ချင်းပြည်နယ်မှ အရပ်သား ၆ ဦး အမှု

Thursday, October 16, 2014

 .


ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာသို့ ချင်းအမျိုးသားတပ်ဦး (CNF) မှ ၃ ဦး  လက်နက်ကိုယ်စီဖြင့် ရောက်လာပြီး ကောက်သစ်စားပွဲ တက်ရောက်ခဲ့သည်။

   


ဖမ်းဆီးနှိပ်စက်ခံရသည်ဟူသော
ပလက်ဝမြို့ တောင်သူ ၆ ဦး   အကြောင်း စက်တင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင်  သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်   (ဓာတ်ပုံ -  Yen Snaing / The Irrawaddy)

  သြဂုတ်လ ၂၄ ရက်နေ့  ဦးအေးလှ တောင်ယာ  ကောက်သစ်စားပွဲသို့ ရောက်လာသော ထို ၃ ဦးကို မြန်မာ့တပ်မတော်က လိုက်လံ တိုက်ခိုက်ခြင်း ရှိမရှိ မသိရပေ။

သို့သော်လည်း   ရွာသား  ၆ ဦးကို သူပုန်နှင့်အဆက်အသွယ်ပြုလုပ်သည်ဟု ဆိုကာ အမှတ် ၃၄၄ ခြေလျင် တပ်ရင်းက ရက်အနည်းငယ် ထိန်းသိမ်း စစ်ကြောခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

ထိန်းသိမ်းစဉ်ကာလအတွင်း ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ဒေသခံများ ကြောက်ရွံ့နေကြကြောင်း ဒေသခံတို့က ပြောသည်။

ထိုဖြစ်ရပ်အကြောင်း နောက်ဆက်တွဲသတင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာတွင် Chin Farmers Re-Arrested After Accusing Burma Army of Torture ခေါင်းစဉ်ဖြင့် ဖော်ပြထားသည်။
http://www.irrawaddy.org/burma/chin-farmers-re-arrested-accusing-burma-army-torture.html တွင် ဖတ်ရှုနိုင်သည်။
 
ချင်းပြည်နယ်  အပစ်ခတ်ရပ်စဲခြင်း စောင့်ကြည့်ရေးအဖွဲ့ အတွင်းရေးမှူး  ဦးတလွန်ကျဲဆိုက ထိန်းသိမ်းခံရသူများသည် ရိုက်နှက်၊ နေပူလှန်းခံခဲ့ရသည်ဟု  ဧရာဝတီသို့ ပြောသည်။

“တွေ့ရှိတဲ့ သတင်းအချက်အမှန်ကို တင်ပြမယ်။
နောက် ... ပြည်သူလူထုတွေ(ကို) ရိုက်နှက်တာ မလုပ်ဖို့ ကျနော်တို့ တင်ပြမယ်။
 ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ်ကို စာတင်ထားပါတယ်။
စစ်တပ်အစိုးရ ရိုက်နှက်  နှိပ်စက်တာ အမျိုးမျိုး လုပ်ခဲ့တော့ သူတို့တွေက (ဒေသခံတွေက) နောက်တခါ ထပ်လုပ်ခံရမှာကို စိုးရိမ်နေကြတာပါ” ဟု ဦးတလွန်ကျဲဆိုက ဆိုသည်။

  ဒေသခံများကို ရိုက်နှက်သည့်   ခလရ ၃၄၄  မှ ဗိုလ်မှူးတင်ထွန်းဦး အဖွဲ့ကို အရေးယူပေးရန်လည်း တောင်းဆိုထားကြောင်း သူက ဆက်ပြောသည်။

ထိန်းသိမ်းခံရသူ   ချင်းတိုင်းရင်းသား ၆ဦးမှာ ဦးကျော်အောင်၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်မြင့်ဦး၊ ဦးအောင်ကျော်လှ နှင့် ဦးအောင်ဆိုတို့ဖြစ်ကြောင်း၊ ထိုဒေသသည် အိန္ဒိယနယ်စပ်တွင် တည်ရှိကြောင်း သိရသည်။

ဒေသခံ တိုင်းရင်းသား များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုသည် ပြည်တွင်းငြိမ်းချမ်းရေး အတွက် အပြန် အလှန်  ယုံကြည်မှု တည်ဆောက်နေချိန်တွင်
အပစ်ခတ်ရပ်ထားသော ဒေသများမှ ဒေသခံတိုင်းရင်းသားတို့   တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်း ပလက်ဝမြို့နယ်မှ ဒေသခံများက ဆိုသည်။

ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သည့် Gender and Development Initiative မှ ဆလိုင်းအိုက်ဇက်ခင်က
“ရွာသားတွေကို ကိုယ်ထိလက်ရောက်မှုလုပ်တာကတော့ စစ်တပ်ဘက်က ကျူးလွန်တဲ့ သဘောရှိတာပေါ့။ ရွာသားတွေကို ရိုက်နှိပ်တာတွေလုပ်တော့ ဒေသခံတွေက ကြောက်နေကြတယ်။
ရွာမှာနေဖို့ကလည်း လုံခြုံမှုမရှိဘူးလို့ သူတို့ ခံစားနေရတယ်”  ဟု  ဧရာဝတီသို့ ပြောသည်။

.

  •  နန်းဆိုင်နွမ်
    • ဆက်စပ်သတင်း ၂ ပုဒ်


Chin Farmers Who Alleged Army Torture Return to Village
www.irrawaddy.org/burma/chin-farmers-alleged-army-torture-return-village.html


Chin Farmers Re-Arrested After Accusing Burma Army of Torture
http://www.irrawaddy.org/burma/chin-farmers-re-arrested-accusing-burma-army-torture.html

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved