ဒေါနတောင်ကျော်ကားလမ်းနှင့် မိုးရာသီ

Monday, September 15, 2014


 ~





 ထိုင်းမြန်မာနယ်စပ်ကနေ ရန်ကုန်ကို အမြန်ဆုံးရောက်တယ် ဆိုတဲ့လမ်းက မြဝတီနဲ့ ကော့ကရိတ် ၂ မြို့ကြားမှာ ခက်ခဲ အဆင်မပြေတဲ့ အခြေအနေတွေ ရှိနေပါတယ်။




  • လက်ရှိလမ်းအဟောင်းတို့ကို စက်တင်ဘာ ၇ ရက်နေ့က တွေ့ရပုံ။ 

မိုးရာသီမှာ အခက်အခဲ အများဆုံးပါပဲ။
ဒီအကြောင်း သတင်းတပုဒ်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
 

သတင်း - ကရင်အမျိုးသား - မီဒီယာ
ဓာတ်ပုံ - ကရင်အမျိုးသား - မီဒီယာ+ ကိုရွှေသိန်း(မြ၀တီ)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ - ကော့ကရိတ် ဒေါနတောင်ကျော်လမ်းမှာ မိုးတွင်းကာလရောက်တိုင်း ကားလမ်းပျက်၊ ရာနဲ့ချီတဲ့မော်တော်ယာဉ်တန်းတွေ သွားလာရ ခက်ခဲ၊ အချိန်ကုန် ငွေကုန်၊ နှောင့်နှေးတဲ့ကုန်သွယ်မှုလုပ်ငန်းတွေနဲ့ နှစ်စဉ် ရင်ဆိုင်ရတယ်လို့ ကုန်သည်တွေ ခရီးသွားတွေ ကားမောင်းသမားတွေက ပြောဆိုကြပါတယ်။

အခုလည်း မြ၀တီမြို့ နယ်အတွင်းမှာ ၂ ဖာလုံလောက်ရှိတဲ့ မြေသားလမ်း ပျက်စီးနေတာကြောင့် ရာနဲ့ချီတဲ့မော်တော်ယဉ်တွေ သွားလာရခက်ခဲပြီး ဒီရက်ပိုင်းအတွင်း ယာဉ်တန်း အဆင်းနေ့တိုင်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်လို့ ခရီးသွားတွေက ဆိုပါတယ်။

ကားသမားအများစုကတော့ မြ၀တီ - ကော့ကရိတ် တောင်ပတ်ကားလမ်းသစ် ပြီးမှဘဲ ဒီလိုအခက်အခဲတွေကနေ လွတ်မြောက်နိုင်မယ်လို့ ထင်မြင်နေကြပါတယ်။

အခုဖောက်နေတဲ့လမ်းသစ်ကလည်း ၂၀၁၅ ခုနှစ် ဇူလိုင်လလောက်မှာ စီမံကိန်း လက်စသပ်နိုင်မှာဖြစ်တဲ့အတွက် နောက်တနှစ်မိုးတွင်း ကားလမ်းဒဏ်က လွတ်နိုင်ကောင်းပါတယ်ဆိုပြီး သုံးသပ်ပြောဆိုသူတွေလည်း ရှိပါတယ်။

  • ဖောက်လုပ်နေသည့် ဒေါနတောင်ကျော် ကားလမ်းအသစ်

ဘာလို့လဲ ဆိုတော့ အခုဖောက်လုပ်နေတဲ့ တောင်ပတ်ကားလမ်းသစ်က ထိုင်းနည်းပညာနဲ့ ဖောက်လုပ်ထားတဲ့ အဆင့်မြင့်နှစ်လမ်းသွား ကားလမ်း ဖြစ်ပြီး ဒီလမ်းဖွင့်ရင် လက်ရှိလမ်းလို့ အတက်အဆင်း တရက်ခြား မရှိတော့ဘဲ နေ့စဉ်ကားတွေ သွားလာနိုင်တော့မှာဖြစ်လို့ပါပဲ။ 

ထိုင်း - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောမှာ မိုးတွင်းကာလ လမ်းပျက်စီးမှုဒဏ်ကြောင့် နယ်စပ်ကုန်သွယ်မှု နှောင့်နှေးရတာကတော့ မဖြစ်သင့်တဲ့အရာလို့လည်း ကုန်သည်တွေက ပြောဆိုကြပါတယ်။

ဒီလမ်းကြောကနေ မြန်မာနိုင်ငံက လယ်ယာထွက်ကုန် ရေထွက်ပစ္စည်း သစ်တော်ထွက် ပစ္စည်း ချည်ထည်တွေကို ထိုင်းဘက် တင်ပို့ကြသလို ထိုင်းဘက်ကလည်း လူသုံးကုန် စားသုံးကုန် ဆောက်လုပ်ရေးသုံး ဆက်စပ်ပစ္စည်းများ ၊ လျှပ်စစ်နှင့်ဆက်စပ်သည့်ပစ္စည်းမျိုးစုံ၊ အခြားကုန်စည်တွေကို မြန်မာဘက် တင်ပို့တဲ့ လမ်းကြောလည်းဖြစ်ပါတယ်။

နှစ်နိုင်ငံကုန်ပစ္စည်းတွေ အပြန်အလှန်တင်ပို့မှုက တလမှာအနည်းဆုံး ထိုင်းဘတ်ငွေသန်း ၃ ထောင် အထက်မှာ ရှိတယ်လို့ နှစ်ဖက်ကုန်သည်ကြီးများအသင်း မှတ်တမ်းများအရ သိရှိရပါတယ်။

မြန်မာကုန်သည်ကြီးတဦးက "နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းမှာ တဖက်နိုင်ငံက အားသာချက်ရနေတဲ့အချက်တွေထဲမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုလည်းပါတယ်" ဆိုပြီး သူ့အမြင်ကို ပြောဆိုပါတယ်။

တရက်ခြား ယာဉ်တန်းအတက်အဆင်းစနစ် ကျင့်သုံးတဲ့ ဒေါနတောင်ကျော်ကားလမ်းမှာ ပြေးဆွဲနေတဲ့ ကားကြီးကားငယ်တွေက တရက်ကို အနည်းဆုံး အစီးရေ ၇၀၀ အထက်မှာရှိပါတယ်။

မြန်မာ - တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ပြီးရင် မြန်မာ - ထိုင်း နယ်စပ်မှာရှိတဲ့ မြ၀တီ နယ်စပ်ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ရေးဇုန်လည်းဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved