အလယ်တန်းကျောင်းသားချင်းရန်ဖြစ်ရာမှ တဦးသေဆုံး

Sunday, October 5, 2014


 ~



  


ပဲခူးတိုင်း ဥသျှစ်ပင်မြို့ အလယ်တန်းကျောင်းသား ၂ ယောက်  စကားများ  ခိုက်ရန်ဖြစ်ပွားရာကနေ  ကျောင်းသား ၁ ယောက်  ဦးခေါင်းတွင်း ဒဏ်ရာရရှိပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။


           ပြီးခဲ့တဲ့ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့အမှုပါ။

ရန်ဖြစ်တဲ့ကျောင်းသား ၂ ဦးထဲက ၈ တန်းကျောင်းသား မောင်အေးမင်းစိုးမှာ အိမ်ပြန်ရောက်ပြီး ပုံမှန်အတိုင်း ရေချိုး၊ ထမင်းစား ပြုလုပ်ကာ ညအိပ်ယာဝင်စဉ်
ရုတ်တရက် မခံမရပ်နိုင်အောင် ခေါင်းကိုက်ဝေဒနာ ခံစားလာတဲ့အတွက် ညတွင်းချင်း ဆေးရုံပို့ပြီး ဆေးကုသမှုပြုလုပ်ခဲ့ပေမဲ့
နောက်တနေ့မနက် (ဇူလိုင်  ၉ ရက်နေ့)မနက် ၅ နာရီမှာ   သေဆုံးသွားခဲ့တယ်လို့ ကျောင်းသားမိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်အေးက ရှင်းပြပါတယ်။

  ဥသျှစ်ပင် ရဲစခန်းမှာ ပ/ ၇၉ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ နဲ့ သေဆုံးသူရဲ့ ဖခင် ဦးမြင့်လှိုင်က အမှုဖွှင့်တိုင်ကြားခဲ့ပါတယ်။

            အချိန် ၂ လကျော်ကြာ ကြာမြင့်သည့်တိုင်အောင် အမှုက တရားရုံးသို့ မရောက်ရှိတဲ့အတွက် မိသားစုဝင်တွေအနေနဲ့ သေဆုံးသူအတွက် စိတ်မအေးနိုင်ဘူးလို့  မိခင်ဖြစ်သူ ဒေါ်ယဉ်ယဉ်အေးကဆက်ပြောပါတယ်။

            “ ကလေးအချင်းချင်းဖြစ်တယ်ဆိုပေမဲ့ သေလောက်တဲ့အထိ လူတဘက်သားကို ထိခိုက်အောင်လုပ်တာကိုတော့ အပြစ်ပေးစေချင်တယ်။
၂ လကျော်ပြီ။ ဘာမှမထူးသေးလို့ ကျမတို့ဘက်က စိတ်မအေးနိုင်သေးဘူး”

  • ရဲစခန်းရဲ့ ဖြေရှင်းချက်

           ကလေးသူငယ်တရားခွင်အနေနဲ့ စစ်ကြောရမှာဖြစ်တဲ့အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း၊
အမှုတွဲအား စက်တင်ဘာလ ၂၂ ရက်နေ့က ဥပဒေအရာရှိမှ အမှု တည်ဆောက်ပြီးစီးတဲ့အတွက် ၇ တန်းကျောင်းသားကို ချုပ်ရမာန်ယူပြီး ဖမ်းဆီးခဲ့သော်လည်း
အသက်အရွယ်မပြည့်တဲ့ ကလေးငယ်ဖြစ်တာကြောင့် မိဘတွေရဲ့ ခံဝန်ကတိဖြင့် ပြန်လည်ပေးအပ်ထားကြောင်း  ဥသျှစ်ပင်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဆန်းက ဧရာဝတီကိုပြောပါတယ်။

            “ကလေးသူငယ်တရားခွင်ဆိုတာ မြို့နယ်တရားသူကြီး ကိုယ်တိုင်က စစ်ဆေးရတာ။
ကျနော်တို့ ဥသျှစ်ပင်က ပန်းတောင်းမြို့နယ် တရားရုံးမှာ သွားရောက်စစ်ဆေးခံရမှာ၊
ပန်းတောင်းမြို့နယ် တရားသူကြီးက ပြောင်းသွားလို့ အသစ်ရောက်လာမဲ့ မြို့နယ်တရားသူကြီးအသစ်ကို စောင့်နေရတာပါ။
အခုလ ၆ ရက်နေ့လောက်တော့ ရုံးတင်စစ်ဆေးနိုင်မယ်ထင်ပါတယ်”

            ဥသျှစ်ပင်မြို့နယ် ဆေးရုံကဆေးစစ်ချက်တွေအရ ဦးနှောက်အမှေးအထက်အောက်တွင် သွေးယိုခဲမှုဖြင့် သေဆုံးရခြင်းဖြစ်ကြောင်းနဲ့ အချင်းများရန်ဖြစ်ခဲ့ပုံကိုလည်း  စခန်းမှူးက အခုလိုရှင်းပြပါတယ်။

            “သေသွားတဲ့ ၈ တန်းကလေးက လူကောင်ထွားထွား၊ ၇ တန်းကလေးကို ရင်ဘက်ကိုင်ပြီး တွန်းလှဲပစ်လိုက်တာ။
လဲသွားတဲ့ကလေးက  ပန်းပင်ကို ကာထားတဲ့ ဝါးလုံးယူပြီးခေါင်းကို တချက်ထဲရိုက်လိုက်တာ။
အဲဒီ အနီးနားကလူတွေ ဝိုင်းဖြန်ဖြေပြီး ကျောင်းလိုက်ပို့ပေးသေးတယ်။
အဲဒါကို သေသွားတဲ့ ၈ တန်းကလေးက မကျေနပ်သေးလို့ ၇ တန်းခန်းထဲအထိ သစ်သားတုတ်နဲ့ လိုက်ရိုက်လို့ ဟိုကလေးတောင် ခေါင်းဖုသွားတယ်။
အိမ်ရောက်ပြီး ညကျမှ ခေါင်းကိုက်တယ်ဆိုပြီး ညတွင်းချင်းဆေးရုံပို့ မိုးလင်းတော့ ဆုံးသွားတာပါ။
တကယ်အလုပ်ခံရတာ ၇ တန်းကလေးဟိုက ချက်ပဲပြန်ရိုက်လိုက်တာ”

            ဥသျှစ်ပင်မြို့ စခန်းမှူးရဲအုပ် ဦးဝင်းဆန်းက သူ့ရဲ့ ရဲဝန်ထမ်းသက်တမ်းတလျှောက် ကလေးသူငယ် အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည့်အမှုမှာ
ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒီအမှုဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၆ နှစ်ခန့် ကျခံရနိုင်တဲ့ အမှု ဖြစ်ကြောင်း   သိရပါတယ်။
 

 




 ကောင်းမြတ်မင်း

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved