ့ ပြည်မြို့ လူစည်းကားရာနေရာ တော်တော်များများမှာ PR ဆန္ဒမဲအချိုးကျ ကိုယ်စားပြုစနစ်ကို လက်မခံသင့်ကြောင်း၊  လက်ကိုင်စပီကာတွေနဲ့ ကြွေးကြော်ခဲ့ကြသလို၊   လက်ကမ်း စာစောင်တွေလည်း လိုက်လံဝေငှခဲ့ကြပါတယ်။ 

ဒီမိုကရေစီအရေးလှုပ်ရှားသူအများအပြား ကန့်ကွက်နေကြတဲ့ PR စနစ်ကို   ရွေးကောက်ပွဲ ကော်မရှင်က 
ကျင့်သုံးမယ် ဆိုရင်လည်း ကော်မရှင်က  လုပ်ထုံးလုပ်နည်းတပုံကြီးကို ပြောင်းလဲရတော့မှာပါ။

“လက်ရှိကျင့်သုံးလျက်ရှိသော မဲအများဆုံးရသူကို အနိုင်ပေးသည့်စနစ်မျ အချိုးကျ ကိုယ်စားပြုစနစ်သို့ ပြောင်းလဲ ကျင့်သုံးမည် ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် .....
များပြားလှသော လုပ်ငန်းတာဝန်များကို အချိန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်”
လို့ ကော်မရှင်က ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၅ ရက်နေ့ အစိုးရ သတင်းစာထဲ ကြော်ငြာထည့်လိုက်ပါတယ်။

များပြားလှသော လုပ်ငန်းတာဝန်များ ဆိုတာတွေကတော့
- လိုအပ်သည့် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြုပြင်ရေးဆွဲရခြင်း၊
- ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်နှင့် ၀န်ထမ်းများကို လေ့ကျင့် သင်ကြားပေးရခြင်း၊
- နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုကို မဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရခြင်း၊
- ပြောင်းလဲသွားမည့် ရွေးကောက်ပွဲ အခင်းအကျင်းသစ်အတွက် အုပ်ချုပ်မှု ကိစ္စများ ကြိုတင်စီမံ ဆောင်ရွက်ရခြင်း
စသဖြင့် စသဖြင့် ဖြစ်ပါတယ်။

ဒီအလုပ်တွေအတွက် ကောပ်မရှင်မှာ အချိန် လိုပါတယ်။

PR စနစ်ကို သွားမယ် ဆိုရင် ဒီနှစ်ထဲမှာ အပြီးသတ် ဆုံးဖြတ်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားပါတယ် တဲ့။ ပြီးခဲ့တဲ့နှစ် မေ ၁၃ ရက်နေ့က တင်ပြထားပါတယ် တဲ့။
 ကော်မရှင်က အဲဒီလို သံချောင်းခေါက်လိုက်ပြီးနောက်မှာ လွှတ်တော်တွေမှာ ဆွေးနွေးကြပါတယ်။ အခုထက်ထိတော့ ဆွေးနွေးနေဆဲပါပဲ။

 အပြီးသတ် ဆုံးဖြတ်ဖို့က ဘယ်တော့ ဖြစ်လာမယ် ဆိုတာကိုတော့ လွှတ်တော်သတင်းရပ်ကွက်ကနေ အသံထွက်မလာသေးဘူးလို့ သိရပါတယ်။

ဒီစနစ် ကျင့်သုံးရေးကို အမျိုးသားလွှတ်တော်မှာ အဆို တင်သွင်းခဲ့သူက  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)မှ   လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ပါ။  သူ ဘာကြောင့် ဒီအဆိုကို တင်သွင်းခဲ့ရတာလဲ။
ပါတီစုံ ဒီမိုကရေစီ ဖြစ်ဖို့အတွက် PR ကို တင်တာလို့ ပြောပါတယ်။
“ပါတီက ၆၅ ခု တောင် ရှိနေပြီ။ သို့သော်လည်း နိုင်သူ အကုန်ယူ စနစ်သာ လုပ်မယ်ဆိုရင်တော့ မဲ ၅၁ ရာခိုင်နှုန်း ရရင် နိုင်တဲ့သူက နိုင်သွားပြီးတော့ ကျန်တဲ့ ၄၉ ရာခိုင်နှုန်း မဲတွေက Waste ဖြစ်သွားလိမ့်မယ်။ ကျန်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေက အလကား ဖြစ်သွားမယ်။ အပယ်ခံ ဖြစ်သွားမယ်။ အချိုးချ စနစ်လုပ်ရင် ပြည်သူလူထုရဲ့ ဆန္ဒ ၉၅ ရာခိုင်နှုန်းလောက်က လွှတ်တော်ထဲကို ရောက်သွားမှာ။ အဲဒါကြောင့် PR စနစ်ကို လုပ်နေတာ” လို့ ဒေါ်ခင်ဝိုင်းကြည်က
ဧရာဝတီကို ရှင်းပြခဲ့ဖူးပါတယ်

   ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကိုယ် သူတို့ ရှုံးမယ်လို့ ထင်တဲ့သူတွေက ဒီစနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လာလို့ ဖြစ်တယ်လို့ နိုင်ငံရေးသမား အများအပြားက သုံးသပ်နေကြတာပါ။ 
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းညွှန့်လွင်က “အဓိက PR စနစ်ကို လုပ်တာကတော့ NLD က Landslide အနိုင် မရရေးပဲ။ မဲတွေ အားလုံး သိမ်းကျုံးယူသွားမှာကို သူတို့ သိပ်ကြောက်နေကြတယ်။ ၂၀၁၅ မှာ အခြေအနေ မကောင်းတဲ့ ပါတီတွေ PR ကို ၀ိုင်းထောက်ခံကြတာ ပိုသိသာပါတယ်” လို့  သုံးသပ်ပါတယ်။

  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဌေးနိုင်က PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေ ဒီစနစ်အကြောင်း သေသေချာချာ သိရှိအောင်ပြုလုပ်ပြီး ပြည်သူ့ဆန္ဒခံယူပြီးမှ လုပ်သင့် ကြောင်း၊ တိုင်းရင်းသား ပြည်သူများ အားလုံး လက်ခံမှသာ လုပ်ဆောင်သင့်တယ်လို့ ဇူလိုင်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ တင်ပြပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း သုံးသပ်ချက်တွေပါဝင်တဲ့ သတင်းကို http://burma.irrawaddy.org/news/2014/07/31/62596.html မှာ ဖတ်ရှုနိုင်ပါတယ်။ ခေါင်းစဉ်က  မဲအချိုးကျ ကိုယ်စားပြုစနစ် (PR) နဲ့ ပိုမိုရှုပ်ထွေးလာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ကောင်းမြတ်မင်း
ဆက်စပ်
  •  PR စနစ် လက်မခံကြောင်း ရန်ကုန်တွင်လည်း ဆန္ဒပြ
http://burma.irrawaddy.org/news/2014/08/05/62830.html

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved