မြန်မာပြည်မှာ ဒီမိုကရေစီ မရှိဆုံးမြို့

Thursday, October 23, 2014


မြန်မာပြည်မှာ ဒီမိုကရေစီ မရှိဆုံး (မရှိဆုံး) မြို့ဟာ ဘယ်မြို့လဲ။

နေပြည်တော်လို့ ဖြေရင် အံ့သြကြမယ် ထင်ပါတယ်။

မကွေးတိုင်း ဆိတ်ဖြူမြို့မှာနေထိုင်သူ ကိုဇော်ကြီးက မြို့အတော်များများမှာ ရဲစခန်းကိုခွင့်တောင်းပြီး တကိုယ်တော် ဆန္ဒပြခဲ့သူပါ။

ဗိုလ်ချုပ်ကြီးများ အခြေချရာ နေပြည်တော်မှာတော့ ရဲစခန်းက သူ့ကို တကိုယ်တော် (တကိုယ်တော်)  ဆန္ဒပြဖို့ မီးစိမ်းမပြခဲ့ပါဘူးလို့ ကိုဇော်ကြီးက ပြောပါတယ်။

        "ရန်ကုန်၊ မန္တလေး၊ ဆိတ်ဖြူ၊ ချောက်၊ နေပြည်တော်နဲ့ ပြည်မြို့တွေမှာ ပြခဲ့ပါတယ်။
ကျန်တဲ့မြို့တွေအကုန်ခွင့်ပြုတယ်။ နေပြည်တော်မှာ မရဘူး။
 မရလည်းပြတယ် ဆိုပြီး ပြတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲတယ်။ လာမယ့် ၂၈ ရက်နေ့ ရုံးချိန်း နေပြည်တော်အထိ သွားရမယ်"

နေပြည်တော်က ထူးခြားနယ်မြေ ဖြစ်နေတာကိုလည်း ကိုဇော်ကြီးက အံ့သြနေပါတယ်။

"ဥပဒေတခု ထုတ်ထားရင်  တတိုင်းပြည်လုံး သက်ရောက်မှုရှိရမှာပေါ့။
ကျန်တဲ့နေရာတော့ ရတယ်၊  နေပြည်တော်တော့ မရဘူး ဆိုတာ ဥပဒေ မဟုတ်သေးဘူး"

ဘယ်မြို့ပဲရောက်ရောက် သူ ဆန္ဒပြရခြင်း အကြောင်းရင်းက တခုတည်းပါပဲ - အဲဒါကတော့ ဆွေးနွေးညှိနှိုင်းကြဖို့ နေပြည်တော် ထိပ်သီး ၄ ယောက်ကို တိုက်တွန်းခြင်းပါ။

-         သမ္မတဦးသိန်းစိန်၊
- ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊
 - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
 - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် ကြီးလေးကြီးဟာ         ပါတီအစွဲ၊ အသင်းအဖွဲ့အစွဲတွေမထားဘဲ ယုံကြည်မှုတည်ဆောက်သင့်တယ် လို့  ပြည်မြို့ကို ရောက်လာတဲ့ ကိုဇော်ကြီးက ပြောပါတယ်။

        "တိုင်းပြည်လက်ရှိအခြေအနေက အဆင်းရဲဆုံးအခြေအနေမှာပဲ ရှိသေးတယ်။
 ပြည်သူလူထုက ပိုပိုပြီး ကျပ်တည်းသထက် ကျပ်တည်းလာတယ်။ ၈၈ တုန်းကလို  တခါပြန်မဖြစ်စေချင်ဘူး။
လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှသာ နောက်မျိုးဆက်အနာဂတ်လှပလိမ့်မယ်။
ပါတီစွဲတွေ အသင်းအဖွဲ့အစွဲတွေ  ချန်ထားပြီး တိုင်းပြည်အတွက်ကိုပဲ ကြည့်ဖို့ ကျနော်တိုက်တွန်းပါတယ်။
 အဲဒိလိုလုပ်မှပဲ အဆင်ပြေမယ်လို့ ကျနော် လုံးဝ ယုံကြည်ထားပါတယ်။"

 

ဆွေးနွေးပွဲ ဖြစ်မဖြစ်တော့ မသိ ... လောလောဆယ်တော့ တကိုယ်တော်ဆန္ဒပြခွင့်တောင်းတာတောင် အလုပ်မဖြစ်ကြောင်း ကိုဇော်ကြီးရဲ့ အဆိုအရ သိရပါတယ်။
  ဆွေးနွေးပွဲ ဖြစ်လာနိုင်မလား။       ဘာကြောင့်လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်မလာသေးတာလဲ?

        " အဓိက ယုံကြည်မှု တည်ဆောက်မရသေးလို့ပါ။
တယောက်နဲ့တယောက်  မယုံကြည်နိုင်သေးလို့ပါ။
အမှန်တရားရယ် အရှိတရားရယ်ကို လက်ခံလာတဲ့တနေ့  မဖြစ်မနေလုပ်မှာက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပါပဲ။
တိုင်းပြည်လည်း  နှစ်ငါးဆယ်ကျော် နစ်နာခဲ့ရပါပြီ။
ရှေ့ဆက်ပြီး မျိုးဆက်သစ်အနာဂတ်လူငယ်တွေအတွက် စဉ်းစားပေးပါ"

 ပြည်မြို့ တက်ကြွလှုပ်ရှားသူတွေက           လူစည်ကားရာလမ်းတလျှောက် ကြွေးကြော်သံတွေကြွေးကြော်ပြီး  တကိုယ်တော်ဆန္ဒပြသူ ကိုဇော်ကြီးကို  ဝန်းရံပေးခဲ့ကြပါတယ်။

  အမေကျော်ပြီး ဒွေးတော်လွမ်းတာ ပြဿနာ မဟုတ်ပေမဲ့ အဖေကျော်ပြီး ပေါက်ဖေါ်လွမ်းတာ မဖြစ်သင့်ဘူး။
 လေးပွင့်ဆိုင်တွေ့ဆုံးရေး အမြန်ဆုံး လုပ်ပေး၊ သယံဇာတတွေ ပေါများပေမဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်နေတာ ဘာကြောင့်လဲ….. စသဖြင့်သော  ကြွေးကြော်သံတွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်ခင်ဗျာ။


 ကောင်းမြတ်မင်း

သောကြာနေ့ ပြင်ဆင်ချက်


ဆိတ်ဖြူမြို့ကို ပဲခူးတိုင်းထဲကမြို့လို့ ဖော်ပြမိခဲ့ပါတယ်။
မကွေးတိုင်းလို့ ပြန်လည် ပြင်ဆင်ထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved