ပြည်မြို့က နိဗ္ဗာန်ဈေးပွဲတော်

Friday, October 10, 2014

  ပြည်မြို့ရွှေတံခါး (၂)လမ်းပေါ်က အောင်ချမ်းသာဘုရား နိဗ္ဗာန်ဈေးပွဲတော်ကို နှစ်စဉ် သတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့တာ (၉) ကြိမ်မြောက်ဖြစ်ခဲ့ပါပြီ။ 


ပြည်မြို့က နိဗ္ဗာန်ဈေးပွဲတော်၊ ဓာတ်ပုံ- ကောင်းမြတ်မင်း/ ဧရာဝတီ


 နိဗ္ဗာန်ဈေးပွဲတော်ဆိုတာ မည်သူမဆို လက်မှတ်ကိုတန်းစီစောင့်ပြီး လက်မှတ်ပါ နံပါတ်နဲ့ကိုက်ညီ တဲ့ ဈေးတန်းထဲက အလှူရှင်တွေရဲ့ ဆိုင်မှာ သွားရောက်ပြီး ထုတ်ယူရတဲ့ ပျော်ရွှင်စရာအလှူပွဲကြီး တခုဖြစ်ပါတယ်။ 

 ဒီနှစ်တော့ အောင်ချမ်းသာဘုရား နိဗ္ဗာန်ဈေးပွဲတော်မှာတော့ လာရောက်လှူဒါန်းတဲ့ ဆိုင်ရှင်ပေါင်း (၇၀) ရှိပြီး စုစုပေါင်း ပေးလှူမည့် လက်မှတ် အစောင်   (၇,၀၀၀) ရှိပါတယ်။ 

လက်မှတ် တန်းစီစောင့်စရာမလို၊ မည်သူမဆို အဆင်သင့် စားသုံးနိုင်ဖို့ စတုဒီသာအဖြစ် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲနဲ့ သီးစုံဒန်ပေါက်လှူဒါန်းသူတွေလည်း ရှိပါတယ်။ 

 စေတနာသုံးတန်ပြဋ္ဌာန်းတဲ့အလှူဖြစ်လို့ မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေကို စံနမူနာပြတဲ့အနေနဲ့ နှစ်စဉ် ကျင်းပရခြင်းဖြစ်သလို တကယ်လိုအပ်တဲ့လူကို လှူဒါန်းတဲ့အလှူဖြစ်လို့ ရင်ထဲမှာပီတိဖြစ်ရကြောင်း နိဗ္ဗာန်ဈေးပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းကပြောပါတယ်။ 

“ လှူတယ်ဆိုရင် စေတနာသုံးတန်ပြဋ္ဌာန်းတဲ့အလှူမျိုးကို လှူစေချင်လို့ အခုလို ဘယ်သူဘယ်ဝါ ဆိုတာမျိုး မဟုတ်ပဲ၊ လိုအပ်တဲ့လူကို လှူဒါန်းကြတာပါ။ တချို့ TV တွေပေါက်လို့ ကခုန်ပြီး TV ထမ်းပြီး ပြန်သွားတဲ့ မြင် ကွင်း မျိုးကို ကျနော်တို့ မြင်တဲ့အခါ နောက်နှစ်ဆို ဒီထပ်ပို့ပြီး လှူနိုင်အောင်ကြိုးစားမယ် ဆိုတဲ့ စိတ်ဓာတ် ခွန်အားတွေ ပြန်ရတယ်။” လို့ သူက ဆိုပါတယ်။

တနှစ်ထက်တနှစ် လာရောက်တန်းစီအလှူခံသူများ တိုးပွားလာကြောင်းနဲ့ ကျွေးလို့မလောက် လှူလို့ မလောက် ဖြစ်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

 “ ကျနော်တို့ လှူတာ ကိုးကြိမ်ရှိပြီ၊ စိတ်မကောင်းဖြစ်ရတာက စတုဒီသာကို ဘယ်လောက်ကျွေးကျွေး 
လောက်တယ်လို့ မရှိဘူး။ လှူတဲ့ပစ္စည်းတွေလဲ လောက်တယ်လို့ကို မရှိဘူး။ တနှစ်ထက်တနှစ် အလှူခံ လာတဲ့ လူတွေက ပို့များများလာတယ်။ လက်မှတ်ပေးတဲ့ အချိန်က ညနေ ၅ နာရီခွဲမှ နေ့လည် ၁၂ နာရီထဲ က နေပူကြီးထဲမှာ လာတန်းစီနေကြတာမြင်တဲ့အတိုင်းပဲ။ တချို့က ရွာတွေကနေတောင်လာကြတာ” ဦးစိုးဝင်းက ပြောပါတယ်။

 ပြည်မြို့ ရွှေတံခါး အပိုင်း (၁၊၂၊၃၊၄) အပြင် အနီးအနားကျေးရွာတွေကလည်း လာရောက်ကြတယ်လို့ သိရပါတယ်။


 ပြည်မြို့မှာတော့ အောင်ချမ်းသာဘုရားနိဗ္ဗာန်ဈေးပွဲတော်ဟာ အလှူခံတွေအများဆုံးလာရောက်လေ့ ရှိသလို တရုတ်စုရပ်ကွက်၊ ရွှေတံခါး (၆)လမ်းတွေမှာလဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်လှူဒါန်းလေ့ ရှိပါတယ်။ 

ဆိုင်းခန်းပေါင်း (၇၀) မှာတော့ ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေအပြင် TV၊ ရေခဲသေတ္တာ၊ ထမင်းပေါင်းအိုးတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ 

လာရောက်လှူဒါန်းတဲ့ အလှူရှင် မဝင့်ဝါ့မောင်ကလည်း “ ကျမတို့ ဒီလမ်းထဲကို မနှစ်ကမှရောက်လာတာ။ ဒီနှစ်စလှူတာ။ ငါးသိန်းဖိုးလောက်လှူဖြစ်တယ်။ အဓိကမရှိတဲ့လူကို လှူရတာပိုသဘောကျလို့ပါ။ နောက်
နှစ်တွေ လည်း ဒီထပ်ပိုပြီးလှူအုံးမှာပါ” လို့ ပြောပါတယ်။

ထောင်နဲ့ချီတဲ့လူတန်းကြီးထဲမှာတော့ ကလေးငယ်တွေကို အများဆုံးမြင်တွေ့ရပြီး အရွယ်သုံးပါးစလုံး လာရောက်တန်းစီပြီး လက်မှတ်ပေးမဏ္ဍပ်အနားရောက်ဖို့ စိတ်ရှည်လက်ရှည် သည်းခံပြီး လမ်းမကြီးပေါ် မှာစောင့်နေပါတယ်။ 


နောက်နှစ်တွေမှာလည်း အလှူခံလာမဲ့ ပုဂ္ဂိုလ်တွေ ဒီထပ်များလာမလား၊ နည်းသွားမလားဆိုတာတော့ မပြောတက်ပေမဲ့ နိဗ္ဗာန်ဈေးပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ဦးစိုးဝင်းကတော့ ပြည်သူလူထု ဆင်းရဲနေရတာမြင်တော့ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။ 

 “ လှူရတန်းရတာတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ဆင်းရဲ မွဲတေနေရ တာမြင်ရပြန်တော့ စိတ်မကောင်းဘူး။ နောက်နှစ်တွေမှာ ဒီထပ်ပိုပြီးလှူဒါန်းချင်ပေမဲ့ အလှူခံ
တွေ ဒီထက်ပိုများ မလာစေချင်ဘူး” လို့ သူက ဆိုပါတယ်။ 














ကောင်းမြတ်မင်း ~














 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved