တယ်လီနောရဲ့ သိန်း ၁ဝဝ ဆုရှင် ပြောပြသမျှ

Monday, September 22, 2014


 ~






တယ်လီနောမြန်မာက ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာရဲ့တေးသွားငွေကြယ်ပွင့်” တေးဂီတ သံစဉ်ပုံဖော်ပွဲမှာ မြန်မာတနိုင်ငံလုံးက ပြိုင်ပွဲဝင်ပေါင်း အယောက် ရှစ်ထောင်ကျော်ထဲကမှ ဆန်ခါတင်ရွေးချယ်မှု အဆင့်ဆင့်ကနေ နောက်ဆုံးဆန်ခါတင် ၃ ဦးထဲမှာ ရွေးချယ်ခံခဲ့ရပြီး တယ်လီနောက ချီးမြှင့်ပေးအပ်တဲ့   ဆုငွေ ကျပ်သိန်း ၁၀၀ ကို ရရှိခဲ့သူ ရန်ကုန်၊  ပုဇွန်တောင်မြို့နယ်က အသက် ၂၁ နှစ် အရွယ် လူငယ်ဂီတသမား ကိုလင်းမြတ်အောင်ကို ဒီတပတ်လူငယ်ကဏ္ဍအတွက် ဖော်ပြလိုက်ပါတယ်။

လင်းမြတ်အောင် 
တတိယနှစ်၊  စီးပွားရေးဘာသာရပ်အထူးပြု (အဝေးသင်)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

တယ်လီနောရဲ့ တေးသွားငွေကြယ်ပွင့် ပြိုင်ပွဲ ဝင်ပြိုင်ဖြစ်ခဲ့ပုံကတော့ ကြော်ငြာတွေတွေ့တယ်၊  ကျနော်က ဂီတသမားဖြစ်ချင်တော့ သူငယ်ချင်းတွေကလည်း ဒီပွဲရှိတယ်ဆိုတာကို လာပြောပါတယ်။ ပိုစိတ်ဝင်စားသွားတာက  နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ ကိုလင်းလင်း၊  ကိုဓီရာမိုရ်၊  ဆရာမ ခင်မြတ်မွန်တို့နဲ့ အလုပ်တွဲလုပ်ရမယ် ဆိုတော့ စိတ်ဝင်စားပြီးဝင်ပြိုင်ဖြစ်သွားတာပါ။

ဒီပြိုင်ပွဲက ပြိုင်ပွဲဝင်ပေါင်း အယောက်ရှစ်ထောင်ကျော်ထဲကနေ ဆန်ခါတင် အဆင့်ဆင့်ကို ရွေးချယ် ခဲ့တာဆိုတော့ ကိုယ့်ကိုယ်ကိုယ် Winner ဖြစ်ရမယ်လို့ ယုံကြည်ခဲ့လားဆိုရင် Winner ဖြစ်မယ်လို့တော့ ထင်တယ်။ အဓိကကတော့ မျှော်လင့်ချက်ပေါ့။ ဆန်ခါတင်စာရင်းထဲ ဝင်သွားပြီဆိုတော့ မျှော်လင့်ချက်က ပိုကြီးလာတယ်။

ဒီတီးလုံးကို စပြီး ပုံဖော်ဖြစ်ခဲ့ပုံနဲ့ ဘယ်လိုအိုင်ဒီယာရခဲ့လဲဆိုတော့ တီးလုံးစပြီးပုံဖော်ဖြစ်ခဲ့တာက ပြိုင်ပွဲစမယ်ဆိုတာနဲ့ ပြိုင်မယ်ဆိုပြီး တီးလုံးစ ရှာတယ်။ ရှာတော့ မရဘူး။ နောက် စိတ်ကိုလွှတ်ချလိုက်တယ်။ လွှတ်ချပြီးတော့ ညနေပိုင်း ကျနော် ဂစ်တာတီးနေတုန်း အတွေးထဲမှာ တီးလုံးလေးတခု ဝင်လာတယ်။ အဲဒီ Melody လေးကို သဘောကျတယ်။ သဘောကျတယ်ဆိုပြီး ပုံဖော်ဖြစ်ခဲ့တာပါ။ အဓိက ကတော့ နားထောင်လိုက်တာနဲ့ ပျော်ရွှင်မှုကို ခံစားရမယ် ဆိုတဲ့ဟာမျိုးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ Ringtone လည်း ဖြစ်နေတော့ နားထောင်လိုက်တာနဲ့ ဝမ်းနည်းသွားတာတို့၊  ကြောက်စရာကောင်းတာတို့ဆို မကောင်းဘူးလို့ ကျနော်ထင်တယ်။ အဲဒါနဲ့ အဲဒီ တီးလုံးကို သုံးဖြစ်သွားတာပါ။

တီးလုံး ပုံဖော်ချိန်မှာ အခက်အခဲကတော့ ဘာမှတော့ မတွေ့ပါဘူး။ စရှာတုန်းက လုံးဝစဉ်းစားလို့ မရခဲ့ဘူး။ အဲဒါလေး တခုပဲ။ နောက်တခုက အခက်အခဲတော့ မဟုတ်ဘူး။ အဲဒါက ကျနော် Flute နဲ့တီးချင်တယ်၊  ဒါပေမယ့် ကျနော်က ဂစ်တာပဲတီးတတ်တယ်။ အဲဒီမှာ ကျနော့်အစ်ကိုကို အကူအညီတောင်းပြီး သူက Fluty loop သုံးတတ်တော့ သူ့ကို Flute နဲ့ ပြောင်းခိုင်းလိုက်တယ် ဒါပါပဲ။

ဒီတီးလုံးလေးက သိပ်မကြာခင်မှာ ထွက်ရှိလာတော့မယ့် တယ်လီနောရဲ့ Service တွေမှာ ကြားရတော့မယ်ဆိုတော့ ခံစားချက်အနေနဲ့ ကျနော်အရမ်းပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဖန်တီးထားတဲ့ တီးလုံးကို တနိုင်ငံလုံးက တယ်လီနော အသုံးပြုတဲ့သူတွေအကုန်လုံး ကြားရတော့မယ်ဆိုတော့ အရမ်းပျော်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိတယ်ပေါ့။

ဂစ်တာတီးတာကိုတော့ ကျနော့်အစ်ကိုဆီမှာ နှစ်တန်းအရွယ်လောက်ကတည်းက  စသင်ခဲ့တာ။ ကျကျနနတော့ မဟုတ်ဘူးပေါ့။ Round Chord တို့ ဘာတို့လောက် တီးတာလောက်ပေါ့။ နောက် ဆယ်တန်းပြီးတော့ ကျနော် ဆရာကိုညီထွေးဆီမှာ ၃ လလောက် သင်ခဲ့ဖူးပါတယ်။ သင်ပြီးတော့မှ ဆက်ပြီး မသင်ဖြစ်ဘူး။ တခြား တူရိယာကတော့ မြန်မာ့ရိုးရာ အိုးစည်ကို ကျနော် နည်းနည်းပါးပါး တီးတတ်တယ်။

ဂီတအပြင် ဝါသနာပါတာက ကွန်ပျူတာနဲ့ ပတ်သက်တာပေါ့။ Programming တို့ ဘာတို့ လုပ်ရတာ ဝါသနာပါတယ်။

ငယ်ငယ်တုန်းက ဝါသနာပါတာက ဂစ်တာတီးတယ်၊  ဆိုတယ်။ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပေါ့။ နောက်တခုက Piano တီးတာ၊  ငယ်ငယ်တုန်းက သင်ခဲ့ဖူးပေမယ့် ခု သိပ်မမှတ်မိတော့ဘူး။

ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အနာဂတ် အိပ်မက်စိတ်ကူးက အောင်မြင်ကျော်ကြားတဲ့ ဂီတသမားဖြစ်ချင်ခဲ့တာပေါ့။ ဒါပေမယ့် ကိုယ်က ဂီတအသိုင်းဝိုင်းထဲက မဟုတ်တော့ ဒီဂီတလုပ်တဲ့နေရာမှာ အခက်ခဲအနေနဲ့ ဘာတွေရှိလဲ။ အခက်အခဲတွေ အနေနဲ့ အရင်က တယ်လီနောမပြိုင်ခင်က အခက်အခဲတွေရှိခဲ့တာပေါ့။ ကိုယ်က ဂီတအသိုင်းအဝိုင်းထဲက မဟုတ်တော့ Demo တွေဘာတွေ လုပ်တဲ့အခါ စမ်းကာရမ်းကာပဲ လုပ်ခဲ့တယ်။

တယ်လီနောက ရတဲ့ ဆုကြေးငွေ သိန်းတရာကိုကော ဘယ်လို အသုံးချလဲဆိုတော့ အခုလောလောဆယ်တော့ ကျနော်အိမ်မှာ Home Studio လေး တခုလုပ်ထားတယ်။ နောက်ထပ်ပြီး ကျနော် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးသွားမယ်။ မိဘမဲ့ကလေးကျောင်းတွေမှာ ကျနော် တတ်နိုင်သမျှ လှူဒါန်းသွားမယ်။ ကျန်တာတော့ ကျနော်လုပ်ချင်တာလေးတွေ ဆက်လုပ်သွားပါမယ်။

ကျနော့်မိသားစုက  ပညာရေးကိုပဲ အဓိက ဦးစားပေးပါတယ်။ အစတုန်းကတော့ အိမ်က ဂီတအသိုင်းအဝိုင်းထဲကလည်း မဟုတ်ဘူး။ သာမန် ဝန်ထမ်းမိသားစုပဲဆိုတော့ အရမ်းလည်းမချမ်းသာတော့လေ။ အဓိက ကတော့ လမ်းကြောင်းခိုင်မာတဲ့ ပညာရေးကိုပဲ အဓိကဦးစားပေးခိုင်းခဲ့ပါတယ်။ အနုပညာကိုတော့ ကျောင်းပြီးသွားမှ ဘွဲ့ရပြီးမှလုပ်စေချင်တာပါ။

လက်ရှိမှာ ကျောင်းတဖက်နဲ့ဆိုတော့ ပညာရေးနဲ့ အနုပညာ ဘယ်လိုမျှတအောင်လုပ်သွားမလဲဆိုတော့ သူ့အချိန်နဲ့သူပေါ့။ စာလုပ်တဲ့ အချိန်လည်း စာလုပ်၊  ဂီတလုပ်တဲ့အချိန်လည်း ဂီတလုပ်၊  မျှမျှတတလေး လုပ်သွားဖို့ စဉ်းစားထားပါတယ်။ လက်ရှိတက်နေတာကတော့ အစိုးရကျောင်းက အဝေးသင် တတိယနှစ် စီးပွားရေး တက်နေပါတယ်။ အပြင်မှာတော့ MCC မှာ UK က NCC Education ဒုတိယနှစ်နဲ့ ညီတဲ့ Diploma in Computing ကို Level 5 တက်ရောက်နေပါတယ်။

ပြည်တွင်း၊  ပြည်ပမှာ ကျနော် လေးစားရတဲ့ ဂီတပညာရှင်တွေ အများကြီးပဲ။
 KITARO တို့ YANNI တို့ပေါ့။ Band တွေထဲမှာဆိုရင်လည်း တကယ် အတီးကောင်းတဲ့ Metallica, Avenged Sevenfold နဲ့ Megadeth တို့ပေါ့။
မြန်မာပြည်မှာတော့ အဓိက က Iron Cross တို့ Emperor တို့ နောက်ပိုင်းထွက်တဲ့ SIR တို့ ကျနော် ကြိုက်ပါတယ်။
အဆိုတော်တွေထဲမှာဆို အတီးကော အဆိုကောရတဲ့ ဦးအငဲတို့ ဦးလေးဖြူတို့ကို အရမ်းအားကျတယ်၊  အရမ်းလေးစားပါတယ်။

 



သီဟတိုး  


ဓာတ်ပုံများ - သော်ဟိန်းထက်






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved