ပေါတာနဲ့ ဟာသဥာဏ်ရှိတာ မတူကြောင်း ဦးလှဆွေ ရှင်း

Wednesday, September 17, 2014



လွှတ်တော် မင်းသားလို့ ပြောစမှတ်ရှိလာတဲ့ ကြံ့ခိုင်ရေးပါတီ အမတ် ဦးလှဆွေ၊ အမည်နာမ အမျိုးမျိုး ရယူနိုင်ခဲ့တဲ့ ဦးလှဆွေ၊ အခု သူကို လူတွေက ပေါတယ်လို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး ပေါတာနဲ့ ဟာသဥာဏ် မရှိတာ ကွဲပြားပုံကို အခုလို သူက ဖေ့စ်ဘုတ်မှာ ရှင်းပြထားတာကို စာလုံးပေါင်းသတ်ပုံ တချို့ ပြင်ဆင်ပြီး ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။




 """""""
ကျနော့်ကိုတချို့ fb သမားတွေက ငပေါ ဆိုပြီးပြောပါတယ် ။ ပေါ ကြောင်ကြောင်နိုင်တာနဲ့ ဟာသရှိတာ မတူပါဘူး ။ လူဆိုတာ ဟာသရှိသင့်တယ် ။ အလုပ်ကြီးကြီးလုပ်လေ ဟာသဥဏ် သုံးနိုင်လေ အောင်မြင် တာ ကျရှုံး တာ နောက်ထား အသက်ရှည်မယ်။ စိတ်ချမ်းသာမယ် ။ ပါတ်ဝန်းကျင် သာယာမယ်။ 

လူငယ်တယောက်က အကောင့် လာအပ်တယ်။ ခင်ဗျား ကိုဆဲခြင်လို့ friend အဖြစ်လက်ခံပေးပါတဲ့ ။ ဆဲစေဗျား ဆိုပြီး friend လက်ခံပေးလိုက်တယ်။ 

ကျနော်တို့ ၁၉၈၀ မှာ မော်ဖ ဒေသက ၇၁၂၅ ပေ မြင့်တဲ့ ဗကပတွေ သိမ်းထားတဲ့လွယ်ဟိုလာ တောင် ကုန်းကို တက်တိုက်ကြတယ်။ ကျနော်တို့တပ်က အရန် ။ ခမရ ၁၀၇ က အဓိက တိုက်ရတဲ့ တပ်။ ၁၀၇ တပ်ရင်းမှူးက အဲဒီပွဲမှာ သူရ ရသွားတဲ့ သူရဖေအောင်ပါ။

သူဟာ ကျင်းထဲကျပ်ထဲ မှာတောင် ဟာသဥာဏ်ရှိသူပါ။နောက်တန်းကနေ အသံချဲ့စက်ကြီး ထမ်းယူ လာပြီး တောင်ကုန်းပေါ် လှံစွပ် တက်ထိုးတိုက်ပွဲဝင်နေတဲ့ အရာရှိ စစ်သည်တွေ စိတ်ဓါတ်တက်ကြွအောင် သီချင်းတွေဖွင့်ပေးပါတယ် ။ ဘာသီချင်းဖွင့်တယ်ထင်လဲ။ 

ကမ္ဘာမကြေတို့ ရဲရဲတောက် တို့ မဟုတ်ပါဘူး။ အဲ့အချိန်က ခောတ်စားနေတဲ့ နော်လီဇာ ရဲ့ ဒိုင်းနမိုက် သီချင်းပါ ဒွန်နာဆန်းမားရဲ့ love bug ကို ကော်ပီ လုပ်ထားတာပါ ။

 နော်လီဇာ က ( ဒိုင်းနမိုက် ရီးစားလေးထားတဲ့အရသာ ဒိုင်းနမိုက်) လို့ဆိုလိုက်တာ နဲ့ ဗိုလ်မှူးကြီး သူရဖေအောင်က ( ထိုး )ဆိုပြီး အမိန့် ပေးလိုက်တယ်ဆိုရင်ဘဲ ရဲဘော်တွေက( ကျား ) ဆိုပြီး လှံစွပ် တက်ထိုးကြတာပါ ။ 

တိုက်ပွဲက သိပ်ပြင်းထန်လာပြီး တက်တိုက်နိုင်တဲ့ ဒဏ်ရာ ကင်းလွတ်တဲ့ ရဲဘော် ရှားပါးလာချိန်မှာ ( တက်ပု ဆက်ထု) ဆိုပြီး ကာရံ နဘေ နဲ့ အမိန့်ပေးပြီး သူကိုယ်တိုင် ရှေ့ကတက်တော့တာပါ။

တက်ပု ဆိုတဲ့ ရဲဘော်က မော်တာကိုင်တာပါ ။ ဒါနဲ့ဘဲ လွယ်ဟိုလာ ကိုသွေးသံ ရွှဲရွှဲ နဲ့ သိမ်းလိုက်နိုင်ပေ မယ့် ရဲဘော်တွေဟာ စိတ်မညစ်ကြပါဘူး။ ပင်ပန်းတယ်လို့ မထင်ကြပါဘူး ။ တပ်ရင်းမှူးကြီးက ဟာသရှိလို့ပါ။ ပေါတာမဟုတ်ပါဘူး။ 

ဒါနဲ့ စခန်းသိမ်းပြီး နောက်တန်းပြန်တော့မိုင်းရှုးက ရှေ့တန်းတပ်မ တပ်မမှူး ဗိုလ်မှူးကြီး ချစ်ဆွေ ဆီ သတင်းပို့ရမှာပါ။ 

အဲ့မှာ ရပခ တိုင်းမှုးကြီးက ရောက်နေပါတယ်။ စစ်သားတွေ ထုံးစံ အတိုင်းမြို့ရွာရောက်ရင် မသောက်ရ တာကြာပြီဖြစ်တဲ့ အရက်ကို နွားငတ်ရေကျ တဂွတ်ဂွတ်နဲ့ မော့သောက်။ 

မူးလာရင် သေနတ်ထောင်ဖေါက်။ ကွမ်းယာသည် မဲကျုတ်ကျုတ် ကုလားမကို ပိုက်ဆံ မပေးဘဲ အလကား စား တဲ့ အပြင် အာရာဒါးနား ဇတ်ကား ထဲက မင်းသမီး ရှာမီလာတဂိုး နဲ့ တူတယ်နော် ဘာညာ ပြောပြီး ရစ်နေလို့ လာတိုင်။ ရွာထဲက ဂလုပ်ဂလုပ် ပါဆောင်တို လောင်းကစားဝိုင်း ဝင်လောင်း ။

နိုင်နေရင် အသာလေးပြန်လာ။ ရှုံးရင် မီးခွက်မူတ် ပြီး လုပြေး ။ အစုံလုပ်တတ်ကြပါတယ်။ ဒါမျိုး မဖြစ်အောင် ထိန်း ကြဘို့ အရာရှိတွေကို ခေါ်ပီး သြဝါဒ ပေးပုံက တိုတိုတုပ်တုပ် ဘဲ( မိုင်းရှုးမှာ တိုင်းမှူး 
ရောက်နေတယ် လိုင်းမဂျုစ် သောက် )လို့ကာရန်နဘေနဲ့ မှာပါတယ်။ 

လိုင်းမဂျုစ့် ဆိုတာက အဲဒီခောတ် က ဘိလပ်ရည် တို့ လိုင်းမဂျုစ့်တို့၊ ပုလင်းနဲ့ လာတဲ့ အချိုရည် တွေ ကို ခေါ် တာပါ။ သံပုရာ ရည်ဘဲ သောက် လို့ ပြောတဲ့ သဘောပေါ့ဗျာ။ 

မူးလာရင်တိုင်းမှူး ဆူလိမ့်မယ်ပေါ့ဗျာ။ အဲလို နဲ့ အပြန် လွယ်လင်မှာ ဗိုလ်ကြီးမောင်သောင်း ဆိုတဲ့ အရာရှိ စီးလာတဲ့ ကားပေါ်မှာ သနားလို့ လမ်းကြုံ ခေါ်တင်လာတဲ့ ရှမ်းတယောက်က ဘိန်းစိမ်း နည်းနည်း ပါလာ တာ လွယ်လင် ကပ်စတန် က ဖမ်းပါလေရော။

အဲ့မှာ အဲ့ အရာရှိ ပြဿနာ ရှင်းရတော့တာပေါ့။ ဒါကို တပ်ရင်းမှုးက ကာရံ နဘေနဲ့ (ခုဆယ်ရာထောင်
သောင်း သိန်းသန်း ကုဋေ လူ့ပြည်မှာ မောင်သောင်း ဘိန်းစားသေ ) ဆိုပြီး ဗိုလ်ကြီးမောင်သောင်း 
ပြဿနာ တက် ပုံကို အရွှန်းဖေါက် ခဲ့ပါတယ်။ ပေါတာမဟုတ်ပါဘူး ။ ဟိုလူကတော့ ဘီလူး သံပုရာသီး ကိုက်မိ သလို ရှုံ့မဲ့မဲ့ကြီး နဲ့ ပြုံးပြရတော့တာပေါ့။ 

ကျနော်တို့သမ္မတ ကြီးလဲ ဟာသရှိသူ တယောက် ဖြစ်ပါတယ် ကျနော်နဲ့ ဆုံဘူးတဲ့ ဟာသရှိပုံလေးက ဒီလိုပါ။ နယက ဖလား ဂေါက်ပြိုင်ပွဲ နေပြည်တော် စည်ပင် ဂေါက်ကွင်းမှာ လုပ်တော့ လူကြီးတွေက ပထမ ၉ ကျင်းက စရိုက်ပါတယ်။ ဝန်ကြီးချုပ်ဦးသိန်းစိန်က ဒုတိယ ၉ ကျင်းက စ ရိုက်ပါတယ်။

အဲ့မှာ ဝန်ကြီးချုပ်နဲ့ ၄ ယောက်အတွဲ တဒိုင်းဒိုင်းနဲ့ ရိုက်ကြတော့ အားလုံး ပထမ ရိုက်ချက်များကောင်းပြီး ဖယ်းယားဝေး အလယ်ကို ကောင်းကောင်းမွန်မွန် ရောက်သွားကြပါတယ်။ 

အားပေးနေတဲ့ လူအုပ်ကြီး ကလည်း လက်ခုတ်တွေ တဖြောင်းဖြောင်းနဲ့ အားပေးကြပါတယ်။ဒီလိုနဲ့ တီခုံပေါ်က ဂုဏ်ယူစွာနဲ့ မြောက်ကြွကြွ လေးတွေ ဆင်း သွားကြပါ တယ် ။

ကျနော် ကလဲ mrtv ရုပ်သံ အဖွဲ့ခေါ်ပြီးဝန်ကြီးချုပ် အတွဲနဲ့အတူ ဆက်လိုက်သွားပါတယ်။ အဲမှာ ဝန်ကြီးချုပ်က အရွှန်းဖေါက်လိုက်တာက(အင်း first drive ကတော့ ကောင်းသွားပြီ second shot က လူမတွေ့တော့ဘူး ) လို့ပြောလိုက်တော့ အားလုံးပွဲကျသွားပါတယ်။

သူဆိုလိုတာက လက်ကသိပ်မမှန်သေးချိန်မှာ ပထမ တီ ခုံ ပေါ်မှာ လူရှေ့သူရှေ့ ရိုက်ရတာဖြစ်တော့ ဖိအားရှိနေတဲ့ အချိန် ရှောရှောရှုရှု ထိသွားလို့ တော်သေးတယ် ဆို တဲ့သဘောပြောတာပါ။ 

နောက်တကြိမ် ကြုံတာက တပ်မတော် နေ့ ညစာစားပွဲ ပါ။ အဲ့ မှာကျနော်လဲ မြန်မာ့ အသံ ခောတ်ပေါ် 
တေးဂီတအဖွဲ့ နဲ့ အတူ ရန်ကုန်က ခေါ်လာတဲ့ အဆိုတော်တွေ နဲ့ ဖြေဖျော်ကြပါတယ်။

အဲဒီနေ့က တပ်မတော်ဂုဏ်ပြု ရုပ်သံဇာတ်လမ်းတခု ရဲ့ play back ဆိုပေးတဲ့ အဆိုတော် တွေပါ ပါစေ လို့ မှာထားလို့  အဲ့ အဆိုတော် မလေးတွေ လဲ ပါ ပါတယ်။

ခက်တာက အဲ့ play back ဆိုပေးတဲ့ အဆိုတော်အဖွဲ့ဟာ တော်တော် ရုပ်ဆိုးပါတယ်။ ဆံပင်တွေက လည်း ဖြူနီပြာဝါ အာတာပူစီ ဒီဇိုင်း စုတ်ဖွာဖွား တွေလုပ်လာပါတယ်။ (နာမည်တော့ မပြောတော့ပါဘူး )တချို့ ဆိုရင် ရုပ်ရှင်သရုပ်ဆောင် ဟာသမယ် မသန်းရွှေ နဲ့ တူတဲ့ သူလဲပါ ပါတယ်။ 

ညစာစားပွဲ ပြီးတော့ လူကြီးတွေ ပြန်တော့ အဆိုတော်တွေကို ဆုငွေတွေ ပေး သမီးတို့ဆိုတာ
ကောင်း တယ် ဘာညာ နုတ်ဆက်ကြပါတယ်။ 

အဲ့မှာ မိုးလေးက ဖွဲဖွဲ လေးကျလာ တော့ အောက်က ခင်းထားတဲ့ ကြွေပြားတွေ က ချောနေပါတယ်။ လမ်းကို သတိထားလျှောက် နေတဲ့ကြားက ဦးအုန်းမြင့် ချော်လဲပါတယ် ။

အဲ့မှာ ဝန်ကြီးချုပ်ကြီးက ဇနီးနဲ့အတူ ရောက်လာပြီး အဆိုတော်တွေကို နုတ်ဆက်ပါတယ်။ (တော်တော် 
ချောတယ်နော်)လို့  ပြောတော့ အဆိုတော်တွေက (ကျေးဇူးပါ အဘ) လို့ ပြန်ပြောပါတယ် ။

 ပြီးမှ ဝန်ကြီးချုပ်ကြီးက အောက်ကို လက်ညိုးထိုးပြီး ( ကြွေပြားကြွေပြား ) လို့ ပြောလိုက်တော့ လူတွေက ဝါး ကနည်း ပွဲကျသွားပြီး ဟို မသန်းရွှေနဲ့တူတဲ့ အဆိုတော်အုပ်စု က (ဟာ  အဘကြီးကလဲ) ဆိုပြီး ရှက်သွာကြပါတယ်။ ဒါပေါတာ မဟုတ်ပါဘူး။ ဟာသရှိတယ်လို့ ပြောလိုပါကြောင်း။ 


ဦးလှဆွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ပြန်လည် ကူးယူဖော်ပြသည်။ ဧရာဝတီ ပရိသတ်တွေလည်း ဦးလှဆွေရဲ့ စာညွှန့်လေးကို ဖတ်ပြီး ရယ်မောနိုင်ကြပါတယ်။














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved