ကချင်ပြည်နယ် ရေခဲတောင်တနေရာရာမှာ ရှိနေတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေကယ်ဆယ်ဖို့အတွက် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ တဖွဲ့လည်း ပါဝင်ကူညီမယ်လို့ သိရပါတယ်။
ဒီအကြောင်း ရန်ကုန်မြို့တရုတ်သံရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအဖွဲ့ စနေနေ့ ရန်ကုန်ရောက်မယ်၊ ပြီးရင် ပူတာအိုမှာ ရှိတဲ့ ပြည်တွင်း ရှာဖွေကယ်ဆယ်ရေးသမားတွေနဲ့ သွားရောက် ပူးပေါင်း လုပ်ကိုင်မယ်လို့ ဆိုတယ်။Blue Sky Rescue (BSR) လို့ အမည်ရတဲ့ အဲဒီအဖွဲ့ဟာ ၂၀၀၇ မှာ ပေါ်ပေါက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုတယ်။
တောင်တန်းဒေသ၊ ရေကြီးမှု၊ သဘာဝဘေး နဲ့ တခြားသော ဘေးအန္တရာယ်ကျရောက်မှုတွေမှာ ကူညီကယ်ဆယ်ပေးဖူးတဲ့ အတွေ့အကြုံ ရှိတယ်လို့ ဆိုပါတယ်။ တနှစ်ကို ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၆ဝဝ ထက် မနည်း ဆောင်ရွက်နေပါတယ် တဲ့။
ဒီအဖွဲ့ လာရောက် ကူညီမယ့်အကြောင်းကိုလည်း ထူးဖောင်ဒေးရှင်းက အခုလို သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း၏ အစီအစဉ်ဖြင့် အဆက်အသွယ် ပြတ်တောက်နေသော သဘာဝခေါ်သံဖောင်ဒေးရှင်းမှ တောင်တက်သမား (၂)ဦးအား ရှာဖွေကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံမှ ကျွမ်းကျင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များသည် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက် (၁၀း၄၅) နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည် ဖြစ်ပါသည်။
တရုတ်နိုင်ငံသံရုံးမှ စုစည်းစေလွှတ်လိုက်သည့် ကျွမ်းကျင်ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ဝင် (၈)ဦးအား ထူးဖောင်ဒေးရှင်း၊ ထူးကုမ္ပဏီများအုပ်စု၊ အဲပုဂံ၊ AGD Bank၊ Aureum Palace Hotel၊ Myanmar Treasure Hote မှ တာဝန်ရှိသူများက ရန်ကုန်လေဆိပ်တွင် ကြိုဆိုကြပါမည်။
ထိုအဖွဲ့သည် ရန်ကုန်သို့ ရောက်လျှင်ရောက်ခြင်းပင် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇပိုင် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ပူတာအိုမြို့သို့ သွားရောက်ကြမည်ဖြစ်သည်။ ထိုမှတဆင့် အချိန်မဆိုင်းပဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်များဖြင့် ယခင်ရောက်နှင့်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ကွပ်ကဲစီမံနေသော ပန်နန်းဒင်မြို့နယ်ရှိ ဦးတေဇ ဦးဆောင်သော အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထူးကုမ္ပဏီများအုပ်စုနှင့် ထူးဖောင်ဒေးရှင်းတို့သည် ပျောက်ဆုံးနေသော တောင်တက်သမား(၂)ဦးအား အမြန်ဆုံးရှာဖွေ ကယ်ဆယ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေပါသည်။ မြန်မာပြည်သူပြည်သားများကလည်း တိုင်းပြည်ဂုဏ်ဆောင်ပြီး နိုင်ငံအလံကို တောင်ထိပ်၌ လွှင့်ထူနိုင်ခဲ့သော တောင်တက်သမား (၂)ဦးအား ကျန်းမာချမ်းသာစွာဖြင့် ရှာဖွေတွေ့နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာများ ပို့သစေလိုပါသည်။
ဆက်စပ်
http://www.irrawaddy.org/burma/trace-missing-burmese-climbers-search-continues.html
.
0 comments :
Post a Comment