နိုင်ငံရေးလုပ်ဖို့ Graffiti ကို အသုံးချမယ်ဆိုရင် အနုပညာမဟုတ်ဘူးဆိုတဲ့ "ပြာ"

Thursday, October 30, 2014

ASH နဲ့ သူရဲ့ Graffiti ပုံများ (ဓာတ်ပုံ - စိုင်းဇော်/ဧရာဝတီ)


ခေတ်အဆက်ဆက် ပိတ်ပင်မှုတွေ၊ တားဆီးမှုတွေ၊ ကန့်သတ်မှုတွေ ကြီးမားကျယ်ပြန့်စွာ ခံခဲ့ရတဲ့ကာလတွေကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒီနေ့ခေတ်မှာတော့ ဂရပ်ဖတီ (Graffiti ) ကိုအနုပညာတရပ်အဖြစ် ကမ္ဘာက ရှုမြင်လက်ခံနေပါပြီ။ တခြားနိုင်ငံတကာ နယ်ပယ်မှာ Graffiti ကို အားပေးလက်ခံမှုတွေ အများအပြားရှိလာပေမယ့် မြန်မာနိုင်ငံမှာတော့ အားပေးမှု နည်းနေပါသေးတယ်။ သမ္မတအိုဘားမားပုံ၊ သမ္မတဦးသိန်းစိန်ပုံတို့ကို Graffiti လက်ရာဖန်တီးမှုတွေ ကြောင့် Graffiti ကို နယ်ပယ်အတော်များများက သတိပြုသိမြင်လာတာလောက်ပဲ ရှိပါသေးတယ်။ ဒီလိုအချိန်မှာ တင်ဆက်လာတဲ့ Graffiti လက်ရာတကိုယ်တော် ပြပွဲတခုကစိတ်ဝင်စားစရာပါ။

မြန်မာလို ‘ပြာ’ လို့အဓိပ္ပာယ်ရတဲ့ Hip-Hop အဆိုတော် ASH ရဲ့တကိုယ်တော် Graffiti အနုပညာလက်ရာတင်ပြတဲ့ ပြပွဲကို အောက်တိုဘာ ၁၁ရက်နေ့ကနေ ၁၃ရက်နေ့အထိ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ နဝဒေးလမ်း၊ အမှတ်၂၃မှာရှိတဲ့ Think (သင့်) အနုပညာပြခန်းမှာ ပြသခဲ့ပါတယ်။

ဘာကြောင့် “ပြာ” ဆိုတဲ့ ASH နာမည်ယူခဲ့တာလဲလို့ မေးကြည့်တော့ “`A က အောင်၊ H ကဟိန်းပါ။ ကျနော့်နာမည်အတိုကောက်စာလုံးပါ။ ဘယ်သူမဆို သေဆုံးတဲ့အခါ ပြာဘဝရောက်ရတာပဲ၊ ဘယ်အရာမဆို ပြာဖြစ်သွားမှာပဲဆိုတာက သိစေချင်၊သတိပြုမိစေချင်တဲ့ရည်ရွယ်ချက်နဲ့ ASH လို့နာမည်ယူတာပါ” လို့ အသက်၂၃နှစ်အရွယ် Hip-Hop အဆိုတော် ASH က ပြောပါတယ်။

“ကျနော်ငယ်ငယ်ကတည်းက သီချင်းတွေကိုကြိုက်တယ်၊ ဟစ်ပ်ဟော့ပ်သီချင်းတွေကြိုက်တယ်၊ ပြီးတော့ ဟစ်ပ်ဟော့ပ်အခွေတွေကြည့်တဲ့အခါ သူတို့နောက်ခံတွေမှာ ဂရပ်ဖတီ ပုံတွေကြည့်ရတယ်။ ဘာမှန်းမသိပေမယ့်ကြိုက်တယ်။ စာလုံးဖောင့်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ပေါ့။ အဲဒီတုန်းကတော့ ဂရပ်ဖတီရယ်လို့တော့မသိဘူးပေါ့။ နောက်တော့တဖြည်းဖြည်းနဲ့ လေ့လာရင်း ဂရပ်ဖတီကိုသိလာတာပါပဲ” လို့ သူနဲ့ ဂရပ်ဖတီစတင်ရင်းနှီးလာပုံကိုရှင်းပြပါတယ်။

၂၀ဝ၇မှာ ၁၀တန်းအောင်ပြီး GTC တက်ခွင့်ရတာကို ဆက်မတက်တော့ဘဲပုံတွေဆွဲ၊သီချင်းတွေဆိုဖို့ ဖြစ်လာတဲ့အကြောင်း သူကဆက်ပြောပါတယ်။ ၂၀၁၁မှာတော့ နမူနာအခွေကြမ်းလေးတွေထွက်နိုင်ခဲ့ပြီး အခုနောက်ဆုံးအခွေနဲ့ဆိုရင်အခွေကြမ်း ၄ ခွေရှိပြီလို့သိရပါတယ်။ လာမယ့်ဒီဇင်ဘာမှာတော့ သူ့ရဲ့တကိုယ်တော် ဟစ်ပ်ဟော့ပ် အယ်လ်ဘမ်တခုထွက်မှာပါ။

ဂရပ်ဖတီ ရေးဆွဲရာမှာ လေးစားအားကျတဲ့နိုင်ငံတကာအနုပညာရှင်တွေအကြောင်းသူကဆက်ပြောပါတယ်။

“ကျနော်က Dare ကိုနှစ်သက်တယ်ဗျာ။ လက်ရာတွေကိုရော၊သူပြောတဲ့စကားကိုပါကြိုက်တယ်ဗျ။ သူပြောတဲ့ Dare to be different ဆိုတာပေါ့။ သူကဂျာမနီက ဂရပ်ဖတီအနုပညာရှင်ပါ။ ဆုံးသွားပါပြီ” လို့သူကဆိုပါတယ်။

ဂရပ်ဖတီနဲ့ ဟစ်ပ်ဟော့ပ်ဂီတဟာ နိုင်ငံရေး၊ဓလေ့ထုံးတမ်းများနဲ့ဆက်စပ်နေတဲ့သဘောရှိပါတယ်။ ဒီ့အပေါ် ASH ရဲ့ သဘောထားကဘယ်လိုရှိသလဲလို့ မေးကြည့်တော့ “သီချင်းတွေမှာလည်း ပြည်သူ့အကျိုးပြုသီချင်းရှိတယ်။ မိဘမေတ္တာကို ဖော်ကျူးတာရှိတယ်။ အချစ်သီချင်းတွေလည်းရှိတယ်။ ကိုယ်ယုံကြည်တာကို ကိုယ်လုပ်ကြတာ။ ကိုယ့်ခံယူချက်နဲ့ကိုယ်လုပ်ကြတာမို့ အဲဒီအပေါ်ကျနော်ဘာမှမဝေဖန်ချင်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလုပ်ဖို့ရည်ရွယ်ချက်နဲ့ ဒီဂရပ်ဖတီကိုအသုံးချမယ်၊ ဟစ်ပ်ဟော့ပ်ကိုအသုံးချမယ်ဆိုရင်တော့ အနုပညာမဟုတ်ဘူးလို့ကျနော်ထင်တယ်။ ကိုယ်ကိုယ်တိုင်ယုံကြည်စိတ်နဲ့ဖန်တီးတယ်၊။ တင်ဆက်တယ်ဆိုတာမျိုးကိုပိုလိုလားတယ်” လို့သူက ဖြေပါတယ်။

ဂရပ်ဖတီ ရေးဆွဲရာမှာဘယ်လိုအခက်အခဲ တွေ့ခဲ့သေးလဲလို့ ဆိုတော့ “ကျနော် GTC ကျောင်းမှာ Civil Engineer တက်တုန်းက ကျောင်းနံရံတခုမှာThug လို့ဆိုပြီး ဂရပ်ဖတီပုံတခု ရေးခဲ့တယ်။ ကျနော်ရေးတာက ကျနော်တို့ကြိုက်တဲ့ ကမ္ဘာကျော်ဂီတအဖွဲ့အမည်ပါ။ အဲဒီမှာဆရာကြီးနဲ့ဆရာမကြီးက T ဆိုတာက တညင် (သန်လျင်)၊ H ကလှိုင်သာယာ၊ UG ဆိုတာက မြေအောက်လှုပ်ရှားသူ၊ နိုင်ငံရေးလှုပ်ရှားသူဆိုပြီးကျနော့်ကိုပြောတယ်။ ကျနော်ကမဟုတ်ဘူး။ ဂီတအဖွဲ့အမည်ပါ။ ဟောဒီမှာ ကာဗာဆိုပြီးပြပေမယ့် လက်မခံဘူး။ ဒါနဲ့မိဘတွေခေါ် ဘာညာဖြစ်ကုန်တော့တာပေါ့” လို့ သူ့ရဲ့ဂရပ်ဖတီနဲ့ ပတ်သက်တဲ့အတွေ့အကြုံကိုရှင်းပြပါတယ်။

အဲဒီနောက် သူဟာလမ်းတွေပေါ်နံရံတွေပေါ်မရေးဆွဲတော့ပဲဦးထုပ်၊ အင်္ကျီ၊ ဖိနပ်တွေမှာပုံတွေ ရေးဆွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေမှာတော့ အများစုက ဂရပ်ဖတီကို အပြုဘက်မှာမသုံးဘဲ အပျက်ဘက်အတွက် အသုံးများခဲ့ပါတယ်။ အထူးသဖြင့် အစိုးရရဲ့အုပ်ချုပ်ပုံကို လက်မခံနိုင်တဲ့အခါမျိုးမှာ အစိုးရရဲ့လုပ်ငန်းတွေကိုထိခိုက်စေအောင် ရည်ရွယ် လုပ်ဆောင် ရေးဆွဲတာတွေ ရှိခဲ့ပါတယ်။

“ကျနော်ကတော့ အမေရိကန်မှာ အဲဒီလိုလုပ်လို့ ကျနော်တို့ ဂရပ်ဖတီသမားတွေလည်း သူတို့လို လိုက်လုပ်ရမယ် ဆိုတာမဖြစ်သင့်ဘူး။ အထူးသဖြင့် ဓလေ့ထုံးတမ်းနဲ့အစဉ်အလာ ရိုးရာ မတူဘူးလေ။ ပြီးတော့အမေရိကန်မှာ သေနတ်ကိုင်ခွင့်ရှိတာနဲ့ရန်ကုန်မှာ သေနတ်လိုက်ရှာဝယ်နေသလို ဖြစ်နေမှာပေါ့” လို့ ASH ခေါ် အောင်ဟိန်းက သူ့ ခံယူချက်ကို ပြောပါတယ်။

ဂရပ်ဖတီဆွဲဖို့ အရင်ကဆိုရင် မြေအောက်ဂိုဏ်းအဖွဲ့သဖွယ် လှုပ်ရှားရေးဆွဲရတာပါ။ အထူးသဖြင့်ညအချိန်တွေမှာ ရေးဆွဲရလေ့ရှိပါတယ်။ ASHကတော့အဖွဲ့နဲ့လှုပ်ရှားတာ မဟုတ်ဘဲတကိုယ်တော်ရေးလေ့ရှိတယ်လို့ဆိုပါတယ်။

နိုင်စွမ်း



ASH ရဲ့ Graffiti ပုံများ (ဓာတ်ပုံ - စိုင်းဇော်/ဧရာဝတီ)





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved