စတိုင် ပိုထွက်စေမယ့် Fashion Accessories

Monday, September 8, 2014


 ~







ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းထဲမှာ ပျော်ပျော်ပါးပါး ကူးခတ်နေတဲ့ လူငယ်တွေအတွက် ဖက်ရှင်ကျတဲ့ ဝတ်စား ဆင်ယင်မှုတွေထဲမှာ Accessories ဆိုတာ မပါမဖြစ်ပါ။ 


(ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)


ကိုယ့်ရဲ့ ဝတ်ပုံစားပုံ အဝတ်အစားဒီဇိုင်းနဲ့ ဆံပင်ပုံစံ၊ ကိုယ့်ရဲ့စတိုင် ရုပ်ရည် သွင်ပြင်ကို ပိုမိုထူးခြားအောင် လက်စွပ်၊ လက်ကောက်၊ လက်ပတ်၊ လည်ဆွဲ၊ နားကပ် အစရှိတဲ့ Accessories တွေက ပံ့ပိုးပေးပါတယ်။
Fashion Accessories ဆိုတဲ့အသုံးအနှုံးဟာ ၁၉ ရာစုလောက်ကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ကိုယ့် အဝတ်အစား ဒီဇိုင်းကို ပိုပြီးဖက်ရှင်ကျအောင်၊ ပိုကြည့်ကောင်းအောင် တန်ဆာဆင်တဲ့ အနေနဲ့ ဆင်ယင်လေ့ရှိတဲ့ ပစ္စည်းတွေကို ခေါ်ဝေါ်တာပဲ ဖြစ်ပါတယ်။


အရင်ခေတ်တွေကတော့ တန်ဆာဆင်ပစ္စည်းဆို ရွှေ၊ ငွေ၊ စိန်၊ ပုလဲ အစရှိတဲ့ တန်ဖိုးကြီး ရတနာပစ္စည်းတွေကိုသာ အသုံးပြုခဲ့ကြပေမယ့် ဒီနေ့ခေတ် အချိန်အခါမှာတော့ Fancy Accessories တွေကို သူ့နေရာနဲ့သူ၊ သူ့အဝတ်အစား ဒီဇိုင်းနဲ့သူ လိုက်ဖက်မှုရှိအောင် တွဲဖက်ဝတ်ဆင် လာကြတာကို တွေ့ရပါတယ်။

Accessories က မိန်းကလေးတွေ ဝတ်ဆင်ဖို့ပဲ သိထားရင် အဲဒီအယူအဆ ဟောင်းတွေကို အဝေးမှာ ထားခဲ့လိုက်ပါ။ ဒီနေ့ခေတ်မှာ ဆိုရင် Accessories ပစ္စည်းတွေက မိန်းကလေးအတွက်ပဲ မဟုတ်တော့ပါဘူး၊ ဖက်ရှင်နဲ့ ဒီဇိုင်း တွေဟာလည်း ယောက်ျားလေးတွေ အတွက် အရေးပါလာတာမို့ ခေတ်မီတဲ့ ခေတ်လူငယ် အမျိုးသားတိုင်း Accessories တွေ ဝတ်ဆင်လာကြပါပြီ။

Accessories တွေထဲမှာမှ ပေါ့ပေါ့ပါးပါးလည်း ဖြစ်၊ လူငယ်တိုင်းလည်း ဝတ်ဆင်လာကြတာတော့ လက်ပတ်ပါပဲ။ လတ်ပတ် Accessories တွေကို ကိုယ်တိုင် Handmade လေးတွေလုပ်ပြီး ဝတ်ဆင်ကြသလို၊ တန်ဖိုးရှိတဲ့ ရတနာ ပစ္စည်းတွေနဲ့ ပြုလုပ် ဝတ်ဆင်ကြပါတယ်။

ဒါ့အပြင် Ready to Wear လုပ်လို့ရတဲ့ ဒီဇိုင်းဆန်းဆန်း Fancy လက်ပတ်တွေကိုလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ဒီဇိုင်း၊ ကိုယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်ဝယ်ယူ ဝတ်ဆင်နိုင်ပါသေးတယ်။

ဈေးနှုန်းကတော့ Fancy လက်ပတ်လေးတွေဆို ကျပ်တထောင် လောက်ကစလို့ ငါးထောင် ဝန်းကျင် လောက်အထိပဲ ရှိပါတယ်။ Handmade လက်ပတ်တွေဆိုရင်လည်း လေးငါးရာ ဝန်းကျင် လောက်ကနေ ငါးထောင်ထပ် မပိုပါဘူး။

ဈေးနှုန်းလည်း မနည်းမများ လွန်းတာကြောင့် ကိုယ့် အဝတ်အစားနဲ့ လိုက်ဖက်မယ့် Fancy လက်ပတ်တွေ၊ အဝတ်အစားရဲ့ ဖက်ရှင်ကို ပိုကြည့်ကောင်း သွားအောင် ပံ့ပိုးပေးနိုင်တဲ့ Accessories တွေ များများစားစား ဝယ်စုထားဖို့ အကြံပြုချင်ပါတယ်။

နိုင်ငံခြားသား ဧည့်သည်တွေဆိုရင် မြန်မာ့ရိုးရာ လက်လုပ် Handmade လက်ပတ်လေးတွေကို ဖက်ရှင်အရကော၊ ရိုးရာ ပစ္စည်းကို စိတ်ဝင်စားတဲ့အနေနဲ့ကော အမြတ်တနိုး ဝယ်ယူဝတ်ဆင်လေ့ ရှိကြတာတွေ့ရတယ်။

ရန်ကုန်မြို့ရဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ နေရာတခုဖြစ်တဲ့ ဗိုလ်ချုပ်ဈေးလို နေရာမျိုးမှာဆိုရင်လည်း Handmade လက်ပတ်တွေ၊ ကျောက်စိမ်း လက်ကောက်ကွင်းတွေ အစရှိတာတွေကို နိုင်ငံခြားတွေကို Target ထားပြီး ရောင်းချတာကို တွေ့ရတယ်။

လက်ပတ် ဝတ်ရတာ နှစ်သက်တဲ့ လူငယ်တွေကလည်း အဲဒီလိုပဲ Fancy လက်ပတ်တွေ ရောင်းတဲ့ Fancy Shop တွေ၊ ရှော့ပင်းစင်တာတွေ၊ ဖက်ရှင်ဆိုင်တွေ အစရှိတဲ့ နေရာတွေမှာ လိုသလို လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေတာဖြစ်ပြီး ညနေဘက် ဆူးလေ၊ ပန်းဆိုးတန်း တဝိုက်မှာလည်း ဒီလို လက်ပတ်ရောင်းတဲ့ လမ်းဘေးဆိုင် အသေးလေးတွေကို တွေ့နိုင်ပါသေးတယ်။ ကိုယ်တိုင် ဒီဇိုင်းထွင်ပြီး လုပ်တဲ့ Handmade တွေလည်းရှိပါသေးတယ်။

Accessories တွေက သာမန်အချိန်မှာ မလိုအပ်ဘူး၊ အရေးမကြီးဘူးလို့ ထင်ရပေမယ့် ပွဲတခုခု သွားမယ်ဆိုရင် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတခုပါ။ ဥပမာ ရှိုးပွဲ သွားမယ်ဆိုရင်လည်း ကိုယ်သွားမယ့် ရှိုးပွဲအပေါ်မူတည်ပြီး Punk စတိုင် အချွန်အတက်တွေပါတဲ့ လက်ပတ်မျိုးပဲဖြစ်ဖြစ်၊ အရောင် ပြိုးပြိုးပြက်ပြက်နဲ့ ခပ်ကြီးကြီး လက်ပတ်မျိုးပဲဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

ကိုယ်သွားမယ့်နေရာက ရှိုးပွဲမဟုတ်ဘဲ ညစာစားပွဲလိုနေရာမျိုးဆိုရင်လည်း အဝတ်အစားပေါ် မူတည်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဒီဇိုင်းဆန်းတဲ့ ပုံစံမျိုး၊ ဒါမှမဟုတ်ကိုယ်က သူငယ်ချင်းတွေနဲ့ အပြင်ကို Hang out လုပ်ဖို့ သွားတာဆိုရင်လည်း လွတ်လွတ် လပ်လပ်နဲ့ အထာကျပြီး လူငယ်ဆန်တဲ့ လက်ပတ်မျိုးကို ရွေးချယ်နိုင်ပါတယ်။

ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးဝတ် Fancy လက်ပတ်တွေကိုတော့ အမှတ် (၂၅)၊ ပုဒ္ဒမာ အားကစားတိုက်ခန်း၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့ မှာရှိတဲ့  Spirits Fancy Shop မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

 



သီဟတိုး

 




 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved