အနုပညာအတွက် မွေးဖွားလာသူလို့ ခံယူထားတဲ့ သူထူးစံ

Thursday, September 25, 2014


 ~



 


အနုပညာသက်တမ်း ၁၅ နှစ်ကျော် ကြာပြီဖြစ်တဲ့ သရုပ်ဆောင် သူထူးစံက မိမိဟာ အနုပညာအလုပ်တွေ လုပ်ဖို့အတွက် မွေးဖွားလာသူတယောက်အဖြစ် ခံယူထားတယ်လို့ အလင်းတန်းဂျာနယ်သို့ ပြောပါတယ်။

“တခြားအလုပ်တွေလည်း နည်းနည်းပါးပါးတော့ လုပ်ကိုင်ဖူးပါတယ်။ အနုပညာ အလုပ်လောက် စိတ်ခံစားချက် မပြင်းပြဘူး။ ခုလက်ရှိအချိန်မှာတော့ အနုပညာနဲ့ အသက်မွေးတယ်။ အနုပညာကို ချစ်မြတ်နိုးတယ်။ အရင် မင်းသားဖြစ်စက အခုလက်ရှိ သူထူးစံ ခံယူချက်တွေ ကွာခြားသွားသလားဆိုရင် မကွာခြားဘူးလို့ပဲ ဖြေရလိမ့်မယ်။ အရင် သရုပ်ဆောင်ဘ၀ထဲ စ၀င်လာကတည်းက နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနဲ့ မျက်နှာက အဆီပြန်ပြီး ထွက်လာခဲ့တာ ခုလည်း ဒီအတိုင်းပါပဲ၊ စိတ်ရော၊ ရုပ်ရော၊ ခံယူချက်ရော ဘာတခုမှ ပြောင်းလဲခြင်း မရှိခဲ့ပါဘူး” လို့ သရုပ်ဆောင် သူထူးစံက ပြောခဲ့ပါတယ်။

သူထူးစံက မိမိကြိုက်တဲ့ ဇာတ်လမ်းတွေ သိမ်းဆည်းထားတာ အများကြီးရှိတယ်လို့ ပြောပါတယ်။ “ဇာတ်လမ်းတွေ သိမ်းဆည်းထားတာကတော့ ခုမှမဟုတ်ပါဘူး။ မင်းသား မဖြစ်ခင်ကတည်းကပါ။ ဒါပေမဲ့လည်းဗျာ အဲဒီဇာတ်တွေ အကုန်လုံးက ကျနော် အရမ်းနာမည်ကြီးတဲ့ အချိန်တုန်းကတောင် ထုတ်လုပ်သူတွေက ရိုက်ဖို့ကို လက်မခံခဲ့ဘူး။ ငွေကြေးအရမ်းကုန်ကျပြီး စရိတ်စက ကြီးမားတဲ့ ဇာတ်လမ်းတွေဖြစ်တဲ့အတွက်ကြောင့်ပါ” လို့ သူထူးစံက ပြောခဲ့ပါတယ်။

သရုပ်ဆောင် သူထူးစံအနေနဲ့ လက်ရှိမှာ တလ သုံးကားနှုန်း ရိုက်ကူးလျက်ရှိပြီး သူထူးစံက သူ့စိတ်ကြိုက်ဖြစ်မယ့် ဇာတ်လမ်းထက် ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းတွေကို ရိုက်ကူးပေးမယ့် ဒါရိုက်တာများနဲ့ ညှိနှိုင်းပြီး လက်ခံရိုက်ကူးပေးနေပါတယ်။ သူထူးစံက ပြည်ပခရီးစဉ်တွေ သွားလေ့ရှိပေမယ့် ဖျော်ဖြေရေးအတွက် မဟုတ်ဘဲ ဘောလုံးအားကစားအတွက်ပဲလို့ သိရပါတယ်။

ထူးခြားသစ်

၂၀၁၄ စက်တင်ဘာ ၂၂ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ကနေ ကူးယူ ဖော်ပြပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved