လက်သည်းခြေသည်း အလှပုံဖော်ခြင်း

Saturday, September 6, 2014


 ~



 
 


ဖက်ရှင်နဲ့ အလှအပကို အနုပညာနဲ့ နည်းပညာ ပေါင်းစပ်ပြီး အသစ်ဖန်တီးမှုတွေနဲ့ တီထွင်ပုံဖော်လာကြတဲ့ ဒီနေ့ခေတ်မှာ Nail Art ဆိုတဲ့ လက်သည်းခြေသည်းကို အလှပုံဖော်ခြင်းဟာလည်း မိန်းကလေးတွေရဲ့ အလှအပကဏ္ဍထဲမှာ မပါမဖြစ် ပါဝင်လို့လာပါတယ်။

 

(ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)
လက်သည်း အလှဆင်ခြင်းကို Manicure လို့ ခေါ်ဝေါ်ပြီး ခြေသည်း အလှဆင်ခြင်းကိုတော့ Pedicure လို့ ခေါ်ဆိုကြပါတယ်။ ခြေသည်း လက်သည်း အလှဆင် ထိန်းသိမ်းခြင်းကြောင့် ခြေသည်း လက်သည်း မှိုစွဲခြင်းလို ရောဂါတွေကို ကာကွယ်နိုင်တယ် ဆိုပေမယ့် ဒီလိုအလှဆင်ခြင်း Nail Art ဟာ ခြေမွေး မီးမလောင် လက်မွေး မီးမလောင် နေနိုင်ကြသူများနဲ့သာ ပိုမိုသင့်လျော်တယ်လို့ ဆိုရမှာပါ။

Nail Art လုပ်တဲ့အခါ ရိုးရိုးပန်းချီ ရေးဆွဲတာ

၊ သရီးဒီ၊ ဖောင်းကြွ၊ ကျောက်ပန်းချီဆိုပြီး အမျိုးအစား ၄ မျိုးလောက် ရှိတယ်လို့ သိရတယ်။ လက်သည်း ပုံဖော်ရေးဆွဲတော့မယ်ဆိုရင် ပထမဦးဆုံးက လက်သည်း တွေကို အရင်ဆုံး Cleansing လုပ်ရပါတယ်။

လက်သည်းမှာ လေဝင်လေထွက် မရှိဘဲ ချွေးပေါက်တွေ ပိတ်နေသလို ဖြစ်နေတာကြောင့် လက်သည်းကို Cleansing လုပ်ပေးဖို့က အဓိကအရေးကြီးတာ ဖြစ်ပါတယ်။

လက်သည်းကို Cleansing လုပ်ပြီးပြီ ဆိုရင်တော့ အရင်ဆုံး ပုံဖော်ပြီး ညှပ်ရပါတယ်။ ပြီးရင် Base Coat ဆိုးပြီး One Color အရင် စဆိုးရပါတယ်။ ဒါ့အပြင် Nail Art လုပ်ပြီးသွားပြီဆိုရင်လည်း Nail Art လုပ်ပြီးသား လက်သည်းတွေကို မပျက်စီးအောင်  ထိန်းသိမ်းတဲ့အနေနဲ့ လက်သည်းအားဖြည့်ဆေးတွေ သေချာထည့်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမလုပ်ဘဲ နောက်တခေါက် ထပ်ဆိုးမယ်ဆိုရင်တော့ လက်သည်းတွေ ဝါသွားတာ၊ လက်သည်း မှိုစွဲတာ၊ လက်သည်းရှည်လာတဲ့အခါ ကြာရှည်မခံဘဲ ကျိုးသွားတာ စတဲ့ ဆိုးကျိုးရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။

 


Nail Art လုပ်ပြီး လက်သည်းကို ပုံဖော်ပြီးရင်တော့ အထူးသတိထားရမှာက ပုံဖော်ထားတဲ့ ဖောင်းကြွလေးတွေပါပဲ။ ဖောင်းကြွလေးတွေက များသောအားဖြင့် အဝတ်စ၊ ဇာ၊ ကြိုး၊ ဆံပင် စတာတွေနဲ့ ငြိတတ်တာကြောင့် မငြိအောင် အထူးသတိထား ထိန်းသိမ်းပေးရပါတယ်။ လက်သည်းမှာ ပုံဖော်တပ်ဆင်ထားတဲ့ ဖဲကြိုးလေးတွေ၊ ကျောက်လေးတွေ ဆိုရင်လည်း ထို့အတူပဲ၊ တခုခုနဲ့ တိုက်မိ၊ ငြိမိပြီး ပြုတ်ထွက်မသွားအောင် သေသေချာချာ ထိန်းသိမ်းပေးဖို့ လိုပါတယ်။

Nail Art လုပ်မယ်ဆိုရင် ကိုယ်က အိမ်မှာပဲ  ပေါ့ပေါ့ပါးပါး နေမယ်ဆိုရင် ရေဆေး၊ သရီးဒီ စတဲ့ ပုံဖော်နည်းတွေနဲ့ အလှဆင် လက်သည်းဆိုးလေ့ ရှိကြပြီး ဒင်နာ၊ ပါတီ အစရှိတဲ့ ပွဲတွေ တက်စရာရှိတယ်ဆိုရင်တော့ ဖောင်းကြွနဲ့ ကျောက်ပန်းချီလေးတွေ ဆွဲလေ့ရှိကြတယ်လို့ လက်သည်း အလှဆင် ပုံဖော်ပေးသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပုံမှန်အားဖြင့်တော့ လက်အလုပ် သိပ်လုပ်စရာ မလိုတဲ့ မိန်းကလေးတွေက ဖောင်းကြွတို့၊ ကျောက်ပန်းချီတို့ ဆွဲလေ့ရှိပြီး လက်အလုပ် အရမ်းလုပ်ရတဲ့ မိန်းကလေးတွေကျတော့ ရေဆေးတို့ သရီးဒီတို့လောက်ပဲ ဆွဲကြတယ်လို့ သိရတယ်။

မြန်မာနိုင်ငံမှာတော့ Nail Art စခေတ်စားလာတာ ၈ နှစ် ကျော်လောက် ရှိပါပြီ။ Nail Art လုပ်တယ်ဆိုတာ လက်သည်းပေါ်မှာ ပုံဖော် ပန်းချီဆွဲခြင်းဆိုတဲ့ အနုပညာတမျိုးပါပဲ။ အရင်ကတော့ လက်သည်း ဆယ်ချောင်းလုံးကို ပန်းတွေချည်းပဲ ပုံဖော်ဆွဲတာမျိုးတွေ ခေတ်စားခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အဲဒီလို မဆွဲကြတော့ဘဲ ဖန်စီပုံစံလေးတွေ ဆွဲလာကြတာ တွေ့ရပါတယ်။ လက်သည်းကို အပေါ်၊ အောက် နှစ်ပိုင်းခွဲပြီး အောက်မှာ ဒီဇိုင်းလေးတွေနဲ့ အပေါ်မှာ ပန်းဆိုရင်လည်း ပန်းတပွင့်၊ ကျောက်ဆိုရင် ကျောက်တလုံး ပုံစံလေးတွေကို တချောင်းခြားလေးတွေ ဆိုးလာကြပါတယ်။

တချောင်းတည်းကိုလည်း ကာလာတခုတည်း မဆိုးဘဲ အပေါ်က One Color နဲ့ အောက်မှာ ပုံဖော်တာမျိုးတွေ လုပ်လာကြပါတယ်။ Nail Art လုပ်တဲ့အခါ ကြာတဲ့အချိန်ကတော့ ဒီဇိုင်းပေါ် မူတည်ပြီး မိနစ် ၂၀၊ နာရီဝက်၊ ၄၅မိနစ်၊ တနာရီ၊ တနာရီခွဲ စသဖြင့် ကြာလေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် Nail Art ကို အမျိုးသမီးတွေ အသက်အရွယ်မရွေး စိတ်ဝင်တစားနဲ့ လုပ်လာကြပါတယ်။ ဒါကလည်း အမျိုးသမီးဆိုတဲ့ သဘာဝက အရွယ်မရွေး အလှအပကို စိတ်ဝင်စားကြ၊ လှချင်ပချင်ကြတာပဲ မဟုတ်ပါလား။

 


Nail Art လုပ်တာက သာမန် ကျောက်ပန်းချီတွေဆိုရင် Ready Made ကျောက်လေးတွေကို ဆိုင်မှာ လွယ်လွယ်ကူကူ ဝယ်ယူနိုင်တာကြောင့် ကိုယ့်အိမ်မှာ ကိုယ်ကိုယ်တိုင်ပုံဖော်ဆိုးဖို့ လွယ်ကူပါတယ်။ လက်သည်း ပုံဖော်တာဟာ ကတ်တလောက်တွေလည်း ရှိသလို ကိုယ်တိုင်လည်း ဒီဇိုင်းတီထွင်ပြီး ဆိုးလေ့ရှိကြပါတယ်။

ဈေးနှုန်းတွေအနေနဲ့က လက်သည်းကို Nail Art လုပ်မယ်ဆိုရင် တစုံကို အနိမ့်ဆုံး လေးထောင်ကျပ်ကနေ ခြောက်ထောင်၊ တသောင်း ကျော်တဲ့အထိ ရှိပြီး လက်သည်းပေါ်မှာ အလှဆင်မယ့် Accessories ပေါ်မူတည်ပြီး ဈေးပိုများနိုင်တယ်လို့ သိရပါတယ်။

မော်ဒယ်- ခင်သဇင်
(Nail Art ပြုလုပ်ပုံ အဆင့်ဆင့် နဲ့ ပုံဖော်ပြီးသား  Nail Art ပုံတွေကိုတော့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း Ruby Mart ရှေ့က Cut & Clean Beauty Studio မှာ သွားရောက် ရိုက်ကူးထားပါတယ်)
သီဟတိုး

 
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved