Toyota Land Cruiser ရဲ့ တကျော့ပြန်လည် ဆန်းသစ်မှု

Monday, September 22, 2014

ကမ္ဘာကျော် မော်တော်ကားထုတ်လုပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ မော်တာ ကော်ပိုရေးရှင်းက  Land Cruiser 70 အမျိုးအစား ကားများ ပြန်လည်ရောင်းချပြီဖြစ်သည်။

လမ်းမရွေးဘဲ သွား လာနိုင်သည့် အဆိုပါ
Land Cruiser   ကားများသည် ကြမ်းတမ်းသည့် လမ်းများပေါ်တွင်လည်း မောင်းနှင်နိုင် သည့်အတွက် ဘေးအန္တရာယ် ကျရောက် နေသည့် ဒေသများမှ အကူအညီပေးရေး အေဂျင်စီများက သဘောကျနှစ်ခြိုက်စွာ သုံးစွဲကြသည့် ကားအမျိုးအစားဖြစ်သည်။

ဂျပန်ယန်းငွေ ၃ ဒသမ ၅သန်း (အမေရိကန်ဒေါ်လာ ၃၅,၀၀၀) တန်သည့် Land Cruiser 70 သည် Land Cruiser ကားအမျိုးအစားများထဲတွင် အကြံ့ခိုင်ဆုံး ဖြစ်ပြီး ဂျပန်နိုင်ငံမှ ၀ယ်ယူသူများလက်သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ရောက်ရှိပြီ ဖြစ်သည်။

သို့သော်လည်း ယင်းကားများကို ၁ နှစ်တာ အချိန်အကန့်အသတ် အတွင်း ရောင်းချမည်ဖြစ်ပြီး တလလျှင် အစီးရေ ၂၀၀ သာ ထုတ်လုပ်မည်ဖြစ်သည်။

လတ်တလော ဂျပန်နိုင်ငံ အတွင်းသာ ရောင်းချမည်ဖြစ်ဟု သိရှိရသည်။

၂၀၀၄ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင် Land Cruiser 70 များရောင်းချခြင်း ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း မောင်း နှင်၍ ကောင်းသည့် အချက်များရှိနေခြင်းကြောင့် နှစ်ခြိုက် စွဲလမ်းသူ ပရိသတ်များ Land Cruiser 70 ကို တောင်းဆိုနေကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

 “ကိုယ့်ဘ၀ကို ကားတစီးကြောင့် ယုံကြည်မှုရှိစေဖို့ ဆိုရင်၊ ကျနော်ကတော့ Land Cruiser ကို ရွေးချယ်မိပါ လိမ့်မယ်” ဟု Toyota Land Cruiser ၏ အင်ဂျင်နီယာချုပ် Sadayoshi Koyari က တိုကျိုမြို့တွင် Land Cruiser ပရိသတ်များ အတွက် ပြုလုပ်သည့် အခမ်းအနား တခု၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

Land Cruiser ၏ 70 မော်ဒယ်ကို ၁၉၈၄ ခုနှစ်တွင် စတင်ရောင်းချခဲ့ပြီး ယခုအချိန်အထိ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြ စတြေးလျနှင့် အခြားနေရာများတွင် ဆက်လက်ရောင်းချနေဆဲဖြစ်ကာ တလလျှင် ပျမ်းမျှ ကား အစီးရေ ၆၄၀၀ ရောင်း ချနေရသည် ဟု သိရှိရသည်။ ယခုဆိုလျှင် Land Cruiser 70 ထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီ ဖြစ်ပါသည်။

Land Cruiser ကား၏ ကြာရှည်ခံနိုင်မှုသည် လှေခါးထစ်သဏ္ဍန် အောက်ခံကိုယ်ထည် နှင့်  အောက်ပိုင်းတည်ဆောက်ပုံ ပေါ်တွင် မူတည်သည်ဟု ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူToyota ကပြောသည်။ ကောင်းမွန်သော လမ်းများတွင်သာမက အသက်အန္တရာယ်ရှိသော လမ်းကြမ်း နေရာဒေသများတွင်ပါ အသုံးပြု နိုင်ရန် ရည်ရွယ်၍ ယင်းကားကို ထုတ်လုပ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၀၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ရောင်းချမှု ရပ်တန့်လိုက်သည့် နောက်ပိုင်းတွင် ဂျပန် ပရိသတ်များက အဆိုပါ 70 မော်ဒယ် ကို ပြန်လည် ထုတ်လုပ်ပေးစေချင်ကြသည်။

အသက် ၆၇ နှစ် အရွယ်ရှိ ကျိုတိုမြို့မှ သစ်ကုန်သည် Masahiro Terada သည် Land Cruiser ကားကို ဆယ်စုနှစ်ပေါင်းများစွာ အားပေးခဲ့သူဖြစ်သည်။ ဂျပန်နိုင်ငံသား ၅၀ မျှပါဝင်သည့် Land Cruiser ပိုင်ရှင် များ ကွန်ရက်ကို သူက ခေါင်းဆောင်ပြီး Fuji တောင် အနီးရှိ ကျောက်ဆောင်ထူထပ်သည့် မီးတောင်ဒေသများ နှင့် Kyushu အနောက် တောင်ပိုင်းရှိ မြစ်များအတွင်းတွင် မောင်းနှင်ပြီး မော်တော်ယာဉ်များ၏ လမ်းကြမ်း မောင်း စွမ်းရည်များကို စမ်းသပ်ကြသည်။

 “Land Cruiser ဆိုတာ ဘယ်တော့မှ အရွယ်ရောက်မလာတဲ့ ကလေးကြီးတွေအတွက် ကစားစရာ အရုပ်တခုပေါ့” ဟု သူ က ရယ်မောရင်းပြောပြသည်။ သေသည်အထိ Land Cruiser ကားကို မောင်းနှင် သွားမည်ဟု သူကဆိုသည်။

Land Cruiser ကားများကို ကုလသမဂ္ဂနှင့် ကြက်ခြေနီ အဖွဲ့က ဘေးအန္တရာယ်သင့် ဒေသများမှ ကယ်ဆယ်ရေး လုပ်ငန်း များတွင် အသုံးပြုကြသည့် အတွက် Toyota ကုမ္ပဏီအတွက်လည်း ဂုဏ်ယူစရာ တခုဖြစ်ခဲ့သည်။

Land Cruiser သည် Toyota ၏ ကာလအရှည်ကြာဆုံး အမည် တခုလည်း ဖြစ်သည်။ တကမ္ဘာလုံး အတွက် အစီးရေ စုစု ပေါင်း ၇ ဒသမ ၉သန်း ခန့် ထုတ်လုပ်ရောင်းချခဲ့ပြီး ဖြစ်သည်။

ကာလရှည်ကြာစွာ ထုတ်လုပ်ခဲ့သဖြင့် Land Cruiser မော်ဒယ်ကား အစိတ်အပိုင်းမြောက်မြားစွာကို ကမ္ဘာအနှံ့ ဈေးကွက်များတွင် ရောင်းချခဲ့ရသည်။ အရေးအကြီးဆုံး အချက်ဖြစ်သည့် ပြုပြင်ထိန်းသိမ်းရေး အတွက် လွယ်ကူပြီး ယုံကြည်စိတ်ချရမှုလည်း ရှိသည့်အတွက် စီးပွားရေး အကျိုးအမြတ်လည်း ရရှိခဲ့သည်။

ယခု Land Cruiser ကား ပြန်လည်ရောင်းချသောအခါ ဂျပန်ယန်းငွေ ၃ ဒသမ ၅သန်း (အမေရိကန်ဒေါ်လာ ၃၄,၀၀၀) တန်မည့် pickup ပုံစံလည်း ပါ ၀င်သည်ဟု သိရှိရသည်။ နောက်ဆုံးပေါ် ဘေးကင်းလုံခြုံမှုဆိုင်ရာ ခေတ်မီ နည်းစနစ် များပါဝင်မည်ဖြစ်ပြီး 4.0 liter ရှိသည့် V6 အင် ဂျင်ကို အသုံးပြုထားကာ ဂီယာ ၅ ချက် ပါဝင်မည်ဟု သိရသည်။

  • Associated Press


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved