ရန်ကုန်မြို့ စမ်းချောင်း မြေနီကုန်းမှာ အောက်တိုဘာလ ၁၉ ရက်နေ့က မျက်နှာဖုံးစွပ် လူငယ် ၁ဝ ဦး
လောက် စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းဖို့ ၁၉၊ ၁၀ လှုပ်ရှားမှု ပြောက်ကျား ဆန္ဒပြပွဲ တခု လုပ်ခဲ့ကြပါတယ်။
အဲဒီလို လုပ်ဆောင်ခဲ့ကြတဲ့ လူငယ်တွေက
သူတို့ကိုယ် သူတို့ အမည်ပေးထားတာ မရှိတဲ့ လူငယ်တွေ အဖြစ် ဖေ့စ်ဘုတ်စာမျက်နှာတခုလည်း ဖွင့်လှစ်ကာ ကြေညာချက်တစောင်လည်း ထုတ်ပြန်လိုက်ပါတယ်။
ကြေညာချက် အပြည့်အစုံကတော့
ဆယ့်ကိုးတစ်ဆယ် ၁၉/၁၀ မြေနီကုန်းလှုပ်ရှားမှု ရှင်းတမ်း
(၁/၂၀၁၄)
၁၉.၁၀.၂၀၁၄ ညနေပိုင်းတွင် မြေနီကုန်းမှ လူငယ်များ၏လှုပ်ရှားမှုကို ဆယ့်ကိုး ရက်၊ ဆယ်လ တွင်ပြု လုပ်ခြင်းကြောင့် ဆယ့်ကိုးတစ်ဆယ်လှုပ်ရှားမှုဟု ငါတို့ခေါ်သည်။
ဖိနှိပ်မှုနှင့်အတူကြီးပြင်းခဲ့ရသော လူငယ်ထုနှင့် ပြည်သူထူထုသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့်အတူ နာလံ မထူနိုင်ပေ။ ယနေ့လွှတ်တော်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်ကြီးစိုးသည့် စစ်လွှတ်တော်
နှင့် စစ်ဖွဲ့စည်းပုံဖြစ်သည်ဟု ငါတို့ရှုမြင်သည်။
ထို့တပြိုင်နက် မျက်နှာဖုံးစွပ် စစ်အစိုးရသည် လူထုအား ပညာရေးအဆင့်နိမ့်ပါးစေရန်ရည်ရွယ်ခဲ့သော အာဏာရှင်ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ပညာရေးစနစ်နှင့် အလားတူသည့် အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားပြည်သူတို့ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ အတည်ပြုပြီးဖြစ်သည်။
ပညာရေးအဆင့်အတန်းမြင့်မှ လူထု၏ အသိပညာတိုးတက်မှုနှင့်အတူ တွန်းလှန်တိုက်ပွဲဝင်လာမည်ကို အာဏာရှင်တို့ သိနှင့်ပြီးဖြစ်၍ ထိုသို့ ဖန်တီးလာခြင်းဖြစ်သည်ဟု ငါတို့သိရှိနားလည်သည်။
ထို့ကြောင့် ဤ အချက်ငါးချက်ကို ငါတို့ကြွေးကြော်သည်။
(၁) စစ်ဖိနပ်အောက်က ပညာရေး အလိုမရှိ အလိုမရှိ။
(၂) ကျောင်းသားပြည်သူအခြေမခံတဲ့ ပညာရေးဥပဒေ ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်။
(၃) စစ်တစ်ပိုင်းအစိုးရ အလိုမရှိ ၊အလိုမရှိ။
(၄) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး ဒို့အရေး၊ ဒို့အရေး။
(၅) စစ်ဘောင်းဘီချွတ် သိန်းစိန်အစိုးရ ချက်ချင်းဆင်း၊ ချက်ချင်းဆင်း။
ယခု အမည်မသိမျက်နှာဖုံးစွပ်ထားသည့်လူငယ်များသည် Anonymous – Burma အမည်ရှိသည့် အင်အားစု တစ်ရပ် ဖြစ်သည်။
မျက်နှာဖုံးစွပ်ရခြင်းအကြောင်းအရင်းမှာ နိုင်ငံရေး အမြတ်ထုတ်သည့် နိုင်ငံရေးသမားများနှင့် မတူသော အမည်မသိ လူငယ်များသာဖြစ်လို၍ဖြစ်သည်။
ငါတို့လှုပ်ရှားမှုသည် မည်သည့်အဖွဲ့အစည်းနှင့် ချိတ်ဆက်ခြင်းမရှိ။ ပတ်သက်ခြင်းမရှိ။
ငါတို့ တစ်ဦးတစ်ယောက်ချင်း၏ ဘုံ သဘောတူချက်များဖြင့်ပြုလုပ်ခြင်းသာဖြစ်သည်။
လက်ရှိငါတို့လိုလားချက်များနှင့်တူညီသည့် လှုပ်ရှားမှုများကို ငါတို့ အားပေးထောက်ခံ သွားမည်။
ဆယ့်ကိုးတစ်ဆယ် မြေနီကုန်းလှုပ်ရှားမှုမှစ၍ ရှေ့ဆက် တိုက်ပွဲဝင်နေဦးမည်ဟု ငါတို့ တပ်လှန့်နှိုးဆော် လိုက်သည်။
စစ်ကျွန်ပညာရေးစနစ်နှင့် စစ်ချုပ်ရေး ဖျက်သိမ်းပစ်
အမည်မသိမျက်နှာဖုံးစွပ်လူငယ်များ

ဓာတ်ပုံ- Ko Gyi Myo

Good. ..